ကုမာရ၊ ဆရာတော် ဘဒ္ဒန္တ၊ အဂ္ဂမဟာပဏ္ဍိတ၊ (မကွေးမြို့)

From Wikipedia, the free encyclopedia

ကုမာရ၊ ဆရာတော် ဘဒ္ဒန္တ၊ အဂ္ဂမဟာပဏ္ဍိတ၊ (မကွေးမြို့)
Remove ads
Thumb
အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တ ကုမာရ (မကွေးမြို့)

ကုမာရ၊ ဆရာတော် ဘဒ္ဒန္တ၊ အဂ္ဂမဟာပဏ္ဍိတ၊ မကွေးမြို့၊ မဟာဝိသုတာရာမတိုက်သစ်(မြန်မာ ၁၂၈၄ - )

ဆရာတော် ဘဒ္ဒန္တ ကုမာရကို မကွေးတိုင်း မင်းဘူးမြို့နယ် လေးအိမ်တန်း ကျေးရွာ ခမည်းတော် ဦးထွန်းကြွယ်၊ မယ်တော် ဒေါ်ပိုးမျှင်တို့က ၁၂၈၄ ခုနှစ် တန်ဆောင်မုန်းလဆန်း၄ ရက်တွင် ဖွားမြင်သည်။ မွေးချင်း ခုနစ်ယောက်တွင် စတုတ္ထမြောက် သားရတနာဖြစ်၍ အမည်မှာ မောင်ဌေးဖြစ်သည်။၁၃ နှစ်အရွယ် ၁၂၉၇ ခုနှစ် တပို့တွဲလ၌ ခမည်းတော်မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟကို ခံသူကာ ကျွန်းကလေးကျောင်းဆရာတော် အရှင်ဝေပုလ္လထေရ်ကို ဥပဇ္ဈာယ် ပြု၍ ရှင်ကုမာရဘွဲ့ဖြင့် ရှင်သာမဏေ အဖြစ်သို့ ရောက်တော်မူသည်။၁၃ဝ၄ ခုနှစ် နယုန်လပြည့်ကျော် ၆ ရက် ဗုဒ္ဓွဟူးနေ့နံနက် ၈ နာရီ ၃ဝ မိနစ် အချိန်တွင် မယ်တော် ခမည်းတော်တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ စကုမြို့ ဆင်ခေါင်းရွာ ကြို့ယွန်းကျောင်း ဆရာတော် အရှင်ရာဇိန္ဒထေရ်ကို ဥပဇ္ဈာယ် ပြု၍ဥဒကုက္ခေပသိမ်၌ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်သည်။ ခြောက်နှစ်သား အရွယ်တွင် ကျွန်းကလေးကျောင်းဆရာတော် အရှင်ဝေပုလ္လထံ အပ်နှံ၍ ဆရာတော်နှင့်တကွ စာချဆရာတော် အရှင်စန္ဒာဝရ၊ အရှင်ရေဝတ တို့ထံ၌ သင်ပုန်းကြီးမှစ၍ပရိတ်ကြီးအထိ သူငယ် သင်ရိုးတန်း ပညာရပ်များကို သင်ယူသည်။ ၁၂ နှစ်သား အရွယ်တွင် တေမိယဇာတ် အဋ္ဌကထာနိဿယကို အာဂုံကျက်သင်ယူရသည်။ ကစ္စည်းသဒ္ဒါကြီးကိုလည်း သင်ယူရသည်။

၁၃ နှစ်သားအရွယ်တွင် ရှင်သာမဏေ ဖြစ်ပြီးနောက် မူလဆရာတော်များ ထံမှာပင် သုတ်စစ်ပုဒ်စစ် နှင့်တကွကစ္စည်း သဒ္ဒါကြီးကို သုံးခေါက်သင်ယူခဲ့ပြီး၍ ၁၆ နှစ်သား အရွယ်တွင် ရေစကြိုမြို့ အောင်မြေသာ ယာကျောင်းတိုက်သို့ ကြွရောက်ကာ ဆရာတော် အရှင်သူရိယ မထေရ်ထံ၌ သဒ္ဒါ၊ သင်္ဂြိုဟ်၊ ဋီကာကျော်၊ ရူပ သိဒ္ဓိ၊ ကင်္ခါ၊ အဘိဓမ္မာညဝါစသော ပိဋကတ်အခြေခံကျမ်းများကို သင်ယူသည်။၁၃ဝဝ ပြည့်နှစ် တပေါင်းလ၌ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ်သို့ ကြွရောက်၍ မူလတိုက်တည် ဆရာတော်အရှင်နာရဒ၊ အရှင်ပဒုမ၊ အရှင်ဝါယမထေရ်နှင့် ဂဏဝါစကစာချဆရာတော် အရှင်ဝိသော ဘဏတို့ထံ၌ နိကာယ်ငါးရပ်ပိဋကတ်ကျမ်းဂန် တို့ကိုသင်ယူသည်။ ၁၃၁၂ ခုနှစ်၌ မန္တလေးမြို့ထီးလင်းတိုက်၊ မိုးတားတိုက်၊ တောင်သမန်တိုက်၊ မဟာဝေယံ ဘုံသာတိုက်တို့၌ သီတင်းသုံးလျက် အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ဘုရား ကြီး အရှင်သူရိယ မဟာထေရ်၏ မဟာဝေယံဘုံသာတိုက် အဂ္ဂမဟာပဏ္ဍိတအရှင် ကလျာဏ၊ ဘုရားကြီးတိုက် အဂ္ဂမဟာပဏ္ဍိတအရှင်နာရဒထေရ် စသော ဆရာတော်တို့ထံ၌ နည်းခံတော်မူသည်။

ဆရာတော်သည် ဝိနည်းစာမေးပွဲ ပထမငယ်တန်း ပါဠိ ပထမပြန်စာမေးပွဲ ငယ်၊ လတ်၊ ကြီးတန်းများကို အောင်မြင်၍ ၁၃၁၄ ခုနှစ် နယုန်လ၌ ကျင်းပသော စာချတန်း စာမေးပွဲကြီး၌ ကျမ်းရင်းသုံးကျမ်းဂုဏ်ထူးဆောင် ခြောက်ကျမ်းပေါင်း ကိုးကျမ်း လုံးကို နှစ်ချင်းပေါက် အောင်မြင်တော် မူသောကြောင့် သာသနာဓဇ သီရိပဝရဓမ္မာစရိယ သိရောမဏိ ဘွဲ့တံဆိပ်တော်ကိုရရှိသည်။၁၃၁၄ ခုနှစ်၌ မကွေးမြို့ မဟာဝိသုတာရာမဆရာတော်ဘုရားကြီးက ဂဏဝါစကစာချအဖြစ် ချီးမြှောက်ခြင်းကို ခံယူရသဖြင့် ထိုအချိန်မှစ၍ ယခုအချိန်အထိ မကွေးမြို့မဟာဝိသုတာရာမ ကျောင်းတိုက်၌ ငယ်၊ လတ်၊ ကြီး၊ ဓမ္မာစရိယတန်းစာဝါများနှင့် အခြားနိကာယ်ပါဠိတော် အဋ္ဌကထာ၊ ဋီကာကျမ်းများကိုသင်ကြားပို့ချတော်မူသည်။ ကျေးဇူးရှင် ဆရာတော်ဘုရားကြီးများက ကျောင်းတိုက် အုပ်ချုပ်မှုတာဝန်လွှဲသဖြင့် ကျောင်းတိုက်အုပ်ချုပ်မှုစာပေကျမ်းဂန် သင်ကြားမှုနှင့်အထွေထွေ ကိစ္စတာဝန်များကိုအားသွန်းကြိုပမ်း ထမ်းဆောင်တော်မူခဲ့ရာ ဓမ္မာစရိယ၊ ပါဠိပါရဂူအဂ္ဂမဟာအကျော် စသောဘွဲ့တံဆိပ်ရတပည့်များ ထွန်းကားပေါ်ပေါက်ခဲ့သည်။

ဆရာတော်သည် ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မ သဘင်၌ ပါဠိဝိသောဓက၊ ဓမ္မာသင်္ဂဏီ ပါဠိဘာဏက၊ သင်္ဂီတိ ကာရက အဖြစ်ဖြင့် ဆောင်ရွက်တော်မူသည်။ ပခုက္ကူဂဏဝါစက နိကာယကြီး၏ဂဏာနုဝိနာယက၊ မြသလွန် စေတီတော် ဘဏ္ဍာဂါရိကအဖွဲ့၏ဩဝါဒါစရိယ၊ ပထမအကြိမ်နိုင်ငံတော် ဗဟိုသံဃာဝန်ဆောင်၊လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆာယ သီးခြား ဝိနည်းဓိုရ်၊ ဒုတိယအကြိမ် နိုင်ငံတော်သံဃာ မဟာနာယက အဖွဲ့ တွဲဖက် အကျိုးဆောင် စသည်တို့ဖြင့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးလုပ်ငန်းတို့ကို ကြိုးပမ်းဆောင်ရွက် တော်မူသည်။ဤသို့လျှင် သာသနာ့အကျိုးကို သယ်ပိုးဆောင်ရွက် တော်မူသော ပိဋကတ္တယဆေက၊ ဂန္ထဓုရာဝဟ၊ မဟာထေရ၊ ပရိယတ္တိဝိသာရဒ၊ လဇ္ဇီပေသလ၊ သိက္ခာကာမ စသောဂုဏ်တို့ နှင့်ကုံလုံ ပြည့်ဝတော်မူသည့် ဆရာတော် ဘဒ္ဒန္တ ကုမာရသည် ၁၃၅ဝ ပြည့်နှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ နိုင်ငံ တော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ဆက်ကပ်လှူဒါန်း သော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူ သည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads