အဝလွန်ခြင်း
ခန္ဓာကိုယ်မှအဆီပိုများကကျန်းမာရေးကိုထိခိုက်စေသည့်ကျန်းမာရေးအခြေအနေ။ / From Wikipedia, the free encyclopedia
အဝလွန်ခြင်း ဟူသည် ပိုလျှံနေသော ခန္ဓာကိုယ်အဆီများ စုပုံလာပြီး ကျန်းမာရေး အတွက် ဆိုးကျိုးဖြစ်လာစေသော အတိုင်းအတာသို့ရောက်ရှိလာသည့် ကျန်းမာရေးအခြေအနေ ဖြစ်ပြီး ယင်းမှ မျှော်မှန်းထားသောသက်တမ်း ကို တိုစေခြင်း နှင့်/သို့မဟုတ် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ပိုမိုဖြစ်ပေါ်လာ ရန် ဦးတည်ပါသည်။ ကိုယ်အလေးချိန် နှင့် အရပ်ကို နှိုင်းယှဉ်တိုင်းတာမှု ခန္ဓာကိုယ် အလုံးအထည်အညွှန်း (BMI) သည် ကိုယ်အလေးချိန် ၂၅ ကီလို ဂရမ်/စတုရန်းမီတာ နှင့် ၃၀ ကီလိုဂရမ်/စတုရန်းမီတာ အကြား သူများကို ကိုယ်အလေးချိန်ပိုနေသူများ (အဝမလွန်ခင်) ဟုသတ်မှတ်ပြီး ၃၀ ကီလိုဂရမ် /စတုရန်းမီတာ ထက်ပိုများသူတို့ကို အဝလွန်သူ ဟု သတ်မှတ်သည်။
အဝလွန်ခြင်းသည် ရောဂါအမျိုးစုံ ဖြစ်ပေါ်စေရန် ပိုလွယ်ပါသည်။ အထူးသဖြင့် နှလုံးရောဂါ၊ အမျိုးအစား၂ ဆီးချို သွေးချိုရောဂါ ၊ အိပ်နေစဉ် အသက်ရှူခက်ခဲခြင်း၊ အချို့သော ကင်ဆာ အမျိုးအစားများနှင့် အရိုးအဆစ် များရောင်ရမ်းခြင်း တို့ ဖြစ်တတ်သည်။ အဝလွန်ခြင်းသည် အချို့သော သူတို့မှာ ပင်ကိုအားဖြင့် မျိုးရိုး ကြောင့်၊ ဟော်မုန်းများထုတ်ပေးသော အင်ဒိုခရိုင်းစနစ် ချို့ယွင်းခြင်း၊ ဆေးများသောက်သုံးရခြင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာနာမကျန်းခြင်း တို့ကြောင့် ဖြစ်ရသော်လည်း အများစုအားဖြင့် စားသောက်သောအစာတွင်ကယ်လိုရီ အလွန်အကျွံပါဝင်ခြင်း၊ ကိုယ်လက် လှုပ်ရှားမှု မရှိခြင်းနှင့် မျိုးရိုးဗီဇအရ ဖြစ်လွယ်မှု တို့ စုပေါင်းထားခြင်းကြောင့် အဖြစ်များသည်။ အချို့သော အဝလွန် သူများသည် အနည်းငယ်သာစားသော်လည်းကိုယ်အလေးချိန်တိုးရခြင်း မှာ နှေးကွေးသောဇီဝဖြစ်စဉ်များ ကန့်သတ်ခံရခြင်း၊ ပျမ်းမျှအားဖြင့် အဝလွန်သောသူများသည် တိုးလာသော ကိုယ်ခန္ဓာ အလုံးအထည်ကို ထိန်းသိမ်းရန် စွမ်းအင်လိုအပ်ခြင်းကြောင့် ပိန်သောသူများထက်ပိုမို၍ စွမ်းအင်သုံးစွဲရ၍ ဖြစ်သည်ဟူသော အမြင်ကို ထောက်ခံမှု ပြုနိုင်သည့် သက်သေသာဓကများလည်း ရှိသည်။
အစားအသောက်ထိန်းသိမ်းခြင်း နှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်း တို့သည် အဝလွန်ခြင်းအတွက် အဓိက ကုသချက်များဖြစ်သည်။ ထို့အပြင် စွမ်းအင်သိပ်သည်းသော အစာများဖြစ်သည့် အဆီ နှင့် သကြား ပါဝင်မှုမြင့်သော အစာများလျော့စားခြင်း နှင့် အမျှင်ပါဝင်သောအစာ စားသုံးခြင်းကို တိုးမြှင့်၍ အစားအစာ၏ အရည်အသွေးကို ကောင်းမွန်အောင်ပြုရန် အရေးကြီးသည်။ မအောင်မြင်ပါက အဝလွန်ခြင်းမဖြစ်စေသည့်ဆေးဝါး များသောက်ခြင်းဖြင့် အစားစားချင်စိတ်ကို လျော့ချခြင်း သို့မဟုတ် အဆီစုပ်ယူမှုကို တားဆီးခြင်းပြုနိုင်သည်။ အလွန်ဆိုးသော အဖြစ်တို့တွင် အစာအိမ်လက်ခံနိုင်စွမ်း နှင့်/သို့မဟုတ် အူအလျားကို လျော့ချရန် ခွဲစိတ်မှုပြုခြင်း သို့မဟုတ် အစာအိမ်တွင်း ဘောလုံး ထည့်ခြင်းတို့ဖြင့် စောစောအစာဝခြင်းနှင့် အစာမှ အာဟာရများကို စုပ်ယူနိုင်စွမ်းလျော့ကျမှု တို့ကို ဖြစ်စေသည်။
အရွယ်ရောက်သူများ နှင့် ကလေးများ အကြား ဖြစ်ပေါ်ပျံ့နှ့ံခြင်း တိုးပွားလာသော အဝလွန်ရောဂါသည် ကမ္ဘာအနှံ့တွင် ဦးဆောင်နေသော ကာကွယ်မှုပြုနိုင်သည့် သေဆုံးမှုအကြောင်းရင်း တစ်ခုဖြစ်ပြီး အာဏာပိုင်တို့မှ ယင်းကို ၂၁ ရာစု၏ အလွန်ဆိုးဝါးသော လူထုကျန်းမာရေး ပြဿနာများထဲမှ တစ်ခုအဖြစ် မှတ်ယူကြသည်။ အဝလွန်ခြင်းကို ကျွေးနိုင် မွေးနိုင်ခြင်း၏ ပြယုဂ် တစ်ခုအဖြစ် အတိတ်တစ်ချိန်က မှတ်သားခဲ့ကြပြီး၊ ကမ္ဘာ့အချို့နေရာများတွင် ယနေ့ ထက်တိုင် မှတ်နေကြသေးသော်လည်း ယနေ့ခေတ်တွင် (အထူးသဖြင့် အနောက်ကမ္ဘာ တို့၌) အဝလွန်ခြင်းအား ကဲ့ရဲ့အပြစ်ဆို လာပြီ ဖြစ်သည်။
BMI (ဘီအမ်အိုင်) | အဆင့်ခွဲခြားခြင်း |
---|---|
< ၁၈.၅ | အလေးချိန်နည်း |
၁၈.၅–၂၄.၉ | ပုံမှန်အလေးချိန် |
၂၅.၀–၂၉.၉ | ကိုယ်အလေးချိန်ပို |
၃၀.၀–၃၄.၉ | အဆင့် ၁ အဝလွန်ခြင်း |
၃၅.၀–၃၉.၉ | အဆင့် ၂ အဝလွန်ခြင်း |
≥ ၄၀.၀ | အဆင့် ၃ အဝလွန်ခြင်း |