ရုရှား တပ်မတော်
From Wikipedia, the free encyclopedia
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ တပ်မတော်(ရုရှား: Вооружённые си́лы Росси́йской Федера́ции, tr. Vooruzhonnije síly Rossíyskoj Federátsii)အား များသောအားဖြင့် ရုရှား တပ်မတော်ဟု ဆိုကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ စစ်အင်အားစုအဖြစ် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
၁၉၉၂ ခုနှစ် မေလ ၇ ရက်နေ့တွင် ဘော့ရစ် ယဲ့ဆင်သည် ရုရှားကာကွယ်ရေးဝန်ကြီးဌာနအား တည်ထောင်သည့် သမ္မတအမိန့်အား လက်မှတ်ရေးထိုးခဲ့ပြီးနောက် ရုရှား၏ ထိန်းချုပ်မှုအောက်တွင်ရှိသော ရုရှား ဆိုဗီယက် ဖက်ဒရယ်ဆိုရှယ်လစ် သမ္မနိုင်ငံ၏ နယ်နိမိတ်အတွင်းရှိ ဆိုဗီယက်တပ်မတော်အားလုံးနေရာတွင် အစားထိုးချထားခဲ့သည်။[1] ရုရှားတပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်မှာ ရုရှားသမ္မတဖြစ်သည်။ ရုရှားတပ်မတော်အား ၁၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ရုရှားတပ်မတော်သည် ဥရောပတွင် အင်အားအကြီးမားဆုံးသော တပ်မတော်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ အကြီးဆုံးတပ်မတော်များထဲမှ တစ်ခုလည်း ဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Credit Suisse ဘဏ်လုပ်ငန်း၏ လေ့လာချက်များအရ ရုရှားသည် ကမ္ဘာပေါ်ရှိ ဒုတိယမြောက် အင်အားအကြီးဆုံး တပ်မတော်ကို ပိုင်ဆိုင်ထားသော နိုင်ငံဖြစ်သည်။[2] ရုရှားတပ်မတော်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်များ အများဆုံးပိုင်ဆိုင်သော တပ်မတော်လည်း ဖြစ်သည်။[3]
ရုရှားဖက်ဒရယ်ဥပဒေ၏ အောက်၌ ရုရှားတပ်မတော်သည် ဖက်ဒရယ်လုံခြုံရေးဌာန(Federal Security Service (FSB))၏ နယ်ခြားစောင့် တပ်ဖွဲ့များ၊ အမျိုးသား အစောင့်တပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဖက်ဒရယ်ကာကွယ်ရေးဌာန(Federal Protective Service (FSO))၊ နိုင်ငံရပ်ခြား ထောက်လှမ်းရေးတာဝန်(Foreign Intelligence Service (SVR))နှင့် လူထုကာကွယ်ရေး၊ အရေးပေါ်အခြေအနေနှင့် သဘာဝဘေးအန္တရာယ်၏ အကျိုးဆက်များအား ရှင်းလင်းရေးဝန်ကြီးဌာန( Ministry for Civil Defence, Emergencies and Elimination of Consequences of Natural Disasters) တို့နှင့်အတူ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် စစ်ဖက်တာဝန်များအား ထမ်းဆောင်သည်။