စက္ကူညှပ်စစ်ဆင်ရေး
ဂျာမန်သိပ္ပံပညာရှင်များ (ယခင် နာဇီမှလူများအပါအဝင်) အမေရိကန်အတွက်အလုပ်လုပ်ရန် အမေရိကန်သို့ / From Wikipedia, the free encyclopedia
စက္ကူညှပ်စစ်ဆင်ရေး (အင်္ဂလိပ်: Operation paperclip) သည် တပ်မတော်စီအိုင်စီမှ အထူးအေးဂျင့်များက ပင်တိုင်ဆောင်ရွက်ခဲ့သည့် တွဲဘက်ထောက်လှမ်းရေးရည်မှန်းချက်များအေဂျင်စီ (JIOA) ၏ လျှို့ဝှက်လုပ်ငန်း တခုဖြစ်သည်။ ထိုစစ်ဆင်ရေးတွင် Wernher von Braun နှင့် သူ၏ V-2 rocket အဖွဲ့ကဲ့သို့ ဂျာမန်သိပ္ပံပညာရှင် ၊ အင်ဂျင်နီယာများ နှင့် နည်းပညာရှင်ပေါင်း ၁၆၀၀ ကျော်ကို ယူအက်စ်အစိုးရအလုပ်အကိုင်လုပ်ဆောင်ရန် ဂျာမဏီနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ၁၉၄၅ ခုနှစ်မှ ၁၉၅၉ ခုနှစ်ကာလအတွင်း ခေါ်ဆောင်လာခဲ့သည်။ ထိုသူများစွာမှာ နာဇီပါတီ အဖွဲ့ဝင်ဟောင်းများ နှင့် အချို့မှာ ခေါင်းဆောင်ဟောင်းများ ဖြစ်ကြသည်။[1][2]
စက္ကူညှပ်စစ်ဆင်ရေး၏ ပင်မရည်ရွယ်ချက်မှာ ဆိုဗီယက်-အမေရိကန် စစ်အေးတိုက်ပွဲ နှင့် အာကာသ အပြေးပြိုင်ပွဲတွင် ယူအက်စ်စစ်တပ် အသာစီးရစေရန်ဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စုက ၁၉၄၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက် ညတွင်းချင်း ဂျာမန်ပညာရှင် ၂၂၀၀ ကျော်နှင့် ၎င်းတို့၏မိသားစုဝင် စုစုပေါင်း ၆၀၀၀ ကျော်ကို Operation Osoaviakhim ဖြင့် အင်အားသုံးလူစုဆောင်းခဲ့သဖြင့် ပို၍အကြမ်းပတမ်းနိုင်သည်ဟု ဆိုရမည်။ [3]
တွဲဘက်အရာရှိချုပ်များ (JCS) က အော်ပရေးရှင်းအိုဗာကာ့စ်တ် ဟု အမည်တွင်သည့် ပထမဆုံးသော လျှို့ဝှက် အလုပ် ခန့်အပ်ရေးပရိုဂရမ်ကို ပထမပိုင်း၌ “ဂျပန်စစ်ပွဲကို ထိန်းချုပ်ကန့်သတ်ရာတွင် အထောက်အပံ့ပြုရန် နှင့် စစ်ပြီးကာလ စစ်ဘက်ဆိုင်ရာ သုတေသနကို အားဖြည့်ရန်” ၁၉၄၅ ခုနှစ် ဇူလိုင် ၂၀ တွင် စတင်တည်ထောင်ခဲ့သည်။[4] “အိုဗာကာ့စ်တ်” ဟူသည့် အမည်မှာ မူလက ဂျာမန်သိပ္ပံပညာရှင်များ၏ မိသားစုဝင်များက ဘာဗေးရီးယားရှိ ၎င်းတို့အား ထိန်းသိမ်းထားရာ အိမ်ရာစခန်းအား ပေးခဲ့သည့်အမည်ဖြစ်သည်။[5] ၁၉၄၅ နွေနှောင်းကာလတွင် JCS က ပူးတွဲထောက်လှမ်းရေးရပ်ဝန်း ကော်မတီခွဲ တခုဖြစ်သည့် JIOA ကို နောက်ပိုင်းတွင် အော်ပရေးရှင်း ပေပါကလစ်ပ်ဖြစ်လာမည့် အော်ပရေးရှင်းအိုဗာကာ့စ်တ်အား တိုက်ရိုက်ကြီးကြပ်ရန် တည်ထောင်ခဲ့သည်။[6] JIOA ကိုယ်စားလှယ်များတွင် စစ်ဘက်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ၊ ရေတပ်ထောက်လှမ်းရေးအကြီးအကဲ ၊ လေတပ်ဝန်ထမ်း-၂ (လေတပ် ထောက်လှမ်းရေး) လက်ထောက်အကြီးအကဲ နှင့် ဖက်ဒရယ်အုပ်ချုပ်ရေးဌာနမှ အမှုဆောင်ကိုယ်စားလှယ် တဦးတို့ ပါဝင်သည်။[7] အမေရိကန်ပြည်ထောင်စု၌ အလုပ်ခန့်အပ်လိုသည့် ဒုံးပျံကျွမ်းကျင်သူများ၏ ဖိုလ်ဒါတွင် စက္ကူညှပ်ကလစ်များ တွဲခဲ့သော စစ်လက်နက်ပစ္စည်း တပ်ဖွဲ့ (အမေရိကန်ပြည်ထောင်စုတပ်မတော်) အရာရှိများက ၁၉၄၅ ခုနှစ် နိုဝင်ဘာလတွင် အော်ပရေးရှင်းအိုဗာကာ့စ်တ်ကို အော်ပရေးရှင်းပေပါကလစ်ပ်ဟု အမည်ပြောင်းလဲမှည့်ခေါ်ခဲ့သည်။
၁၉၄၆ စက်တင်ဘာ ၃ ရက်နေ့တွင် ဖြန့်ဝေသော လျှို့ဝှက်ညွှန်ကြားစာတစောင်၌ သမ္မတထရူးမန်းက အော်ပရေးရှင်း ပေပါကလစ်ပ်ကို အတည်ပြုခဲ့ပြီး ဂျာမန်သိပ္ပံပညာရှင် ၁၀၀၀ ကို “ယာယီ ကန့်သတ်စစ်ဘက်စောင့်ကြပ်မှု” အောက်မှ ထည့်သွင်းခဲ့သည်အထိ တိုးချဲ့ခဲ့လေသည်။[8][9][10]