![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/a/a1/Atlanticcharter2.png/640px-Atlanticcharter2.png&w=640&q=50)
အတ္တလန္တိတ် စာချုပ်
From Wikipedia, the free encyclopedia
စိန့်ဂျိမ်းနန်းတော် ကြေညာချက်ထွက်ပြီး မကြာမီ အချိန်တွင် အတ္တလန်တိတ် စာချုပ် (Atlantic Charter) ဟူသော အမည်ဖြင့် ကြေညာချက် တခု ထွက်ပေါ်လာ ခဲ့သည်။ အမေရိကန် သမ္မတ ဖရန်ကလင် ဒီလာနိုးရုစဗဲ့ (Franklin Delno Roosevelt) နှင့် ဗြိတိသျှ ဝန်ကြီးချုပ် ဝင်စတန်ချာချီ (Winston Churchill) တို့ အတ္တလန်တိတ် သမုဒ္ဒရာ အတွင်း အထူးလျှို့ဝှက်စွာ ဆွေးနွေးရာမှ ထွက်ပေါ်လာသော ရလဒ် ဖြစ်သည်။ တွေ့ဆုံကြသည့် နေရာ အတိအကျမှာ နယူးဖောင်လန်ကျွန်း၏ အရှေ့ဘက် ကမ်းရိုးတန်း အနီး အတ္တလန်တိတ် သမုဒ္ဒရာ အတွင်း ပလာဆင့်ရှာ ပင်လယ်အော် (Placentia Bay) ၏ တခုသော နေရာ၌ ကျောက်ဆူးချထားသော ယူအက်(စ)အက်(စ) ဩဂတ်စတာ (USS Augusta) ဖျက်သင်္ဘောပေါ်၌ ဖြစ်၏။ နေ့ရက်သည် ၁၉၄၁ ခု၊ ဩဂုတ် ၁၄ ဖြစ်သည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/a/a1/Atlanticcharter2.png/320px-Atlanticcharter2.png)
ဖက်ဆစ် ဝင်ရိုးတန်း နိုင်ငံတို့ ကြမ်းချင်တိုင်း ကြမ်းနေချိန်၊ ကြမ်းသလောက် ရမ်းသလောက်လည်း အောင်မြင်နေချိန်၊ ဟစ်တလာ၊ မူဆိုလီနီနှင့် ဂျပန် စစ်ခေါင်းဆောင်များ လက်ခမောင်း ခတ်နေသည့် အချိန်ကာလ ဖြစ်၏။ အတ္တလန်တိတ် သမုဒ္ဒရာ၏ နေရာ အနှံ့အပြားတွင် ဂျာမန်တို့၏ လက်ချက်ကြောင့် ဗြိတိသျှ စသည့် မဟာမိတ် သင်္ဘောတို့ တစုပ်စုပ် မြုပ်နေသည့် အချိန်လည်း ဖြစ်၏။ ထိုစဉ်က တခုတည်းသော ဆိုရှယ်လစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စုကိုပင် နာဇီဂျာမနီက စတင် ရန်မူနေလေပြီ။
အမေရိကန်နှင့် ဗြိတိသျှ ထိပ်သီး ခေါင်းဆောင် နှစ်ဦးတို့ တွေ့ဆုံကြသည့် နေရာ၊ အချိန်အခါနှင့် အကြောင်း ကိစ္စတို့မှာ အထူးကိစ္စတို့ ချည်းသာ ဖြစ်ရကား ထိုဆွေးနွေးပွဲမှ ထွက်ပေါ်လာသော ကြေညာချက်သည် မြန်မာ၊ အိန္ဒိယ စသည့် ကိုလိုနီနိုင်ငံများ အပါအဝင် တကမ္ဘာလုံးသို့ ပဲ့တင်ထပ် သွားခဲ့လေ၏။ အတ္တလန်တိတ် စာချုပ်ပါ စာပိုဒ် ၈ ပိုဒ် အနက် စာပိုဒ် ၈ ကို အောက်တွင် အရင်းအတိုင်း တိုက်ရိုက် ဘာသာပြန်၍ ဖော်ပြလိုက်ပါသည်။
"(၈) ဂျာမန် နာဇီ အာဏာရှင်စနစ်ကို အပြီးတိုင် ချေမှုန်းပြီးနောက် နိုင်ငံ အသီးသီးတို့အား ၎င်းတို့ အသီးသီး၏ ပိုင်နက် နယ်နိမိတ် အတွင်း၌ စိတ်ချ လုံခြုံစွာ နေထိုင်နိုင်ကြစေရန် အလို့ငှာ လည်းကောင်း၊ ဒေသ အရပ်ရပ်ရှိ လူအားလုံးတို့အား စိုးရိမ်ကြောင့်ကြ၊ ကြောက်ရွံ့ရမှုနှင့် ဆင်းရဲတောင့်တ အလိုမပြည့်ဝမှုတို့မှ လွတ်ကင်းကြစေရန် အလို့ငှာ လည်းကောင်း၊ လွတ်လပ်စွာ နေထိုင်နိုင်ကြစေခြင်း အလို့ငှာ လည်းကောင်း လိုအပ်သော ငြိမ်းချမ်းရေးကို တည်ဆောက်ရန် ခေါင်းဆောင် နှစ်ဦးတို့က မျှော်မှန်းထားကြကြောင်း …"
ဤအချက်သည် လွန်ခဲ့သည့် နှစ်လခန့်က ထုတ်ပြန်ခဲ့သည့် စိန့်ဂျိမ်းနန်းတော် ကြေညာချက်နှင့် တထပ်တည်းလိုပင် ဖြစ်ပြီး ထပ်လောင်း၍ အားဖြည့် ပေးလိုက်၏။ ထူးခြားချက် နှစ်ရပ်ကား ရှိပေသည်။
ဒုတိယ ကမ္ဘာစစ်ကြီး စောစောပိုင်းတွင် ဗြိတိန်နှင့် ပြင်သစ် စသည့် မဟာမိတ်နိုင်ငံတို့ ဘက်မှ ပါဝင် တိုက်ခိုက်နေကြသော နိုင်ငံတို့အား အမေရိကန် ပြည်ထောင်စုသည် စိတ်ဓာတ်အားဖြင့်သာ ကူညီခဲ့၏။ အတ္တလန်တိတ် စာချုပ် အရမူ စိတ်ဓာတ်အား ပစ္စည်းအင်အားဖြင့် သာမက ကိုယ်ထိလက်ရောက် စိတ်ဓာတ်၊ ပစ္စည်း၊ လက်နက်၊ လူသူ အားလုံး အိတ်သွန်ဖာမှောက် ပါဝင်လာတော့မည်ဟု အမေရိကန်က ကမ္ဘာသို့ ကြေညာလိုက်ဘိ သကဲ့သို့ ရှိ၏။ ဝင်ရိုးတန်း နိုင်ငံတို့ကို စိန်ခေါ် လိုက်ခြင်းပင် ဖြစ်၏။ ဒုတိယကမ္ဘာစစ်တွင် ပြိုင်ဘက် ဖြစ်ကြသော အင်အားစု နှစ်ရပ်တွင် မဟာမိတ်တို့ဘက်က သိသိသာသာကြီး အလေးကဲ သွား၏။ ဤကား အတ္တလန်တိတ် စာချုပ်၏ ပထမ ထူးခြားချက် ဖြစ်၏။