From Wikipedia, the free encyclopedia
ခေတ်ဟောင်း ရုပ်ရှင်မင်းသမီးကြီးအာဗာ ဂါ့ဒနာ(Ava Gardner)ကို ၁၉၂၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင်အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်နယ်စမစ်ဖီးလ်ဒ်မြို့တွင် မွေးဖွားခဲ့၏။ မိဘများမှာ 'ဂျိုနာ့စ်'နှင့်'မေရီအယ်လီဇဘက်'တို့ ဖြစ်ကြသည်။ 'ဂါ့ဒနာ'မှာ သားသမီးခုနစ်ယောက်အနက် အထွေးဆုံးသမီးလေး ဖြစ်၏။ ၁၉၂၉ ခုနှစ်က ဘရော့ဒင်ကျောင်းမှ ပထမတန်းကျောင်းသူကလေး 'ဂါ့ဒနာ'သည် ထိုကျောင်းမှတင် ဆက်သောနှင်းဆီအိပ်မက်အမည်ရှိ အော်ပရာကပွဲတွင် ပထမဆုံးအကြိမ် ပါဝင်သရုပ်ဆောင်ခဲ့ရသည်။
ဖခင်'ဂျိုနာ့စ်'မှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သဖြင့်ငွေကြေးပြည့်စုံကုံလုံ၏။ ဆေးရွက်ကြီးစိုက်ခင်း ဝါဂွမ်းစိုက်ခင်းများရှိသည်။ သစ်စက်နှင့် စတိုးဆိုင် တစ်ဆိုင်လည်းဖွင့်လှစ်ထား၏။ ထို့ကြောင့် 'ဂါ့ဒနာ'လေး၏ ငယ်စဉ်ကလေးဘဝမှာ မပူမပင် မကြောင့်မကြ ရှိခဲ့ရသည်။ အတ္တလန္တိတ်မြို့ခရစ်ယန်ကောလိပ်တွင်လည်းတက်ရောက်ဆည်းပူးခဲ့သည်။ ၁၉၄၁ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့တွင် ဟောလိဝုဒ်ရုပ်ရှင်နယ်မြေသို့ 'ဂါ့ဒနာ' စတင်ခြေချလာ၏။ အမ်ဂျီအမ်ကုမ္ပဏီက 'ဂါ့ဒနာ'အား ခုနစ်နှစ်စာချုပ် ချုပ်ဆိုထားသည်။
ကုမ္ပဏီအကြီးအကဲလွစ္စမေယာသည် အနုပညာလုပ်ငန်းနှင့် ပတ်သက်လျှင် အလွန်စေ့စပ်သေချာသူ ဖြစ်၏။ မျက်နှာသစ် မင်းသမီးလေး 'ဂါ့ဒနာ'အား နည်းပြဆရာအမျိုးမျိုးတို့လက်တွင် အပ်နှံကာ လိုအပ်သော အခြေခံသရုပ်ဆောင်ပညာများကို လေ့ကျင့်သင်ကြားပေးစေ၏။ ဤအတွင်းရုပ်ရှင်အတွေ့အကြုံ ရစေရန်အတွက် Calling Dr.Gillespie နှင့် Red Glove Killer ဇာတ်ကားများတွင် 'ဂါ့ဒနာ' အား ဇာတ်ပို့ဇာတ်ရန်အဖြစ် မထင်မရှား ပါဝင်ခဲ့သည်။ 'အမ်ဂျီအမ်' ကုမ္ပဏီတွင် ရုပ်ရှင်အတူရိုက်ရင်း မင်းသား 'မစ်ကီရွန်းနီ'(၂၁နှစ်)နှင့် 'ဂါ့ဒနာ'(၁၉နှစ်)တို့ တွေ့ကြသည်။ နောက်ခြောက်လအကြာ ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် သူတို့နှစ်ဦး လက်ထပ်လိုက်၏။
သို့သော် ငယ်ရွယ်သူနှစ်ဦး၏ အိမ်ထောင်သက်မှာ မကြာလိုက်ရပေ။ အိမ်ထောင်ပြုပြီး ၁၆ လအကြာတွင် သူတို့နှစ်ဦး လမ်းခွဲလိုက်ကြသည်။ 'ဂါ့ဒနာ'အား ခေါင်းဆောင်မင်းသမီးအဖြစ် ပထမဆုံးပါဝင်သော We Were Dancing ဇာတ်ကားမှာလည်း ၁၉၄၂ ခုနှစ်တွင်ပင် ရုံတင်ပြသည်။ ဟောလိဝုဒ်တွင် အလှဘုရင်မဟူသော ဘွဲ့ဖြင့် 'အာဗာ ဂါ့ဒနာ'၏အမည် ထင်ရှားလာ၏။ သန်းကြွယ်သူဌေးကြီး ဟောင်းဝပ်ဟယုချ်နှင့် 'ဂါ့ဒနာ'တို့ ချစ်ကြိုက်နေသော်လည်း ၁၉၄၅ ခုနှစ် အောက်တိုဘာလထဲတွင် တီးဝိုင်းခေါင်းဆောင် အာတီရှောနှင့် လက်ထပ်လိုက်သည်။ ရှော(၃၅ နှစ်)သည် 'အာဗာ'နှင့် မတွေ့မီက အိမ်ထောင်လေးဆက် ကျခဲ့ပြီးဖြစ်၍ အိမ်ထောင်ရေး အတွေ့အကြုံ နည်းပါးလှသေးသော 'အာဗာ' အပေါ်တွင် အစစအရာရာ လွှမ်းမိုးနိုင်ခဲ့သည်။ ယင်းသို့ ဩဇာ လွှမ်းမိုးမှုကြောင့်ပင် သူတို့ အိမ်ထောင်ရေးသည် ၁၉၄၆ ခုနှစ်မှာပင် ပြိုလဲကျသွားခဲ့၏။
မင်းသား ကလပ်ဂေဘယ် မင်းသမီး ဒီဘိုရာကားတို့နှင့်တွဲဖက်ပါဝင်ရသော The Hucksters တွင် ဂါ့ဒနာသည်ပရိသတ်၏ အားပေးချစ်ခင်မှုကို တခဲနက် ရရှိလိုက်၏။ ၁၉၄ဝ ပြည့်လွန်နှစ်များ နှောင်းပိုင်းတွင် 'ဖရင့်ဆင်နာတြာ'နှင့်တွေ့ဆုံမိကြသည်။ 'ဖရင့်'သည် သူ၏ဇနီးနှင့် တရားဝင် ပြတ်စဲပြီးနောက် ၁၉၅၁ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် 'ဂါ့ဒနာ'နှင့် လက်ထပ်လိုက်သည်။ သို့သော် သူတို့အိမ်ထောင် သက်မှာ နှစ်နှစ်သာ ကြာလိုက်ရ၏။ ထိုအချိန်မှစ၍ 'ဂါ့ဒနာ' ၏ဘဝတွင် နောက်ထပ် အိမ်ထောင်သစ် မထူတော့ပေ။ မင်းသမီးကြီးသည် ၁၉၈၆ ခုနှစ်မှစ၍ လေသင်ဓုန်း ဖြတ်ထားခံရသောကြောင့် ကိုယ်အောက်ပိုင်း တစ်ခုလုံး မလှုပ် ရှားနိုင်တော့ပေ။ ရောဂါအမျိုးမျိုးဖိစီးလာသဖြင့် ဟောလိဝုဒ်မှ ဗီဘာလီဟီးလ်စ် နေအိမ်တွင် မနေတော့ဘဲ ဟောလိဝုဒ် အသိုင်းအဝိုင်းနှင့် ဝေးကွာစေရန်အတွက် အင်္ဂလန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။
လန်ဒန်မြို့ ဟိုက်ပတ် ပန်းခြံ၏တစ်ဖက်ရှိ အခန်းစုံတိုက်ခန်း တစ်ခန်းတွင် အိမ်ဖော် အမျိုးသမီးကြီး ကားမင်းဗာဂါးစ်နှင့်အတူနေထိုင်၏။ နှစ်ပေါင်းများစွာ မိမိကျင်လည်ခဲ့သော ဟောလိဝုဒ် ရုပ်ရှင်နယ်က ဇရာ ဖိစီးနေသော မင်းသမီးကြီးအား လျစ်လျူရှုထားသဖြင့် စိတ်နာကာ ယခုလိုအဝေးသို့ စွန့်ခွာထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။ ၁၉၉ဝ ပြည့်နှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်တွင် ထုံးစံအတိုင်း အိမ်ဖော်အမျိုးသမီးကြီးက 'ဂါ့ဒနာ'၏ ခုတင် ပေါ်တွင် နံနက်စောစောကို ပြင်ဆင်ပေးထားခဲ့သည်။ နေမွန်း မတည့်မီ အချိန်လောက်တွင် တစ်ခေါက် ပြန်ဝင်လာသည့်အခါ အသက်ဝိဉာဉ် ကင်းပြတ်နေသော 'ဂါ့ဒနာ'အား အိပ်ရာပေါ်၌ စန့်စန့်ကြီး တွေ့လိုက်ရသည်။
မကွယ်လွန်မီက တစ်ခါတရံ အဆုတ်ထဲဝင်နေသော ရေ များကို အပြင်မှ အတိုင်းသားကြားရသည် ဆို၏။ တစ်ခါက 'အမ်ဂျီအမ်' ကုမ္ပဏီကြီး၏ လက်စွဲမင်းသမီးချော အလှဘုရင်မ သည် ဟောလိဝုဒ် ရုပ်ရှင်နယ်မြေနှင့် ဝေးရာသို့ပုန်းရှောင်ရင်း နောက်ဆုံး အချိန်ပိုင်းကလေးကို မထင်မရှား နေသွားခဲ့ရ၏။ ကွယ်လွန်ချိန်တွင် သူ့အနီး၌ အိမ်ဖော် အမျိုးသမီးကြီး တစ်ယောက်သာ ရှိနေခဲ့ခြင်းမှာလည်း တရားသံဝေဂရဖွယ် ကောင်းလှသည်။ 'ဂါ့ဒနာ' ကွယ်လွန်ကြောင်း သိလျှင်သိချင်း သူမ၏ ခင်ပွန်းဟောင်း မင်းသားကြီး ဖရင့်ဆင်နာတြာက စင်းလုံးငှားလေယာဉ် တစ်စင်းလွှတ်၍ ရုပ်အလောင်းကို ယူဆောင်လာစေသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် သူမ၏ ဇာတိချက်ကြွေဖြစ်သော မြောက်ကာရိုလိုင်း နားပြည်နယ် စမစ်ဖီးလ်မြို့သုဿာန်၌ မြု|ပ်နှံသင်္ဂြိုဟ်လိုက်ကြသည်။ ကျေးလက်ဒေသ၏မြို့ကလေး 'စမစ်ဖီးလ်ဒ်'မှ 'ဂါ့ဒနာ' ထွက်ခွာသွား ခဲ့ပြီး အနှစ် ၅ဝ အကြာတွင်မှ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။
အသုဘချသောနေ့က မိုး သည်းသည်းမည်းမည်း ရွာနေ၏။ ၁၉၄၅ ခုနှစ်က The Bare Foot Contessa ဇာတ်ကားထဲမှ သူမ၏ အသုဘအခမ်းအနားအတိုင်း တသွေမတိမ်း တူညီ နေခြင်းမှာ ထူးဆန်းသော တိုက်ဆိုင်မှုတစ်ခု ဖြစ်သည်။ တစ်ခါက ပရိသတ်များ ဝိုင်းဝိုင်းလည်နေခဲ့သောမင်းသမီးကြီး 'ဂါ့ဒနာ' ၏ နောက်ဆုံးခရီး အသုဘအခမ်းအနားတွင် ဆွေမျိုးမိတ်ဆွေ အယောက် ၅ဝ လောက်သာ တက်ရောက်လာကြသည်။ ဘုန်းတော်ကြီး ' ဖရန်းစစ်စီ ဘရက်ဒ်ရှော့'က သရဏဂုံတင်ပေး၏။ 'ဂါ့ဒနာ'၏ မိခင်ကြီး' မေရီအယ်လိဇဘက်'(မော်လီ) တစ်ခါက ဖွင့်လှစ်ထားခဲ့သော ဘော်ဒါဆောင်လေးကို 'အာဗာဂါ့ဒနာ' ပြတိုက်အဖြစ်သို့ပြောင်းလဲ ဖွင့်လှစ်ထား၏။ ၁၉၈၉ ခုနှစ်ကစာ ရေးဆရာမ'ဂျိမ်းအယ်လင်ဝိန်း'က Ava’s Men (အာဗာ၏ ချစ်သူများ)ဟူသော အမည်ဖြင့် 'အာဗာဂါ့ဒနာ' ၏အတ္ထုပ္ပတ္တိ စာအုပ်ကိုရေးသား ထုတ်ဝေခဲ့ဖူးသည်။ 'အာဗာ ဂါ့ဒနာ'သည်ကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ်အရွယ်ရှိ၏။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.