ရှာလမိန်း
From Wikipedia, the free encyclopedia
လက်တင်အမည်ဖြင့် ကာရိုလပ် မဂ္ဂနပ်(ချားသဂရိတ်)ဟု ခေါ်တွင်သော ရှားလမိန်းဘုရင်သည် ဥရောပအလယ်ခေတ် သမိုင်းတွင် ဘုန်းလက်ရုံးနှင့် ပြည့်စုံ၍ တန်ခိုးကြီးမားသော ဘုရင်ကြီးတစ်ပါး ဖြစ်ပေသည်။ ဥရောပအလယ်ခေတ် ကဗျာ စာဆိုတို့က တေးကဗျာလင်္ကာတို့ဖြင့် တခမ်းတနား ဖွဲ့ဆို ချီးကျူးကြရသော လူရည်ချွန်ပုဂ္ဂိုလ်ကြီးတစ်ဦးလည်း ဖြစ်သည်။ ခြောက်ရာစုနှစ်လောက်တွင် ရောမနိုင်ငံတော်ကြီး ပျက်သုဉ်းပြီး နောက် ဥရောပတိုက်ရှိ ပြည်နယ်နိုင်ငံများတွင် ယဉ်ကျေးမှုများ ဆုတ်ယုတ်ပျက်ပြား၍ အမှောင်ခေတ်ကြီး ကျရောက်နေခဲ့သည်။ ထိုအမှောင်ခေတ်ကြီးကို ရှားလမိန်းဘုရင်ကြီးသည် မိမိ၏ဘုန်း လက်ရုံးအရောင်ဖြင့် အလင်းဆောင်ပေးကာ ပျက်သုဉ်းနေခဲ့သော ရောမနိုင်ငံတော်ကြီးအား ပြန်၍ အသက်ဝင် လှုပ်ရှားစေခဲ့လေသည်။
'မဟာရှာလမိန်းဟု ကျော်ကြားသည့် ဘုရင်ကို ပြင်သစ်သားတို့က ဂုဏ်ယူစွာ အမှတ်ရကြသည်။ မြင့်မြတ်သည့် ရောမအင်ပါယာ (အနောက်ရောမအင်ပါယာ) ကို ပြန်တည်ထောင်သူ၊ ဆက်ဇွန်နီကို အောင်နိုင်သူ အစရှိသဖြင့် စွမ်းဆောင်ခဲ့သဖြင့် ထိပ်တန်းမင်းဧကရာဇ် တစ်ပါးအဖြစ် သမိုင်းတွင် မှတ်တမ်းတင်သည်။
ရှားလမိန်းဘုရင်သည် ပြင်သစ်နိုင်ငံ အရှေ့မြောက်ဘက် အစွန်နှင့် ရိုင်းမြစ်၏ လက်ယာဘက်ကမ်း တစ်လျောက်ရှိ နေရာတွင် ပေါ်ထွန်းခဲ့သော ဖရန့်နိုင်ငံ၏ ဘုရင်တစ်ပါး ဖြစ်သည်။ ခရစ် ၇၆၈ ခုနှစ်မှ ၈၁၄ ခုနှစ်အထိ ဖရန့်နိုင်ငံ၏ ဘုရင်အဖြစ် အုပ်စိုးခဲ့၍ ၈ဝဝ ပြည့်နှစ်မှ ၈၁၄ ခုနှစ်အထိ အနောက်ရောမ ဘုရင်၏လက်ထက်တွင် ဖရန်နိုင်ငံသည် အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ ဂျာမန်အနွယ် ဘုရင်များ အနက် ဧကရာဇ်ဘွဲ့ကို ပထမဆုံး ခံယူခဲ့သည်။ နန်းသက် ၄၆ နှစ်အတွင်း စစ်ပွဲပေါင်း ၅၂ ပွဲကို စစ်ဆင်တိုက်ခိုက်ခဲ့၍ တိုက် ပွဲတိုင်းတွင် အောင်မြင်သည်သာ များခဲ့သည်။ ကမ္ဘာ့သမိုင်းတွင် စစ်သားကောင်းတစ်ဦး အဖြစ်သာမက အအုပ်အချုပ် လိမ္မာသော နိုင်ငံပြုသုခမိန်တစ်ဦးအဖြစ်လည်း မှတ်တမ်းတင်ကြရလေသည်။
ထိုဘုရင်ကြီးသည် ခရစ်ယန်အယူဝါဒကို ချီးမြှောက်အား ပေးသည်။ ပြည်နယ်အများအပြားကို တိုက်ခိုက် သိမ်းပိုက်နိုင် ခဲ့ရာ နိုင်ငံအတွင်း၌ ဖရန့်၊ လောင်းဗတ်၊ ဆက္ကဆွန်နှင့် ဂျာမန် စသဖြင့် လူမျိုးအမျိုးမျိုး ပါဝင်နေသည်။ မယဉ်ကျေးသေးသော အခြေအနေ၌ ရှိနေသေးသည့် လက်အောက်ခံလူမျိုးများအား ခရစ်ယန်အဖွဲ့အစည်းများ၏ အကူအညီဖြင့် ယဉ်ကျေးအောင် ပြု၍ မိမိ၏တစ်အုပ်တစ်ချုပ်တည်းအောက်တွင် တညီတညွတ် တည်း ရှိစေရန် ကြိုးပမ်းသည်။ ခရစ်ယန်ဘုရားရှိခိုးကျောင်း များကို အနှံ့အပြား တည်ဆောက်၍ ခရစ်ယန်သာသနာပြု လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်သည်။ ပညာ ရေးဘက်၌ တိုးတက်ပြုပြင်ရေးများကို ပြုလုပ်စေပြီးလျှင် ကုန် သွယ်ရေးနှင့် စိုက်ပျိုးရေးဘက်၌လည်း ဖွံ့ဖြိုးတိုးတက်စေသည်။ ရှားလမိန်းဘုရင်ကြီးသည် ဥရောပအလယ်ခေတ် ဘုရင်များ အနက် အနောက်ဥရောပ၏ လူနေမှု၏ လူနေမှုတိုးတက်ရေး အတွက် အဆောင်ရွက်ဆုံးဟု ဆိုရပေမည်။