တွင်းထွက်ပစ္စည်း
From Wikipedia, the free encyclopedia
ကမ္ဘာမြေကြီး၏ မြေလွှာတွင် ကျောက်အမျိုးမျိုး ပါဝင်ကြသည်။ ထိုကျောက်အမျိုးမျိုးတို့သည် ခနိဇ (ဝါ) တွင်းထွက်ပစ္စည်းများကြောင့် ဖြစ်ပေါ်လာသည်။ ကျောက်တွင် တွင်းထွက်ပစ္စည်း တစ်မျိုးတည်းသာ ပါဝင်သည်လည်း ရှိသည်။ နှစ်မျိုးမက ပါဝင်သည်လည်း ရှိသည်။ သဘာဝအလျောက် ပေါ်ပေါက်သော ဆားကျောက်များတွင် သိပ္ပံနည်းအရ ဆိုဒီယမ် ကလိုရိုက်ခေါ် ဆားဓာတ်ချည်း သက်သက်ပါသည်။ ဂျစ်ပဆမ်ခေါ် ကျောက်တွင် ကယ်လဆီယမ် ဆာလဖိတ်ဓာတ်ချည်း သက်သက်ပါသည်။ သို့ရာတွင် ဂရက်ဖိုက်ကျောက်၌မူကား လချေး၊ ဖဲလစပါး (စဉ့်ကျောက်တစ်မျိုး) ဟူသော ပစ္စည်းတို့ ပါဝင်ကြသည်။ ဤကဲ့သို့သော မြေလွှာရှိ ကျောက်အမျိုးမျိုးတို့ကို ဖန်တီးပေးသော ပစ္စည်းတို့သည် တွင်းထွက်ပစ္စည်းများ ဖြစ်ကြသည်။
တွင်းထွက်ပစ္စည်းတွင် ဒြပ်စင်အများ ပါဝင်သော်လည်း၊ ဓာတ်သဘောအရ ဒြပ်ပေါင်းများအဖြစ် ပေါင်းစပ်သောကြောင့် ယင်းတို့ကို ထုချေခွဲစိတ်ရုံဖြင့် လွယ်ကူစွာ ခွဲထုတ်ရန် မဖြစ်နိုင်ချေ။ ရေနှင့် ပြဒါးမှလွဲလျှင် သဘာဝအလျောက် တွေ့ရသော တွင်းထွက်ပစ္စည်းမှန်သမျှကို အခဲအဖြစ်သာ တွေ့ကြရသည်။ ကျောက်မီးသွေးသည် အလွန်ရှေးကျသောခေတ်က ပေါက်ရောက်ခဲ့သည့် သစ်ပင်များ၏ အကြွင်းအကျန်ဖြစ်၍ တွင်းထွက်ပစ္စည်း အစစ်မဟုတ်ချေ။ သို့သော် တွင်းထွက်ပစစည်းနည်းတူ ဖြစ်ပေါ်လာခြင်း၊ တွင်းထွက်ပစ္စည်း၏ ဂုဏ်အင်္ဂါများရှိခြင်းကြောင့် ယေဘုယျအားဖြင့် တွင်းထွက်ပစ္စည်းအနေနှင့်ပင် ယူဆထားကြသည်။
သိပ္ပံပညာရှင်တို့သည် ယနေ့အထိ တွင်းထွက်ပစ္စည်းပေါင်း ၂၀၀၀ ကျော်ကို တွေ့ရှိခဲ့ကြပြီးဖြစ်သည်။ ယင်းတို့အနက် အမျိုး ၂၀၀ ခန့်ကို ကျောက်များတွင် အတွေ့ရများ၍ အများဆုံးတွေ့ရသော ပစ္စည်းများမှာ အမျိုး ၃၀ ခန့်ရှိသည်။ တွင်းထွက်ပစ္စည်းတို့သည် များသောအားဖြင့် ရှားပါး၍သော်လည်းကောင်း၊ အချို့မှာ လှပသောကြောင့်သော်လည်းကောင်း အဖိုးတန်သည်။
ဒြပ်စင်အချို့ကို တွင်းထွက်ပစ္စည်းအနေနှင့် တွေ့ရတတ်၍ ထိုသို့တွေ့ရသော ဒြပ်စင်များသည် ဓာတ်သဘောအားဖြင့် ထကြွမှု အနည်းဆုံးဖြစ်ကြသည်။ ပလက်တီနမ်၊ ကန့်၊ ကာဗွန်နှင့် ရွှေတို့မှာ အဆိုပါ ဒြပ်စင်မျိုး ဖြစ်ကြသည်။ ဆိုဒီယမ်၊ ကယ်လဆီယမ်နှင့် ကလိုရင်းတို့ကဲ့သို့ ဓာတ်သဘောအားဖြင့် ထကြွသော ဒြပ်စင်များကိုမူ ဒြပ်ပေါင်းများအဖြစ်ဖြင့်သာ အမြဲတမ်းတွေ့ရလေသည်။
ကမ္ဘာပေါ်တွင် ဆီလီကွန်ဒြပ်ပေါင်းများ ပါဝင်သော တွင်းထွက်ပစ္စည်းကို အများဆုံး တွေ့ရသည်။ ဖဲလစပါးနှင့် လချေးတို့သည် ဆီလီကွန်ဒြပ်ပေါင်းများ ပါဝင်သော တွင်းထွက်ပစ္စည်းများ ဖြစ်ကြသည်။ ကာဗွန်ဒြပ်ပေါင်းများကိုလည်း အနှံ့အပြားတွေ့ရ၍ အတွေ့ရ အများဆုံးမှာ ကယ်လဆိုက်ခေါ် ကယ်လဆီယမ် ကာဗွန်နိတ်ဖြစ်သည်။ တွင်းထွက်ပစ္စည်း အသီးသီးတွင် အပေါများဆုံး ပါဝင်သော ဒြပ်စင်မှာ အောက်စီဂျင်ဖြစ်သည်။ ဟင်မတိုက်ခေါ် တွင်းထွက်သံရိုင်းသည် သံနှင့် အောက်စီဂျင်တို့ ပါဝင်သော ဒြပ်ပေါင်းဖြစ်၍ ဆီလီကာဟု ခေါ်သော ကျောက်သလင်းမှာ ဆီလီကွန်နှင့် အောက်စီဂျင်တို့ ပေါင်းစပ်နေသော ဒြပ်ပေါင်းများဖြစ်သည်။