တရုတ်ဒဏ္ဍာရီ
တရုတ်လူမျိုးတို့၏ သမိုင်းအဖြစ်အပျက်ဒဏ္ဍာရီအကြောင်း / From Wikipedia, the free encyclopedia
တရုတ်ဒဏ္ဍာရီ (တရုတ်: 中國神話; ပင်ယင်: Zhōngguó shénhuà) သည် တရုတ်နိုင်ငံ၌ နှုတ်အားဖြင့်သော်လည်းကောင်း စာပေမှတ်တမ်းများဖြင့်သော်လည်းကောင်း လက်ဆင့်ကမ်းသယ်ဆောင်ခဲ့သော ဒဏ္ဍာရီတစ်ခုဖြစ်သည်။ တရုတ်ဒဏ္ဍာရီတွင် ဒေသဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ရိုးရာအစဉ်လာများမှ အမျိုးမျိုးသော ဒဏ္ဍာရီများပါဝင်သည်။ တရုတ်ဒဏ္ဍာရီသည် တစ်မူတည်းဖြစ်သည့် အမျိုးအစားမဟုတ်သကဲ့သို့ ရှေးခေတ်ဟန်လူမျိုးများကြား၌ပင် ပေါင်းစပ်ထည့်သွင်းစနစ်မျိုးလည်းမဟုတ်ပေ။ တိုင်းရင်းသားလူမျိုးများ၊ သမိုင်းခေတ်များ၊ ပထဝီဒေသဆိုင်ရာ နယ်မြေများ၊ အမျိုးမျိုးအစားစားသော လူတန်းစားများ စသည်တို့၏ ရိုးရာအစဉ်လာများ၌ တရုတ်ဒဏ္ဍာရီကို တွေ့ကြုံနိုင်သည်။ တရုတ်ပြည်သည် များပြားလှသော ဒဏ္ဍာရီအစဉ်လာများပေါက်ဖွားရာ ဇာတိလည်းဖြစ်၍ ဟန်လူမျိုးများ၏ ဒဏ္ဍာရီ၊ ဟန်ခေတ်မတိုင်မီ ဟွားရှီးလူမျိုးများ(Huaxia)၏ ဒဏ္ဍာရီ၊ တိဘက်ဒဏ္ဍာရီ၊ တားကစ်ဒဏ္ဍာရီ၊ ကိုရီးယားဒဏ္ဍာရီနှင့် အခြားများစွာသော ဒဏ္ဍာရီများပါဝင်သည်။ သို့သော် တရုတ်ဒဏ္ဍာရီသည် တရုတ်ဘာသာစကား၌ပါသော အကြောင်းအရာများကို အလေးပေးသည့်အနေထားရှိသည်။
ဒဏ္ဍာရီခပ်များများတွင် အံ့ဩဖွယ်ရာကောင်းသော လူနှင့် သက်ရှိများ၊ မှော်အစွမ်း တန်ခိုးအစွမ်းသုံးခြင်း စသဖြင့် စိတ်လှုပ်ရှားစရာကောင်းသော ဇာတ်လမ်းပုံပြင်များပါဝင်သည်။ ထိုကဲ့သို့သောအကြောင်းအရာများသည် ဒဏ္ဍာရီဆန်သော ခေတ်၊ ဒေသများ၌ ထူးထူးခြားခြားဖြစ်ပျက်လေ့ရှိသည်။ အခြားဒဏ္ဍာရီများကဲ့သို့ပင် တရုတ်ဒဏ္ဍာရီကို အချက်လက်မှန်ကန်သောသမိုင်းမှတ်တမ်းများဖြစ်သည်ဟု အတိတ်တစ်ချိန်က ယူဆခဲ့ကြသည်။ အနည်းဆုံး တစ်စိတ်တစ်ပိုင်းမှန်ကန်သည်ဟု ယူဆကြ၏။ တရုတ်ရိုးရာပုံပြင်များနှင့်တကွ တရုတ်ဒဏ္ဍာရီသည် တရုတ်ရိုးရာဘာသာတရား၏ အပိုင်းလည်းဖြစ်သည်။[1] ဟိုးရှေးအတိတ်က ဖြစ်ရပ်များ၊ ဇာတ်ကောင်များနှင့်ပတ်သက်သော ဇာတ်လမ်းများစွာ၌ ရိုးရာပုံစံနှစ်မျိုးရှိသည်။ တစ်ခုမှာ သမိုင်းဝင်ဖြစ်ရပ်ပဖြစ်မှတ်တမ်းတင်သည့် ပုံစံနှင့် အခြားတစ်ခုမှာ ဒဏ္ဍာရီဆန်သောပုံစံဖြစ်သည်။[2].
ဒဏ္ဍာရီများစွာ၌ ဖန်ဆင်းခြင်း၊ စကြဝဠာသဘောတရား၊ နတ်ဘုရားများ၊ နေထိုင်သူများ စသဖြင့်ပါဝင်သည်။ အချို့သောဒဏ္ဍာရီများတွင် ဖန်ဆင်းခြင်းဒဏ္ဍာရီ၊ လူသား၊ သက်မဲ့၊ ယဉ်ကျေးမှုများ၏ ဇာတ်မြစ်များပါဝင်သည်။ အချို့၌ တရုတ်ပြည်၏ဇာတ်မြစ်အကြောင်းပါရှိ၍ အချို့တွင် သမိုင်းမတင်မီခေတ်များ အစဉ်အဆက်ပြသမှုလည်းပါဝင်ရာ ပါဝင်မှုအများအပြား၌ ယဉ်ကျေးမှုနှင့်ပတ်သက်သော သူရဲကောင်း၊ ထိုသူသည် ပြည်သူပြည်သားများအား အိမ်ဆောက်နည်း၊ ချက်ပြုတ်နည်း၊ စာရေးနည်းများကိုသင်ပေးသူ (သို့) တိုင်းရင်းသားမျိုးနွယ်စုမှ (သို့) တော်ဝင်မင်းဆက်မှ ဘိုးဘေးတစ်ဦးဖြစ်ပေမည်။ ဒဏ္ဍာရီများသည် ဓလေ့ထုံးတမ်းများနှင့် နီးနီးကပ်ကပ် ဆက်နွယ်လျက် ရှိ၏။ များစွာသော ဒဏ္ဍာရီများသည် ကပြခြင်း၊ အခမ်းအနားများ၊ ယဇ်ပူဇော်ခြင်းစသည့် ဓလေ့ထုံးတမ်းလုပ်ဆောင်မှုများနှင့် နှုတ်မှုဆိုင်ရာဆက်သွယ်ချက်များဖြစ်၏။