တာကီစတန်
From Wikipedia, the free encyclopedia
တာကီစတန်ဟူသော အမည်သည် အလယ်အာရှဗဟိုဒေသ ကိုခေါ်သော အမည်ဖြစ်သည်။ ရှေးခေတ်က ထိုဒေသတွင် တူရကီလူမျိုးတို့ နေထိုင်ခဲ့ဘူးသည်ကို အစွဲပြု၍ တာကီစတန် ဟု ခေါ်ကြခြင်း ဖြစ်သည်။ ထိုဒေသ၏တည်နေဟန်ကား မြောက်သို့လားသော် ဆိုက်ဘေးရီးယားဒေသ၊ တောင်သို့လားသော် အီရန်၊ အာဖဂန်နစ္စတန်နှင့် တိဗက်ဒေသများ၊ အနောက်သို့လားသော် ကက်စပီယန်ပင်လယ်၊ အရှေ့သို့လားသော် မွန်ဂိုးလီးယား ဂိုဘီသဲကန္တာရ ဟူ၍ ဖြစ်သည်။ စင်စစ်အားဖြင့် တာကီစတန်ဒေသကို နယ်နိမိတ်ခြားနားသတ်မှတ်၍ မဖြစ်နိုင်ချေ။ ပထဝီဝင်သဘော အရ သတ်မှတ်သော ဒေသမျှသာဖြစ်ရာ၊ အနောက်ဘက်တွင် ထိုဒေသသည် ဆိုဗီယက်ရုရှားနိုင်ငံ၏ နယ်နိမိတ်ထဲတွင် ကျရောက်နေ၍၊ အရှေ့ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နယ်နိမိတ်ထဲတွင် ကျရောက်နေသည်။ တောင်ဘက်၌ပင်လျှင် အာဖဂန်နစ္စတန်နိုင်ငံ၏ နယ်နိမိတ်ထဲတွင် တပိုင်းတစ ကျရောက်နေသေး၏။ ထိုဒေသသည် အာရှအလယ်ဗဟိုတွင် တောင်တန်းကြီးများ ဝန်းရံနေသော ပေ ၁ဝဝဝဝ ခန့်မြင့်သည့် ကုန်းမြေဒေသဖြစ်လေသည်။
ရှေးပဝေသဏီက တာကီစတန်သည် ဥရောပတိုက်နှင့် အာရှတိုက်အရှေ့ပိုင်းကို ဆက်သွယ်ပေးသော ပြည်တစ်ပြည်ဖြစ်ခဲ့ဘူး၏။ ထိုစဉ်က ရှေးဟောင်းကုန်သွယ်လမ်းများသည် တာကီစတန်မှတစ်ဆင့် ဖြတ်၍ သွားကြသည်။ ကျောက်မျက်ရတနာများ၊ ပိုးထည်များ၊ သစ်ကြံပိုး၊ ဖာလာ၊ ကရဝေး စသော အမွှေးအကြိုင် ဟင်းခတ်ပစ္စည်းများစသည့် ကုန်စည်တို့သည် အရှေ့နိုင်ငံများမှ အနောက်နိုင်ငံများသို့ တာကီစတန်မှတစ်ဆင့် ရောက်ကြရသည်။ မာကိုပိုလိုဟု အမည်တွင်သော ခရီးသည်ကြီးသည် တရုတ်နိုင်ငံသို့ သွားရာတွင် တာကီစတန်မှတစ်ဆင့် ရောက်ကြရသည်။ မာကိုပိုလိုဟု အမည်တွင်သော ခရီးသည်ကြီးသည် တရုတ်နိုင်ငံသို့ သွားရာတွင် တာကီစတန်ကိုဖြတ်၍ သွားခဲ့သည်။ ထိုပြင်လည်း အိန္ဒိယနိုင်ငံမှ တရုတ်နိုင်ငံသို့ ဗုဒ္ဓသာသနာပြန့်ပွား သည်မှာလည်း တာကီစတန်ပြည်မှတစ်ဆင့် ပြန့်ပွားခြင်းပင်ဖြစ်၏။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း၌ပင်လျှင်၊ ဆိုဗီယက်ပြည်ထောင်စုမှ လက်နက်တို့ကို တရုတ်နိုင်ငံသို့ ပို့ရာဝယ် တာကီစတန်ကို ဖြတ်ပို့ခဲ့ရသည်။