![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/a/aa/Aussenministerium_und_Avenida_de_Portugal.jpg/640px-Aussenministerium_und_Avenida_de_Portugal.jpg&w=640&q=50)
ဒီလီမြို့
From Wikipedia, the free encyclopedia
ဒီလီမြို့ (အင်္ဂလိပ်: Dili) သည် အရှေ့တီမောနိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်သည်။ တီမောကျွန်း၏ မြောက်ဘက်အစွန်ပိုင်းကမ်းခြေတွင် တည်ရှိသည်။ တိုင်းပြည်၏ စီးပွားရေးအတွက် ပင်မမြို့ဖြစ်ကာ အဓိကဆိပ်ကမ်းလည်းဖြစ်သည်။ ဤဒေသသည် အရှေ့တီမောနိုင်ငံမဖြစ်မီ ၁၇၆၉ခုနှစ် ပေါ်တူဂီတို့လက်ထက်ကပင် အဓိကဆိပ်ကမ်းမြို့ ဖြစ်ခဲ့သည်။
ဒီလီမြို့ Dili Díli | |
---|---|
မြို့တော် | |
![]() ဒီလီမြို့ | |
![]() အရှေ့တီမောနိုင်ငံအတွင်းတည်နေရာ | |
ကိုဩဒိနိတ်: 08°33′13″S 125°34′42″E | |
နိုင်ငံ | ![]() |
ခရိုင် | ဒီလီ |
ပေါ်တူဂစ်တီမော၏ မြို့တော် | ၁၇၆၉ |
ဧရိယာ | |
• မြို့တော် | ၁၇၈.၆၂ စတုရန်းကီလိုမီတာ (၆၈.၉၇ စတုရန်းမိုင်) |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၁၁ မီတာ (၃၆ ပေ) |
လူဦးရေ | |
• မြို့ပြကြီး | ၂၃၄,၃၃၁ |
ဤမြို့၏ မူလအစ အခြေချနေထိုင်မှုသည် ယခုလက်ရှိမြို့၏ အရှေ့ဘက်ခြမ်းရှိ ရပ်ကွက်နေရာမှစသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဒီလီဒေသသည် မဟာမိတ်တို့နှင့် ဂျပန်တို့အကြား စစ်ပွဲဖြစ်ပွားရာဒေသဖြစ်ခဲ့သဖြင့် ရာစုနှစ်များစွာ အုပ်စိုးခဲ့သော ပေါ်တူဂီတို့၏ အုပ်ချုပ်မှုမှာ ရပ်တန့်သွားခဲ့သည်။ ဒုတိယကမ္ဘာစစ်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော ဒီလီမြို့ပျက်ကြီးသည် စစ်ကြီးပြီးနောက် ပေါ်တူဂီတို့ထံ ပြန်လည်ရောက်ရှိခဲ့သည်။ ၁၉၇၅ခုနှစ်တွင် တီမောနိုင်ငံရေးပါတီများအကြား အချင်းများခဲ့ကြပြီး လွတ်လပ်ရေးကြေညာရန် ဖြစ်လာခဲ့သည်။ သို့ရာတွင် (၉)ရက်အကြာ၌ အင်ဒိုနီးရှား၏ ကျူးကျော်မှုကို ခံခဲ့ရသည်။ အင်ဒိုနီးရှားတို့လက်အောက်၌ ပြည်နယ်မြို့တော် ဒီလီမြို့၏ အခြေခံအဆောက်အဦးများသည် များစွာတိုးတက်လာပြီး လူဦးရေသည်လည်း (၁၀၀,၀၀၀) အထက်သို့ ရောက်ရှိခဲ့သည်။
အင်ဒိုနီးရှားတို့ကို ပြန်လည်တော်လှန်မှုများ၌ ပြင်းထန်စွာ တုံ့ပြန်ခံရပြီး ဒီလီလူသတ်ပွဲသည် လွတ်လပ်ရေးဆန္ဒခံယူပွဲဖြစ်လာစေရန် နိုင်ငံတကာ၏ ဖိအားပေးမှုကို ခံခဲ့ရစေသည်။ ဆန္ဒခံယူပွဲပြီးနောက် မြို့တော်ဒီလီတွင် အကြမ်းဖက်မှုများ ဖြစ်လာပြီး အခြေခံအဆောက်အဦးများ ပျက်စီးကာ ဒုက္ခသည်အမြောက်အမြား ထွက်ပြေးခဲ့ကြရသည်။ ကုလသမဂ္ဂအုပ်ချုပ်မှုအောက်တွင် နိုင်ငံတကာအကူအညီဖြင့် အခြေခံအဆောက်အဦးများ ပြန်လည်တည်ဆောက်ခဲ့သည်။ ၂၀၀၂ခုနှစ်၌ ဒီလီမြို့သည် လွတ်လပ်သောအရှေ့တီမောနိုင်ငံ၏ မြို့တော်ဖြစ်လာခဲ့သည်။ ၂၀၀၆ခုနှစ်အကြမ်းဖက်မှုများတွင် အခြေခံအဆောက်အဦးများ ပျက်စီးပြန်ကာ လူများထွက်ပြေးခဲ့ရပြန်သည်။ ၂၀၀၉ခုနှစ်တွင် အစိုးရက ငြိမ်းချမ်းရေးမြို့စီမံကိန်း စတင်ခဲ့သည်။ လူဦးရေတိုးလာသည်နှင့်အမျှ မြို့ကိုမူလနေရာမှ အရှေ့ဘက်နှင့်တောင်ဘက်ရှိ ကမ်းခြေဒေသများသို့ တိုးချဲ့လာခဲ့သည်။
ဒီလီမြို့သည် အရှေ့တီမောနိုင်ငံ၏ ပထမဆုံးသော (၂၄)နာရီ လျှပ်စစ်မီးရရှိသည့်မြို့ဖြစ်သည်။ သို့ရာတွင် ရေအတွက် ခက်ခဲနေဆဲဖြစ်သည်။ ဒီလီ၏ပညာရေးသည် တိုင်းပြည်၏ပညာရေးနှင့်ယှဉ်ပါက မြင့်မားသည်။ နိုင်ငံတကာဆိပ်ကမ်း၊ လေဆိပ်တို့ရှိသည်။ တိုင်းပြည်၏ အနာဂတ်စီးပွားရေးအတွက် အစိုးရအနေဖြင့် ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်နှင့် သမိုင်းကြောင်းတို့ကို အမှီပြုကာ ခရီးသွားကဏ္ဍကို မြှင့်တင်ရန် စီစဉ်နေကြသည်။