From Wikipedia, the free encyclopedia
•စေတီပုထိုးအမှတ်=၁၆၂၂/၉၃၀−က
ကန်တော့ပလ္လင်ဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင် တည်ရှိသော ရှေးဟောင်းဘုရား တစ်ဆူဖြစ်သည်။ ရှေးက ဂေါဓပလ္လင် ဟုလည်းခေါ်သည်။
ကန်တော့ပလ္လင် ဘုရားသည် ကွမ်းတောင် ပေါက်လိုဏ် လေးဆင့် ဂူဘုရား ဖြစ်ပြီး အေဒီ (၁၂၀၃) တွင် နရပတိစည်သူမင်း တည်ခဲ့သည်။ ဘုရားမပြီးမီ နရပတိစည်သူမင်း အနိစ္စ ရောက်သွားသဖြင့် သားတော် ဇေယျသိင်္ခ ခေါ် နားတောင်းများမင်း က ဆက်လက် တည်ခဲ့ရာ (၂၆) မတ် (၁၂၂၇) တွင် ပြီးစီးခဲ့သည်။
ထိုဂူဘုရားနှင့် စပ်လျဉ်း၍ အစဉ်အလာစကားရှိ၏။ ဘေးလောင်းတော် ဘိုးလောင်းတော်တို့မှာ မိမိကဲ့သို့ ဘုန်းမကြီးဟု အလောင်းစည်သူမင်းကြီး(၁၁၁၃ - ၁၁၆၃) သည် နှုတ်ဖြင့် ပြစ်မှားမိသဖြင့် မျက်လုံးနှစ်ဖတ် ကွယ်ခဲ့လေသည်။ ဤတွင် ရှေးမင်းတို့၏ အရုပ် ပြုလုပ်ကာ ပန်းပေါက်ပေါက်တို့ဖြင့် ပူဇော်ကန်တော့လေမှ မျက်လုံးပြန်မြင်ရလေ၏။ ကန်တော့ရာ အရပ်သည် ဂေါ်တော်ပလ္လင်( ကန်တော့ပလ္လင်) ဂူဘုရား၏ တည်နေရာဟု ဆိုကြသည်။
တဖန် နရပတိစည်သူမင်းသည် စူဠာမဏိဂူဘုရားတည်ရန် အလို့ငှာ လူအများအား ချောက်ကြီးကို အပြင်းအပြ ဖို့စေ၏။ ပံ့သကူမထေရ်လည်း မင်းကြီးကို သတိပေး တားမြစ်လေသည်။ ထိုအခါ မင်းကြီးနှလုံးထောင့်၍ ပံ့သကူမထေရ်ကို ပုဂံပြည်မှ နှင်ထုတ်မိ၏။ ပံ့သကူမထေရ်လည်း သီဟိုဠ်ကူးမည်ဟု ပြင်ဆင်၏။ ထိုအခါ မင်းကြီး နောင်တတရားရကာ ကန်တော့ တောင်းပန်ရလေသည်။ မင်းကြီးကန်တော့ရာ ကန်တော့တောင်းပန်ရလေသည်။ မင်းကြီးကန်တော့ရာ အရပ်တွင် ဂေါ်တော်ပလ္လင် (ကန်တော့ပလ္လင်) ဂူဘုရားကို တည်သည်ဟု ဆိုကြသည်။
ကန်တော့ပလ္လင်ဘုရားသည် ပစ္စယာဆင့်များ၊ ထောင့်စေတီများနှင့်တကွ နှစ်ထပ်ဂူဘုရားဖြစ်၏။ အရှေ့ဘက်သို့ မုခ်လှည့်၏။ ကွမ်းတောင်ထက်၌ စေတီပေါက်ထား၏။ ဖိနပ်တော်မှ ငှက်မြတ်နားအထိ ဉာဏ်တော် ပေတစ်ရာ့ရှစ်ဆယ်ခန့် ရှိလေသည်။ ဗိသုကာလက်ရာအားဖြင့်သော် ခံ့ညားလှပေသည်။
မုခ်ဝင်သည် စုလစ်တုရင်တို့ဖြင့် တင့်တယ်၏။ အတွင်းဝင်သော် အာရုံခံနှင့် ဂန္ဓကုဋိသို့ ရောက်လိမ့်မည်။ ဂန္ဓကုဋိပတ်လည်တွင် ရုပ်ပွားဆင်းတုတော်များရှိလေသည်။
နံရံနှစ်ဖက်မှ ကျဉ်းမြောင်းသော လှေကားနှစ်သွယ်ဖြင့် အထက်ထပ်သို့ တက်ရောက်နိုင်လေသည်။ ထိုအထပ်တွင်လည်း ရုပ်ပွားဆင်းတုများရှိလေသည်။ ထိုအထက်မှ ပုဂံရှုခင်းကို ကြည်ညိုနှစ်သက်ဖွယ်ရာ မြင်နိုင်ပေသည်။
ကန်တော့်ပလ္လင်ဘုရားအတွင်းရှိ နံရံများကို ထုံးသုတ်ခဲ့ ကြသဖြင့် ဘုရားရှိ နံရံဆေးရေး ပန်းချီများ ပျက်စီး ဆုံးရှုံးခဲ့ရသည်။ ကန်တော့ပလ္လင် ဘုရား၌ မူလက စိန်တန်းများ တစ်လျှောက်တွင် စဉ့်ကွင်းများ အပြည့် ရှိခဲ့သော်လည်း ယခုတွင် စဉ့်ကွင်း အနည်းငယ်သာ တွေ့ရတော့သည်။
ကန်တော့ပလ္လင်ဘုရား၏ အုတ်စီ အုတ်နင်းနှင့် တည်ဆောက်ပုံ ဗိသုကာလက်ရာ အဆင့်အတန်း မြင့်မားသည်။ ဘုရား၏ အပေါ်ထပ်နှင့် အောက်ထပ် ချင်မိတ် တိုးတန်း အောက်ရှိ ဖောင်းလုံးတန်းကို သဲကျောက်များဖြင့် တည်ဆောက် ထားသည်။ ဘုရား၏ ထောင့်များတွင် ကျင်တွယ်ပုံ ထောင့်ချုပ် ကျောက်တုံးများ ထည့်သွင်း ပြုလုပ်ထားသည်။
၁၉၇၅ ခုနှစ်တွင် ထိုဂူဘုရားသည် ငလျင်ဒဏ် ခံခဲ့ရ၏။ ယခုအခါ သက်ဆိုင်ရာတို့က ပြင်ဆင်ထားပြီး ဖြစ်လေသည်။[၁]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.