ထိပ်တန်းသားရဲတိရစ္ဆာန် (သို့) တောဘုရင်
၎င်းအား အမဲလိုက်သည့် သားရဲမရှိသော အစာကွင်းဆက်၏ အမြင့်ဆုံးအဆင့်၌ရှိနေသည့် သားရဲတိရစ္ဆာန် / From Wikipedia, the free encyclopedia
ထိပ်တန်းသားရဲ (သို့) တောဘုရင် (ခေါ်) သားရဲ ဦးသျှောင် (အင်္ဂလိပ်: Apex Predator) ဆိုသည်မှာ သဘာဝအတိုင်း ဖြစ်တည်နေမှုတွင် ၎င်းတို့အား အစာအဖြစ် အမဲလိုက်စားသုံးသူ သားရဲမုဆိုးမရှိသည့် သားရဲတိရစ္ဆာန်များကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့သည် အစာကွင်းဆက်၌ ထိပ်ဆုံးအဆင့်မှ ပါဝင်ကြသည်။[မှတ်စု 1][4][5]
ထိပ်တန်းသားရဲ ဆိုသောအသုံးအနှုန်းကို အစာကွင်းဆက်ဆိုင်ရာ သတ်မှတ်ချက်များ၏ ထိပ်ဆုံးနေရာ၌ တည်ရှိနေသော (သို့) ၎င်းနေရာကို ရယူထားသော တိရစ္ဆာန်များအား ရည်ညွှန်းရန် သုံးစွဲလေ့ရှိကြသည်။ ကုန်းပေါ်တွင် နေထိုင်ရှင်သန်ကြသော သက်ရှိများ၏ အစာကွင်းဆက် ချိတ်ဆက်မှုအဆင့်သည် တိုတောင်းလေ့ရှိကြပြီး အမြဲတမ်းလိုလိုပင် ဒုတိယစားသုံးသူများအနေဖြင့်သာ ဖြစ်တည်နေရန် ကန့်သတ်ခံရလေ့ရှိသည်။ ဥပမာအားဖြင့် ဝံပုလွေများသည် ၎င်းတို့၏ အစာအတွက် ကြီးမားသည့် အပင်စား တိရစ္ဆာန်များကိုသာ အမြဲတမ်းနီးပါးအမဲလိုက်ကြသည်။ ထိုအပင်စား တိရစ္ဆာန်များ၏ အစာဖြစ်သည့် အပင်များမှာ ပင်ရင်း(အစာ)ထုတ်လုပ်သူ ဖြစ်သည်။ ဤထိပ်တန်းသားရဲဟူသော သဘောတရားများကို တောရိုင်းတိရစ္ဆာန် စီမံခန့်ခွဲရေး၊ ထိန်းသိမ်းစောင့်ရှောက်မှု ဇီဝဗေဒ နှင့် သဘာဝပတ်ဝန်းကျင်ဂေဟဗေဒဆိုင်ရာ ခရီးသွားလုပ်ငန်းများတွင် အသုံးချလာကြလေသည်။
သားရဲ ဦးသျှောင်များတွင် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ဆိုင်ရာ၌ ရှည်လျားသောသမိုင်းကြောင်းရှိခဲ့ပြီး အချိန်ကာလအားဖြင့် ပင်လယ်ပြင်တွင် Anomalocaris ကဲ့သို့သော တိရစ္ဆာန်များ ကြီးစိုးခဲ့ကြသည့် Cambrian ခေတ်ကာလများတွင် နောက်အကျဆုံးစတင်ခဲ့လိမ့်မည်ဟု ခန့်မှန်းကြသည်။
လူသားများသည် တိရစ္ဆာန်များ၊ ကြက်/ငှက်များ၊ ငါးများကို အမဲလိုက်ရာ၌ ဝံပုလွေများ၊ သားရဲငှက်များ၊ တင်ကျီးငှက်များအပါအဝင် သားရဲ ဦးသျှောင် တိရစ္ဆာန်များနှင့် ရာစုနှစ်များစွာ ပတ်သက်ဆက်နွယ်ခဲ့ကြသည်။။ မကြာသေးမီ ကာလများမှစပြီး လူသားများသည် တောဘုရင် သားရဲ ဦးသျှောင် တိရစ္ဆာန်များကို နည်းလမ်းသစ်များဖြင့် ပြန်လည်ပတ်သက်ဆက်နွယ်လာကြသည်။ အဆိုပါလုပ်ဆောင်မှုများတွင် သဘာဝပတ်ဝန်းကျင်ဂေဟဗေဒဆိုင်ရာ ခရီးသွားလုပ်ငန်းများ၏ လုပ်ဆောင်ချက်များမှတဆင့် ကျားငါးမန်းများနှင့် ထိတွေ့ဆက်ဆံမှုများ၊ လျင့်ဇ် ကြောင်မြီးတိုများကို ၎င်းတို့၏ ဒေသရင်းနယ်မြေများသို့ ပြန်လည်ကျက်စားနိုင်စေရန် နယ်မြေဒေသသို့ ပြန်လည်မိတ်ဆက်ပေးခြင်းကဲ့သို့သော တောရိုင်းသဘာဝ ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုများမှတဆင့် ထိတွေ့ဆက်ဆံမှုများ အားလုံးပါဝင်သည်။