မြေဆီလွှာ
From Wikipedia, the free encyclopedia
မြေဆီလွှာ ဆိုသည်မှာ ကမ္ဘာမြေကြီး၏ အပေါ်ယံတွင် တစ်နေရာနှင့်တစ်နေရာ အထူအပါးချင်း မတူဘဲ လက်မအနည်းငယ်မှ ပေပေါင်းများစွာအထိ ဖုံးလွှမ်းနေသော မြေလွှာပင်ဖြစ်သည်။ မြေဆီလွှာသည် ကျွန်ုပ်တို့အတွက် အလွန်အရေးကြီးပေသည်။ မြေဆီလွှာသာ မရှိပါက အသီးအနှံများလည်း ဖြစ်ထွန်းတော့မည် မဟုတ်ချေ။ အသီးအနှံကို မှီဝဲစားသောက်နေရသော သက်ရှိသတ္တဝါများလည်း အသက်ရှင်နေနိုင်တော့မည် မဟုတ်ချေ။ သို့ဖြစ်၍ ဤမျှအရေးကြီးသော မြေဆီလွှာတွင် မည်သည့်အရာများ ပါဝင်၍ မည်သို့ဖြစ်ပေါ်လာသည်ကို ဆင်ခြင်ကြည့်ကြစို့။ မြေဆီလွှာတွင် အလွန်သေးငယ်သော အမှုန်ကလေး အမြောက်အမြားပါသည်။ မြေမှုန့်တစ်ဆုပ်ကို ယူ၍ သေချာစွာကြည့်လျှင်ထိုမြေမှုန့်ကလေးတို့သည် ကျောက်အစအနကလေးများဖြစ်သည်ကို တွေ့ရသည်။ အချို့မြေမှုန့်တို့မှာ ကျောက်မှုန့်ကလေးမှန်း မသိရအောင်ပင် သေးငယ်ပေသည်။ ဤကျောက်မှုန့် ကလေးများသည် ကျောက်တုံးကျောက်ခဲများ ကြေပျက်၍ ဖြစ်လာကြသည်။ အလွန်မာကျောသော ထိုကျောက်တုံးကျောက်ခဲများကို မြေမှုန့်ဖြစ်ရအောင် မှုန့်မှုန့်ညက်ညက် ကြေပျက်စေသည့် သဘာဝ အင်အားစုများမှာ ရေ၊ လေ၊ အပူ၊ အအေး၊ အပင်များ၊ တီကောင်များနှင့် ပုရွက်ဆိတ်များ ဖြစ်ကြသည်။ ရေသည် ကျောက်ခဲများကို အနည်းနည်းဖြင့် ကြေမွ ပျက်စီးစေနိုင်သည်။ မြစ်များ ချောင်းများ ဖြတ်၍ စီးဆင်းသွားရာဖြစ်သော တောင်ကြားများကို ကြည့်လျှင် တသွင်သွင် စီးနေသော ရေစီးကြောင်းသည် တောင်ကမ်းပါးကိ အစဉ်အမြဲ တိုက်စားနေပုံ၊ တောင်ကမ်းပါးရှိ ကျောက်တုံးကျောက်ခဲများကိုလည်း တိုက်စားနေပုံတို့ကို တွေ့ရမည် ။ ရေစီးကြောင်းသည် ကျောက်တုံးများ ပဲ့ကျ၍ ပါလာသော ကျောက်အစိတ်အပိုင်းများကို မြစ်ကမ်းပါးတလျှောက်တွင် မြစ်ဝသို့တိုင်အောင် နုံးမြေများနှင့် ရော၍ ယူဆောင်သွားသည်။ ဤနည်းဖြင့် ကျောက်တုံး ကျောက်ခဲများသည် အစဉ်အမြဲ ရေ၏ တိုက်စားခြင်းကို ခံရ၍ တဖြည်းဖြည်း ကြေမွပျက်စီးသွားရသည်။ မိုးရေသည်လည်း ကျောက်တုံးကျောက်ခဲများကို ပဲ့ကျကြေမွသွားအောင် ပြုနိုင်ပေသည်။ ပုံစံဆိုသော် ကျောက်တုံးတွင် ပေါင်းစပ်ပါဝင်လျက်ရှိသော ထုံးသည် မိုးရေကြောင့် ပျော်ဝင်ကြေပျက်သွားရာ တဖြည်းဖြည်း ထိုကျောက်တုံးသည် ကွဲအက်ပျက်ပြားသွားရလေ သည်။ ရေကို ခဲစေနိုင်အောင် အေးသော အရပ်များတွင် ကျောက်တုံးကျောက်ခဲများ၌ ဖြစ်ပေါ်နေသော ပပ်ကြားအက်အတွင်းသို့ မိုးရေဝင်နေပြီးလျှင် ရာသီပြောင်း၍ အလွန် အေးသည့်အခါ ထိုမိုးရေသည် ရေခဲအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ရေခဲ၏ ထုထည်သည် မူလရေ၏ ထုထည်ထက်ကြီးထွား ပြန့်ကားလာသဖြင့် ကျောက်တုံးကျောက်ခဲကို တွန်းကန် ခွဲထုတ် ဘိသကဲ့သို့ ပြုသည်။ နောက်ဆုံး၌ ထိုကျောက်တုံး ကျောက်ခဲတို့မှာ ကြေမွ ပျက်ပြားရလေသည်။ လေ၌လည်း ကျောက်များကို ကြွေမွပျက်ပြားသွားအောင် ပြုနိုင်သော သတ္တိရှိသည်။ တောက်ပြောင်သော သံတုံးကို လေသလပ်ခံကြည့်လျှင် မကြာမီ ထိုသံတုံးတွင် သံချေးတက်လာမည် ဖြစ်သည်။ သံချေးတက်လာခြင်းမှာ လေထဲတွင်ပါသော အောက်ဆီဂျင်ဓာတ်နှင့် သံပေါင်းစပ်၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုသံချေးသည် သံမှဖြစ်လာ၍ သံတုံးကို ကြေမွပျက်ပြားစေသည်။ ထို့အတူ ကျောက်တုံးကို ကြေမွပျက်ပြားစေသည်။ ထို့အတူ ကျောက်တုံးတွင်ပါဝင်သော သံသည် လေကြောင့် ပျက်ပြားသွားရာ ကာလကြာမြင့်လေသော် ထိုကျောက်တုံးလည်း ကြေပျက်၍ အမှုန့်များဖြစ်သွားနိုင်သည်။ ထိုကျောက်မှုန့်ကလေးများကို တစ်နေရာမှတစ်နေရာသို့ ရောက်အောင်လေက တိုက်ခတ် သယ်ယူသွားလေသည်။ အပူသည် ကျောက်သားကို ကြွစေသည်။ အအေးသည် ကျုံ့စေသည်။ ဤကဲ့သို့ ကြွချည် ကျုံ့ချည် ဖြစ်ဖန်များသောအခါ ကျောက်သားကို အစိတ်စိတ် အပိုင်းပိုင်း ကျိုးပဲ့၍ ကြေမွ သွားစေနိုင်သည်။ အပင်များ သည်လည်း ကျောက်တုံးကျောက်ခဲများကို ကွဲပျက် ကြေမွစေနိုင်သည်။ ကျောက်တုံး ကျောက်ခဲတို့၏ မျက်နှာပြင်တွင် အထက်ဖော်ပြပါ သဘာဝ အင်အားစု တစ်ခုခုကြောင့် ကြေမွပျော့ညံ့လာသည့်အခါ ကျောက်ကပ်မှော်ကဲ့သို့ အပင်ငယ်ကလေးများသည် ထိုကျောက်တုံးတွင် တွယ်ကပ် ပေါက်ရောက်လာကြ၏။ ထိုကျောက်ကပ်မှော်များ သေ၍ ဆွေးမြည့်သွားသည့်အခါ အချဉ်ဓာတ် ပေါက်လာလျက် ကျောက်သားကို ပို၍ မွလာစေသည့်ပြင် အတွင်းသို့ စားသွားလေသည်။ ထိုနောက် အပင်ကြီးများသည် ထိုနေရာများတွင် အမြစ်စွဲလာလျက် အမြစ်ကြီးများကို ကျောက်တုံး ကျောက်ခဲတို့အား ရစ်ပတ်စေ၍ ဖြစ်စေ၊ အမြစ်သေးအမြစ်မွှားများကို ကျောက်တုံး၏ ပပ်ကြားအက်ကြောင်းများထဲသို့ ထိုးဝင်စေ၍ဖြစ်စေ ကြီးပွားလာကြလေသည်။ ထိုအမြစ်ငယ်ကလေးများ၏ ဖိနှိပ်ခြင်းအားသည် မြေစတုရန်းတစ်လက်မလျှင် အလေးပေါင်ချိန် ၂ဝဝ မှ ၃ဝဝ အထိရှိ၏။ ထိုကြောင့် အလွန်မာကျောသော ကျောက်တုံးကျောက်ခဲများပင် လျှင် အမြစ်တို့၏ စုပေါင်း ဖိနှိပ်ခြင်းအားကို ကြာရှည်စွာ မခံနိုင်သဖြင့် နောက်ဆုံးတွင် ကွဲအက်ပြိုပျက်၍ မြေဆီမှုန့်များ ဖြစ်ရလေသည်။ တီကောင်၊ ပုရွက်ဆိတ် စသော သတ္တဝါကလေးများကလည်း မြေဆီလွှာ ဖြစ်စေနိုင်သေးသည်။ သိပ္ပံပညာကျော် ဒါဝင်သည် တစ်နှစ်လျှင် တီကောင်များက မြေမျက်နှာပြင်သို့ ယူလာသော ပျမ်းမျှတီကျစ်စာသည် စတုရန်းတစ်ပေလျှင် ၇ ပေါင်မျှရှိကြောင်းကို လက်တွေ့ စမ်းသပ်တွေ့ရှိဘူးလေသည်။ ထိုတီကျစ်စာကို ဖြန့်ကြဲလိုက်လျှင် မြေမျက်နှာ စတုရန်း တစ်ပေပေါ်၌ တစ်လက်မ၏ ငါးပုံတစ်ပုံခန့် ထူတက်လာနိုင်သည်။ ပုရွက်ဆိတ်နှင့် မြေတွင်းသို့ ထိုးဖောက်တူးဝင်တတ်ကြသော အခြားပိုးမွှား တိရစ္ဆာန်တို့သည်လည်း လိုဏ်ပေါက်အတွင်းမှ မြေကျစ်စာများကို အပေါ်ယံ မြေပြင်သို့ ထုတ်ယူ တင်ဆောင်လာကြသည်။