ဧပြီ ၂၀၁၅ နီပေါ ငလျင်
၂၀၁၅ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ဖြစ်ပြီး လူ ၈,၉၀၀ ခန့် သေဆုံးခဲ့ / From Wikipedia, the free encyclopedia
ဧပြီ ၂၀၁၅ နီပေါငလျင် (ဂေါ်ခါငလျင်)[6][7] သည် ၂၀၁၅ ခုနှစ် ဧပြီ ၂၅ ရက် တနင်္ဂနွေနေ့ နီပေါစံတော်ချိန် ၁၁:၅၆ နာရီ (၆:၁၁:၂၆ UTC) တွင် လှုပ်ခတ်သွားခဲ့သော ပြင်းအား ၇.၈ Mw ရှိ ငလျင် တစ်ခုဖြစ်သည်။ ငလျင်ဗဟိုချက်မှာ နီပေါနိုင်ငံ၊ လမ်ဂျန် ခရိုင် အရှေ့-အရှေ့တောင်ဘက် ၃၄ km (၂၁ mi) အကွာ၊ အနက် ၁၅ km (၉.၃ mi) ကို ဗဟိုပြု၍ လှုပ်ခတ်သွားခြင်း ဖြစ်သည်။[1]
UTC အချိန် | ?? |
---|---|
ရက်စွဲ * | ၂၅ ဧပြီ ၂၀၁၅ (၂၀၁၅-၀၄-၂၅) |
မူလ အချိန် * | ၆:၁၁:၂၆ UTC[1] |
အတိုင်းအတာ | ၇.၈ Mw[1] |
အနက် | ၁၅.၀ ကီလိုမီတာ (၉ မိုင်)[1] |
ငလျင်ဗဟို | 28.147°N 84.708°E / 28.147; 84.708[1] |
အမျိုးအစား | ပြတ်ရွေ့ကြော တိုးထွက်ခြင်း[1] |
သက်ရောက်ဧရိယာ | |
အများဆုံးပြင်းအား | VIII (ပြင်းထန်)[1] |
Aftershocks | ၆.၆ Mw၊ ဧပြီ ၂၅၊ ၀၆:၄၅ နာရီ[2] ၆.၇ Mw၊ ဧပြီ ၂၆၊ ၀၇:၀၉ နာရီ[3] နောက်ဆက်တွဲငလျင်များ = ၁၅၀ (၂၀၁၅ မေ ၁၂ အထိ) |
ထိခိုက်သေကြေမှုများ | ၈,၂၅၉ သေဆုံး (တရားဝင်သတင်း)[4][5] ၁၉,၀၀၉ ဒဏ်ရာရ (တရားဝင်သတင်း) |
* Deprecated | See documentation. |
၁၉၃၄ ခုနှစ် နီပေါ-ဗီဟာ ငလျင်နောက်ပိုင်း နီပေါနိုင်ငံကို ထိခိုက်စေသည့် အင်အားအပြင်းထန်ဆုံး သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်သည်။[8][9][10] နီပေါနိုင်ငံနှင့်ကပ်လျက်တည်ရှိသော အိန္ဒိယ၊ တရုတ် နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒေသများတွင် သေဆုံးမှုများရှိကြောင်း ထုတ်ပြန်ထားသည်။[11]
ငလျင်ကြောင့် ဧဝရတ်တောင်တွင် ဆီးနှင်းရေခဲထုများ တစ်ဟုန်ထိုး ပြိုကျစေခဲ့ကာ အနည်းဆုံး ၁၉ ဦး သေဆုံးခဲ့သည်။[12] လူသေဆုံးမှုမှာ ၂၀၁၄ ခုနှစ် ဧဝရတ်တောင် ဆီးနှင်းပြိုကျမှုကြောင့် သေဆုံးမှုထက် ကျော်လွန်ခဲ့ကာ ဧဝရတ်တောင်တွင် လူအများဆုံးသေဆုံးစေခဲ့သော နေ့တစ်နေ့ဖြစ်ခဲ့သည်။[13] ငလျင်ကြောင့် နီပေါနိုင်ငံနှင့် တိဗက်နယ်စပ်ရှိ လန်တန်တောင်ကြားဒေသတွင်လည်း ဆီးနှင်းရေခဲထုကြီးပြိုကျခဲ့ပြီး လူ ၂၅၀ ခန့် ပျောက်ဆုံးလျက်ရှိသည်။[14][15]
နီပေါနိုင်ငံတစ်ဝန်း ရွာလုံးကျွတ်ပျက်စီးမှုများကြောင့် လူပေါင်းသောင်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြသည်။[14][16][17] ခတ္တမန္ဒူတောင်ကြားဒေသရှိ ခတ္တမန္ဒူ ဒါဘာစကွဲ၏ အချို့နေရာများ၊ ပါတန်ဒါဘာစကွဲနှင့် ဘက်တပါ ဒါဘာစကွဲ အပါအဝင် ရာစုနှစ်များစွာ သက်တမ်းရှိသော ယူနက်စကို ကမ္ဘာ့အမွေအနှစ် အဆောက်အအုံများ လည်း ပျက်စီးခဲ့သည်။ ဘူမိရူပပညာရှင်များနှင့် အခြားပညာရှင်များက နီပေါနိုင်ငံ၏ ပထဝီဝင်၊ လူနေထိုင်မှုနှင့် အဆောက်အအုံဆောက်လုပ်မှုများကြောင့် ငလျင်ဒဏ်ကို ခုခံနိုင်စွမ်းနည်းနိုင်ကြောင်း လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက သတိပေးပြောကြားခဲ့ကြသည်။[18][19]
ဧပြီ ၂၆ ရက် နီပေါစံတော်ချိန် ၁၂:၅၄:၀၈ နာရီတွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၆.၇ ရှိ ငလျင်တစ်ခု အပါအဝင် နီပေါတစ်နိုင်ငံလုံးတွင် နောက်ဆက်တွဲငလျင်များ ၁၅ မိနစ်မှ ၂၀ မိနစ်အတွင်း ဆက်တိုက် လှုပ်ခတ်သွားခဲ့သည်။[3] ငလျင်ကြောင့် မြေပြိုကျမှုအန္တရာယ်နှင့် ကြုံတွေ့နိုင်ဖွယ်ရှိနေသည်။[20]
၂၀၁၅ ခုနှစ် မေလ ၁၂ ရက် နီပေါစံတော်ချိန် ၁၂:၃၅ အချိန်တွင် ပြင်းအား ၇.၃ Mw ရှိ ဒုတိယမြောက် အကြီးစားငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားခဲ့သည်။[21] ငလျင်ဗဟိုချက်မှာ ခတ္တမန္ဒူမြို့တော်နှင့် ဧဝရတ်တောင်တို့အကြားရှိ တရုတ်နယ်စပ်အနီး အနက် ၁၈.၅ km (၁၁.၅ mi) တွင်ဖြစ်သည်။[22] ယင်းငလျင်ကြောင့် လူပေါင်း ၈၀ ကျော်သေဆုံးခဲ့ပြီး ၂,၀၀၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။[23]