ဗြဟ္မီ အရေးအသား
From Wikipedia, the free encyclopedia
ဗြဟ္မီပွား အရေးအသားများ (Brahmic scripts) သည် အိန္ဒိယနိုင်ငံရှိ ဗြဟ္မီအက္ခရာမှ ဆင်းသက်ပေါက်ဖွားလာသည့် အရေးအသားများ ဖြစ်ကြသည်။ ဥပမာအားဖြင့် သက္ကတစာ၊ ဘင်္ဂါလီစာ၊ သီဟိုဠ်စာ၊ တမိလ်စာ၊ တိဘက်စာ၊ မြန်မာစာ၊ ထိုင်းစာ၊ လော(လာအို)စာ၊ ခမာစာ အစရှိသည်တို့သည် ထင်ရှားသော ဗြဟ္မီပွား အရေးအသားများ ဖြစ်ကြသည်။ ဗြဟ္မီပွား အရေးအသားများသည် အာဘူဂီဒါ(Abugida) ခေါ် စာရေးသားနည်းစနစ် အမျိုးအစားတွင် ပါဝင်ကြသည်။
ဗြဟ္မီပွား အရေးအသားများကို အိန္ဒိယဒေသ၊ တိဘက်နှင့် အရှေ့တောင်အာရှဒေသတို့တွင် အဓိက အသုံးပြုကြသည်။ အထူးသဖြင့် အင်ဒို-ဥရောပ ဘာသာစကားများ၊ ဒြဝိဒိယန် ဘာသာစကားများ၊ တိဘက်-ဗမာ ဘာသာစကားများ၊ မွန်-ခမာ ဘာသာစကားများ၊ တိုင်-ရှမ်း ဘာသာစကားများ၊ မလ္လာယု-ပိုလီနီးရှား ဘာသာစကားများကို ရေးသားဖော်ပြရန် သုံးကြသည်။
ဗြဟ္မီပွား အရေးအသားများကို အိန္ဒိယနှင့် အရှေ့တောင်အာရှဒေသတွင်သာမက တရုတ်၊ဂျပန်၊ ကိုရီးယားနိုင်ငံများတွင်လည်း တွေ့ရသည်။ ရှေးအခါက မဟာယာနကျမ်းစာများကို သိဒ္ဓံ ဟု ခေါ်သည့် ဗြဟ္မီပွားအက္ခရာတစ်မျိုးဖြင့် ရေးသားလေ့ ရှိကြသည်။ ယင်းကဲ့သို့ သိဒ္ဓံအက္ခရာဖြင့် ရေးထားသော ကျမ်းစာများသည် တရုတ်၊ဂျပန် နိုင်ငံတို့၌ ရှိနေဆဲဖြစ်သည်။ ဂျပန်နိုင်ငံတွင်ဆိုလျှင် ရှင်ဂွန်းဂိုဏ်းမှ ဘုန်းကြီးများသည် သိဒ္ဓံအက္ခရာဖြင့် ကျမ်းစာများ ရေးသားနေကြဆဲ ဖြစ်လေသည်။ ထို့အပြင် ဂျပန်စာမှ ကာတာကာနာ နှင့် ဟီရာဂါနာ အက္ခရာများ၏ ဗျည်း၊သရ အစီအစဉ်များမှာ ဗြဟ္မီပွား အရေးအသားများ၏ အစီအစဉ်နှင့် တူနေသည်။