ကထာဝတ္ထု
From Wikipedia, the free encyclopedia
Remove ads
ကထာဝတ္ထုသည် ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့ခြင်း မဟုတ်ပါ။ တတိယသင်္ဂါယနာတွင်မောဂ္ဂလိပုတ္တတိဿမထေရ်က ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်များအပေါ် ဗုဒ္ဓဘာသာ ဂိုဏ်းခွဲများက အမျိုးမျိုး ယူဆ အဓိပ္ပာယ်ကောက်ကာ အငြင်းပွားမှုကို အမေးအဖြေပုံစံဖြင့် ဟောကြားချေပကာ စံသတ်မှတ်ထားသည့် အဓိပ္ပာယ်များအား မှတ်တမ်းတင်ထားသော ကျမ်းဖြစ်သည်။
ဘာသာပြန်ဆိုခြင်း
ကထာဝတ္ထုကို Points of Controversy အမည်ဖြင့် ဦးရွှေဇံအောင်နှင့် စီအေအက်ဖ် ရိုင်း ဒေးဗစ်(စ်)တို့က ဘာသာပြန်ဆို၍ ပါဠိစာပေအသင်းမှ ဖြန့်ချိသည်။
ကထာဝတ္ထု
အယူဝါဒနှင့်ဆိုင်သော စကားသည် ကထာမည်၏။ ဖြစ်ရာတည်ရာ (သို့မဟုတ်) အမှန်ထင်ရှား ရှိသောအရာ (အနှစ်သာရ)သည် ဝတ္ထုမည်၏။ ပုဂ္ဂလကထာ၊ ဗြဟ္မစရိယကထာ စသည့်ကထာတို့၏ တည်ရာဖြစ်သော ကျမ်းဟု ဆိုလိုပါသည်။
ကထာဝတ္ထုကျမ်းကို ဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက် နှစ်ပေါင်း ၂၁၈ နှစ်ရောက်မှ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် ဟောတော်မူခြင်း ဖြစ်သော်လည်း “ဗုဒ္ဓရှင်တော်ဘုရားထားတော်မူခဲ့သည့် မာတိကာ အတိုင်း ဟောကြားထားသော ကျမ်းဖြစ်သောကြောင့်လည်းကောင်း၊ ဘုရားရှင်ကိုယ်တော်တိုင်ကလည်း ငါဘုရား ပရိနိဗ္ဗာန် ဝင်စံတော်မူပြီးနောက် နှစ်ပေါင်း ၂၁၈ နှစ်ရောက်သောအခါ မောဂ္ဂလိပုတ္တတိဿမည်သော ရဟန်းသည် ရဟန်းတော်ခြောက်သန်းတို့၏ အလယ်၌ သကဝါဒ၌ သုတ်ပေါင်းငါးရာ၊ ပရဝါဒ၌ သုတ်ပေါင်းငါးရားတို့ကို ပေါင်းရုံးကာ ဒီဃနိကာယ် ပမာဏရှိသော ကထာဝတ္ထုကျမ်းကို ဟောလိမ့်မည်”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့သောကြောင့် လည်းကောင်း ဗုဒ္ဓဘာသိတ အဘိဓမ္မာကျမ်းအဖြစ် ထည့်သွင်းခဲ့ကြခြင်းဖြစ်သည်။ [၁]
ဤကထာဝတ္ထုဟောနည်းမှာ ပြဿနာတရပ်ကို သူ့ဘက်(ပရဝါဒီမိစ္ဆာဒိဋ္ဌိ)၊ ကိုယ့်ဘက်(သကဝါဒီသမ္မာဒိဋ္ဌိ) အပြန်အလှန်အခြေအတင် မေးဖြေ ဟောပြောခြင်းဖြစ်သည်၊ ဤကျမ်း၌မူတည် ဆွေးနွေးဖြေရှင်းသည့် ပြဿနာ ရုပ်ခေါင်းစဉ်(ကထာ)ပေါင်းမှာ ၂၂၆-ခုရှိပေသည်။
ဓမ္မသင်္ဂဏီ, ဝိဘင်း, ဓာတုကထာနည်းတို့ဖြင့် ပရမတ်တရားသက်သက်ကို ဟော၍ ပုဂ္ဂလပညတ်နည်းဖြင့် ပညတ်တရားကိုဟောကြားရာ မည်သည့် အတိုင်းအတာအထိ ပညတ်နည်းကိုသုံး၍ မည်သည့်အတိုင်းအတာအထိ ပရမတ်နည်းသုံးရမည်ကို တရားနာနတ်ဗြဟ္မာတို့စိတ်၌ ဝေခွဲနိုင်မည်မဟုတ်၊ သံသယအမျိုးမျိုးဝင်၍ ပြဿနာမေးခွန်းအမျိုးမျိုး ပေါ်လာနိုင်ပေသည်။
ထို့ကြောင့် မြတ်စွာဘုရားဟောထားခဲ့သည့် သုတ္တန်ပါဠိတော်များ၌ မည်သည့်အရာကို ပရမတ္ထသဘာဝအထိယူရမည်၊ မည်သည့်အရာကိုပညတ် ယူရမည်ဟု ပရမတ္ထသစ္စာနှင့် သမုတိသစ္စာတို့ကို အယူမလွဲအောင် ဤကထာဝတ္ထု အဘိဓမ္မာနည်းဖြင့် ပြန်၍ညှိနှိုင်းဟောကြားရပေသည်။
ဥပမာ-မိမိအကျိုးစီးပွားကို ကျင့်သောပုဂ္ဂိုလ်သည်ရှိ၏ဟု ဘုရားဟော သုတ္တန်ရှိသောကြောင့် ပုဂ္ဂိုလ်သည် အမှန်တကယ်ရှိ၏ဟု ပရဝါဒီကဆို၏။
ထိုဟောကြားချက်မှာ သမုတိသစ္စာအားဖြင့် ဟောကြားခြင်းဖြစ်၍ ပုဂ္ဂိုလ်သည် သမုတိသစ္စာအားဖြင့်သာရှိ၏။ ပရမတ္ထသစ္စာအားဖြင့်ကား ပုဂ္ဂိုလ်ဆိုသည်မှာ လုံးဝမရှိဟု သကဝါဒီက ပြန်လည်ဖြေရှင်းပြခြင်းမျိုး ဖြစ်ပေသည်။ [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads