ကောဏဂုံဘုရား
From Wikipedia, the free encyclopedia
Remove ads
ကောဏာဂုံ[၁] မြတ်စွာဘုရားသည် ၂၈-ဆူတွင် ၂၆-ဆူမြောက် ဘုရားဖြစ်သည်။ ဂေါတမ ဘုရားအလောင်းကို ဗျာဒိတ် ပေးတော်မူသော ဘုရား ၂၄-ဆူတွင် ၂၃-ဆူမြောက်ဘုရားဖြစ်၍ [၂] ဝိပဿီ စသော ၇-ဆူတွင် ၅-ဆူမြောက် ဖြစ်သည် [၃]။ ဤဘဒ္ဒကမ္ဘာ၌ ဘုရားငါးဆူတွင် ဒုတိယမြောက် ပွင့်တော်မူသော ဘုရားဖြစ်သည် [၄]။ အနှစ်၃၀၀၀၀-တမ်းတွင် ပွင့်တော်မူသည်။
ခမည်းတော်မှာ သောဘဝတီမြို့သား ယညဒတ္တမည်သော ပုဏ္ဏားဖြစ်၍ မယ်တော်မှာ ဥတ္တရာပုဏ္ဏေးမ ဖြစ်သည်။ သုဘဝတီဥယျာဉ်၌ ဖွားတော်မူသည်။ ဖွားတော်မူသောနေ့၌ ဇမ္ဗူဒိပ်တကျွန်းလုံး မိုးရွာသည်ကို အကြောင်းပြု၍ ကနကာဂမန ဟု ဆိုလိုလျက် နိရုတ္တိနည်းအရ ကောဏာဂမနဟု အမည်တွင်သည်။ အနှစ် ၃၀၀၀-ကာလပတ်လုံး တုသိတ, သန္တုဿိတ, သန္တုဋ္ဌ အမည်ရှိသော ပြာသာဒ်သုံးဆောင်၌ ရုစိဂတ္တ ပုဏ္ဏေးမ အမှူးရှိသော မောင်းမပေါင်း ၁၆၀၀၀-ခြံရံလျက် လူ့စည်းစိမ် ခံစားတော်မူသည်။ သတ္တဝါဟမည်သော သားတော် ဖွားမြင်တော်မူသောနေ့၌ နိမိတ် ၄-ပါးမြင်တော်မူသဖြင့် ဆင်ယာဉ်ကို စီး၍ တောထွက်တော် မူပြီးလျှင် ရဟန်းပြုသည်။
နောက်လိုက် ယောက်ျား ၃၀၀၀၀-လည်း ဘုရားလောင်း နှင့် အတူ ရဟန်းပြုကြသည်။ ၆-လပတ်လုံး “ပဓာနစရိယ”ခေါ် ဒုက္ကရစရိယာ (သာမန် လူတို့ ကျင့်နိုင်ခဲသောအကျင့်)ကို ကျင့်တော်မူ၍ ကဆုန်လပြည့်နေ့၌ အဂ္ဂိသောနပုဏ္ဏား၏ သမီး အဂ္ဂိသောနပုဏ္ဏေးမ လှူဒါန်းသော နို့ဃနာဆွမ်းကို ဘုဉ်းပေးတော်မူပြီးလျှင် ညချမ်းအချိန်၌ ဇဋာတိန္ဒုက မည်သော မုယောခင်းစောင့်လှူဒါန်းသော မြက်ရှစ်ဆုပ်ကို (ပလ္လင်အလို့ငှါ) အလှူခံတော်မူ၍ ထိုမြက်ရှစ်ဆုပ်ကို ဖြန့်ခင်းအပ်သော ပလ္လင်ထက် ၌ပင် ဘုရားအဖြစ်သို့ ရောက်တော်မူသည်။
ဗောဓိပင်မှာ ရေသဖန်းပင်ဖြစ်သည်။ မိမိနှင့် အတူ ရဟန်းပြုကြသော နောက်လိုက်ရဟန်း ၃၀၀၀၀-ကို သုဒဿနမြို့အနီး ဣသိပတန မိဂဒါဝုန်၌ ဓမ္မစကြာတရား ဟောတော်မူသည်။ ထိုတရားပွဲ၌ ကုဋေ ၃၀၀၀၀-အရေ အတွက်ရှိသော နတ်လူပရိသတ်များ ကျွတ်တမ်းဝင်ကြသည်။ ဘုရားရှင်၏ အရပ်တော်မှာ အတောင် ၃၀-ရှိသည်။ အဂ္ဂသာဝကများမှာ ဘိယျသနှင့် ဥတ္တရဖြစ်၍ အဂ္ဂသာဝိကာများမှာ သမုဒ္ဒါနှင့် ဥတ္တရာဖြစ်ကြသည်။ ဥပဋ္ဌက အလုပ်အကျွေးမှာ သောတ္တိဇ ဖြစ်သည်။ မြတ်သော အလုပ်အကျွေး ဒါယကာ များမှာ ဥဂ္ဂ, သောမဒေဝဖြစ်၍ အလုပ်အကျွေး ဒါယိကာမများမှာ သီဝလာနှင့် သာမာ ဖြစ်ကြသည်။ [၅] [၆]
Remove ads
- ကောဝိဒံ သိဝ သမ္မာပေ၊ ပရဝါဒေ ပမဒ္ဒနံ။
- ကောဏာဂမနံ ဝန္ဒေ ဟံ၊ သော မေ ဒေတု ဇိနော ဇယံ။ [၇]
- ကောဏာဂမနဗုဒ္ဓဝင်ကို ကြည့်ပါ။
- ကောဏာဂမနဘုရားရှင်ကို ကြည့်ပါ။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads