ကန့်ကူဆံ
From Wikipedia, the free encyclopedia
Remove ads
ကန့်ကူဆံ (steatite)သည် စာပေရေးသားရာတွင် သုံးသည့် စာရေးကိရိယာ ကျောက်တံတစ်မျိုးပင် ဖြစ်သည်။ ရှေးအခါက ပုရပိုက်နက်ဟု ခေါ်သော အနက်ရောင်စက္ကူချပ်၊ အလွှာခေါက်များ ပေါ်တွင် ကန့်ကူဆံဖြင့် စာရေးကြရသည်။ စာပေစတင် သင်ကြားသောအခါ ကန့်ကူဆံကို ကိုင်တွယ်ပုံက အစ သင်ကြားရသဖြင့် ဆရာဦးများကို ကန့်ကူလက်လှည့် ဆရာ ဟူ၍ လည်းခေါ်တွင်လေသည်။
ကန့်ကူဆံသည် ကန့်ကူခေါ် တွင်းထွက်ပစ္စည်း တစ်မျိုးမှ ရရှိသော ကျောက်နုတစ်မျိုး ဖြစ်၍ အတုံးအခဲ အစကလေးများဖြစ်သည်။ ထို အစများကို တုတ်ချောင်းငယ်သဏ္ဌာန် အဖျားချွန်၍ ဖြစ်စေ၊ ကြေးပြွန်တံငယ်၏ ထိပ်တွင်တတ်၍ ဖြစ်စေ ရေးသားကြရလေသည်။
ကန့်ကူဆံသည် အစိမ်းနုရောင်သန်း၍ ဆွတ်ဆွတ်ဖြူလည်း ရှိသည်။ ကန့်ကူအနက်ဟူ၍လည်း ရှိသည်။ ရှေးအခါက ကန့်ကူဆံများကို ဘုရင့်ဘဏ္ဍာတိုက်သို့ ပို့အပ်ရ၍ ဘုရင်က ဆိုင်ရာစုရေး၊ စုကိုင်၊ စာချီများသို့လည်းကောင်း၊ ရဟန်းသံဃာများသို့လည်းကောင်း၊ ထုတ်ပေးလှူဒါန်းသည်။ မြန်မာရာဇဝင်တွင် ဆရာတော်ဦးကျည်ပွေ့သည် အသက်ကြီးရင့်မှ စာသင်လိုသဖြင့် နန်းတော်သို့ ကန့်ကူဆံ အလှူခံသွားရာ ဘုရင်က ငရုပ်ကျည်ပွေ့ အတက်ပေါက်ဦးအံ့လော ဟု ပြောဆိုကြောင်းနှင့် စကားစဉ်ရှိသည်။ [၁]
ယခုခေတ်တွင် စာပေရေးသားရာ၌ ကန့်ကူဆံ အသုံးနည်းသွားပြီး ခဲတံ၊ ဖောင်တိန်၊ ဘောပင်များသာ သုံးစွဲကြတော့သည်။ ဝရိန်ဆော်သည့်လုပ်ငန်း၊ သံချီသံကွေးလုပ်ငန်းများတွင်သာ သံများပေါ်၌ အမှတ်အသားပြုရန် သုံးကြတော့သည်။
Remove ads
ကျမ်းကိုး
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads