အန္တာတိက
ကမ္ဘာ့တောင်ဝင်ရိုးစွန်းတွင်ရှိသော တိုက်ကြီး / From Wikipedia, the free encyclopedia
အန္တာတိကတိုက် (အင်္ဂလိပ်: Antarctica; ဗြိတိသျှအသံထွက် /ænˈtɑːktɪkə/ သို့မဟုတ် /ænˈtɑːtɪkə/, အမေရိကန်အသံထွက် /æntˈɑːrktɪkə/ ( နားဆင်)) သည် ကမ္ဘာ့တောင်ဘက်ဆုံး တိုက်ကြီး ဖြစ်ပြီး တောင်ဝင်ရိုးစွန်း တည်ရှိရာ နေရာ ဖြစ်သည်။ ကမ္ဘာ့ တောင်ဘက်ခြမ်း အန္တာတိတ် ဒေသအတွင်းတွင် တည်ရှိပြီး အန္တာတိတ် စက်ဝိုင်း၏ တောင်ဘက်တွင် တည်ရှိပြီး တောင်ဘက် သမုဒ္ဒရာက ဝန်းရံထားသည်။ စတုရန်းမိုင်ပေါင်း ၅.၄ သန်း (စတုရန်း ကီလိုမီတာ ၁၄ သန်း) မျှ ကျယ်ဝန်းပြီး အာရှ၊ အာဖရိက၊ မြောက်အမေရိက၊ တောင်အမေရိက တိုက်တို့ပြီးလျှင် ပဉ္စမမြောက် အကြီးဆုံးတိုက် ဖြစ်ပြီး ဧရိယာ၏ ၉၈% သည် ပျမ်းမျှ (၁.၆) ကီလိုမီတာ အထူရှိသည့် ရေခဲများဖြင့် ဖုံးလွှမ်းလျက် ရှိသည်။ အရွယ်အစားအားဖြင့် နှိုင်းယှဉ်ကြည့်ပါက အန္တာတိကတိုက်သည် ဩစတေးလျတိုက်၏ နှစ်ဆမျှ ကျယ်ဝန်းသည်။ အန္တာတိကတိုက်၏ ၉၈ ရာခိုင်နှုန်းသည် ရေခဲများ ဖုံးလွှမ်းနေပြီး ရေခဲထု၏ အထူမှာ ၁.၂ မိုင် (၁.၉ ကီလိုမီတာ) မျှ ရှိပြီး[2] မြောက်ဘက်စွန်း အန္တာတိက ကျွန်းဆွယ်မှ အပ အခြားဒေသအားလုံးကို လွှမ်းခြုံထားသည်။
ဧရိယာ | ၁၄,၀၀၀,၀၀၀ km2 (၅,၄၀၀,၀၀၀ sq mi)[1] |
---|---|
လူဦးရေ | ယာယီနေထိုင်သူ ၅,၀၀၀ |
အင်တာနက်ဒိုမိန်း | .aq |
အန္တာတိကတိုက်သည် ကမ္ဘာပေါ်ရှိ တိုက်ကြီးများတွင် ပျမ်းမျှအားဖြင့် အအေးဆုံး၊ အခြောက်သွေ့ဆုံး၊ လေတိုက်နှုန်းအများဆုံး တိုက်ကြီး ဖြစ်ပြီး တိုက်ကြီးများထဲတွင် ပျမ်းမျှအားဖြင့် အမြင့်ဆုံး ဖြစ်သည်။[3] အန္တာတိက ကမ်းရိုးတန်းတွင် နှစ်စဉ်မိုးရေချိန် ၈ လက်မ (၂၀၀ မီလီမီတာ) မျှသာ ရှိပြီး အတွင်းပိုင်းတွင် ပိုနည်းသွားသဖြင့် ကန္တာရ ဒေသဟု ယူဆနိုင်သည်။ ထို့ကြောင့် အန္တာတိကတိုက်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကန္တာရ ကြီးဖြစ်သည်။ [4] အပူချိန်မှာ အနှုတ် ၈၉ ဒီဂရီ ဆဲလ်စီးယပ်စ် ( အနှုတ် ၁၂၉ ဒီဂရီ ဖာရင်ဟိုက်) အထိ ရှိသည်။ အမြဲတမ်း နေထိုင်သူ မရှိဘဲ တိုက်ကြီးပေါ်ရှိ သုတေသန စခန်းများတွင် နေထိုင်သူ ၁,၀၀၀ မှ ၅,၀၀၀ အထိ ရှိတတ်သည်။ အန္တာတိကတိုက်အား မည်သည်နိုင်ငံမှ မပိုင်ဆိုင်ရဟု သဘောတူညီထားသည်။
တိုက်ကြီးများထဲတွင် အအေးဆုံး၊ အခြောက်သွေ့ဆုံး၊ လေအထန်ဆုံး၊ အမြင့်ဆုံးစသည့် ထူးခြားချက်များ ပိုင်ဆိုင်သည်။ ယင်းကဲ့သို့ အစွန်းရောက်သော ကိန်းဂဏန်းများကို ပိုင်ဆိုင်သော အန္တာတိကတိုက်၏ အခြားထူးခြားချက်နှစ်ခုမှာ မည်သည့်နိုင်ငံကမျှ ပိုင်ဆိုင်ခြင်း မရှိသော ဘုံပိုင်တိုက်ကြီး ဖြစ်ခြင်းနှင့် အတည်တကျနေထိုင်သူတစ်ယောက်မျှ မရှိခြင်း ဖြစ်သည်။ အတည်တကျနေထိုင်သူ မရှိသော်လည်း သိပ္ပံပညာရှင်တို့က လေ့လာရေးစခန်းများ ထူထောင်၍ အလှည့်ကျ နေထိုင်သုတေသနပြုနေကြရာ အန္တာတိကတိုက်ပေါ်ရှိ သိပ္ပံသုတေသနစခန်းပေါင်း (၈၀)ခန့်ရှိသည်။ ပညာရှင်ပေါင်း ၄၀၀၀-ခန့် အလည့်ကျ လာရောက် အလုပ်လုပ် နေသည်။ ၎င်းတို့ထဲတွင် အမေရိကန်ပြည်တွင် နေထိုင်သော မြန်မာအမျိုးသမီး တစ်ဦးပင် ပါခဲ့သည်ဟု သိရသည်။
လူများ အတည်တကျနေထိုင်သူ မရှိသော်လည်း ပင်ဂွင်းငှက်များ အများအပြား ကျက်စားနေထိုင်သည်။ ပင်ဂွင်းငှက်များသည် အတောင်ရှိသော်လည်း မပျံနိုင်သော တိရစ္ဆာန်ဖြစ်သည်။ ပင်ဂွင်းငှက်အုပ်ကြီးကို အန္တာတိကတိုက်၏ ကျွန်းတစ်ကျွန်းတွင် တွေ့ရသည်။ ကမ္ဘာရေခဲပြင်စုစုပေါင်း ဧရိယာ၏ ၈၅-ရာခိုင်နှုန်းသည် အန္တာတိက ဒေသတွင်ရှိ၍ ယင်းကို ရေခဲကန္တာရဟု တင်စားခေါ်ဝေါ်ကြသည်။ ကမ္ဘာပူနွေးလာမှုကြောင့် အန္တာတိကတိုက် ရေခဲပြင်သည် ကမ္ဘာ့မြောက်ခြမ်းရှိ ရေခဲပြင်လောက် အရည်ပျော်မှု မများသော်လည်း ပညာရှင်တို့၏ မူလက ယူဆထားသည်ထက် ပို၍ မြန်ဆန်စွာ အရည်ပျော်နေသည်။ အန္တာတိက ရေခဲပြင်များ၏ အောက်တွင် အရည်ပျော်နေသော ရေကန်များ၊ မြစ်များရှိကြောင်း မကြာသေးမီက ဂြိုဟ်တုတိုင်းတာချက်များအရ တွေ့ရှိရသည်။ တစ်ခါတစ်ရံ အန္တာတိကတိုက် ၏ညကောင်းကင်ယံတွင် အံ့ဩဖွယ်ကောင်းအောင် လှပသော တောင်ပိုင်းဉတ္တရအလင်း Southern Lights သို့မဟုတ် Aurora Australis များကိုတွေ့ရတတ်သည်။ ထိုအလင်းတန်းများကို အန္တာတိကတိုက်၏ ဆောင်းရာသီဖြစ်သော မေလမှ ဩဂုတ်လအတွင်း အများဆုံးတွေ့ရတတ်သည်။ ထူးခြားသည့်ဝင်ရိုးစွန်းဖြစ်စဉ်ကိုလည်း ထိုတိုက်ကြီးတွင် တွေ့ရသည်။ ကမ္ဘာ့ဝင်ရိုးတိမ်းစောင်းမှုကြောင့် ကမ္ဘာမြောက်ဘက်စွန်းနှင့် တောင်ပိုင်းစွန်းတွင်ဖြစ်ပေါ်သည့် ဖြစ်စဉ်သည် အန္တာတိကတိုင်ပေါ်တွင်လည်း ဖြစ်ပေါ်သည်။ ထိုဖြစ်စဉ်မှာ နွေရာသီများတွင် 6 လပတ်လုံးနေ့ကာလပဲ ဖြစ်ပေါ်ပြီး နေရောင်ခြည်ရရှိခြင်းဖြစ်သည်။ ဆန့်ကျင်ဘက် ဆောင်းရာသီများတွင် 6 လပတ်လုံး ညကာလပဲ ဖြစ်ပေါ်ပြီး နေကို လုံးဝမမြင်ရတော့ချေ။ အန္တာတိတ်စက်ဝိုင်း အတွင်းရှိမည့်သည့်နေရာမဆိုယင်းကဲ့သို့ ဖြစ်ပေါ်သည်။ အန္တာတိကတိုက်ကို 1820 ခုနှစ် ဇန်နဝါရီလ တွင်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယခင်အခါက ထိုတိုက်ကြီးကို သွားလာရန် အလွန်ခက်ခဲပြီး စိတ်ကူးတောင်မယဉ်ခဲ့ရပေမယ့် ယခုအခါ ဩစတြေးလျနှင့် နယူးဇီလန် နိုင်ငံများမှ သဘ်ောများနှင့်အလွယ်တကူသွားလာနိုင်ပြီဖြစ်သည်။