ဘွန်ဇိုင်းပင်
အရွယ်သေးငယ်အောင်တရုတ်တို့စတင်ပြုပြင်ခဲ့ကြသောအပင်များ / From Wikipedia, the free encyclopedia
ဘွန်ဇိုင်းပင် (သို့) သက်ကြီးပုပင်များ ကိုမျက်မှောက်ကာလတွင် ကမ္ဘာတစ်လွှားမှ သစ်ပင်ပန်းပင်ဝါသနာရှင်များသည် ဘွန်ဇိုင်းပင် (Bonsai) စိုက်ပျိုးခြင်းကိုအာရုံစိုက်လာကြသည်။ ဘွန်ဇိုင်းပင် (ခေါ်) သက်ကြီးပုပင်များ (သို့) သစ်ကျုံ့ပင်များကို စိုက်ပျိုးရာတွင် ကျယ်ဝန်းသောမြေနေရာမလိုအပ်ဘဲ သေးငယ်သောပန်းအိုလေးထဲများတွင် အလွယ်တကူ အဆင်ပြေစွာစိုက်ပျိုးနိုင်သည်။ ပန်းပင်နှစ်သက်မြတ်နိုးသူ ဝါသနာရှင်များအနေဖြင့် မိမိကရိကထခံပြီး နေ့စဉ်ပြုလုပ်စောင့်ရှောက်ဖန်တီးပုံသွင်းထားသော ဘွန်ဇိုင်းပင်ကလေးများကို ဂုဏ်ယူစွာဖြင့် ပီတိဖြာကြည်နူးနိုင်သောကြောင့် ဘွန်ဇိုင်းစိုက်ပျိုးခြင်းသည် စိတ်ကိုကြည်လင်လန်းဆန်းစေပြီး အပန်းပြေနိုင်သော ဝါသနာဘာဂီတစ်ရပ်လည်းဖြစ်သည်။ ဘွန်ဇိုင်းဆိုသည်မှာ ဂျပန် ဝေါဟာရဖြစ်ပြီး (Bon) ဆိုသည်မှာ ဇောက်တိမ်သောအိုးပြားပြားဟုလည်းကောင်း၊ (Sai) ဆိုသည်မှာ ရှင်သန်နေသောအပင်ကလေးဟု အဓိပ္ပာယ်ရသည်။ တိမ်သောအိုးပြားပြားတွင်အသက်ရှင်နေသောအပင်ငယ်လေးဟုအဓိပ္ပာယ်ရသည်။ ဘွန်ဇိုင်းဆိုသည်မှာ ဂရုတစိုက်ပြုစုစောင့်ရှောက်စိုက်ပျိုးရသောအတတ်ပညာဖြစ်သည်။ အချို့ကပန်းအိုးဖြင့် စိုက်ပျိုးထားသောဘွန်ဇိုင်းပင်ကလေးများကို စွဲစွဲလမ်းလမ်း အမြတ်တနိုးတန်ဖိုးထားပြီး ဂရုတစိုက် ကရိကထခံပြီးပြုစုစောင့်ရှောက်ဖန်တီးပုံသွင်းရသော အတတ်ပညာဟုအနက်အဓိပ္ပာယ်ဖွင့်ဆိုကြသည်။