ကောဏ္ဍညဘုရား
From Wikipedia, the free encyclopedia
Remove ads
ကောဏ္ဍည[၁] ဘုရားရှင်သည် ဒီပင်္ကရာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် ကမ္ဘာအသင်္ချေ အလွန်တွင် ပွင့်တော်မူသည် [၂] ကမ္ဘာမှာ သာရကမ္ဘာဖြစ်၍၎င်းဘုရား တဆူဘည်းသာ ပွင့်တော်မူသည် [၃]။ ၂၈-ဆူတွင် ၅-ဆူမြောက် ဘုရားဖြစ်သည် (စရိယာ၊ဋ္ဌ၊၁၅)။ ဂေါတမဘုရားကို ဗျာဒိတ်ပေးတော်မူသော ဘုရား ၂၄-ဆူတွင် ၂-ဆူမြောက် ဖြစ်သည် [၄]။ အနှစ်တသိန်းတမ်းတွင် ပွင့်တော်မူသည် [၅]။
ခမည်းတော်မှာ ရမ္မဝတီမြို့၌ နန်းစိုက် စိုးစံတော်မူသော သုနန္ဒမင်းဖြစ်၍ မယ်တော်မှာ သုဇာတာမိဖုရားဖြစ်သည်။ ကောဏ္ဍည ဘုရားလောင်း ပဋိသန္ဓေနေသောအခါ ၃၂-ပါးသော ပြာဋိဟာတို့ ထင်ရှားဖြစ်ပေါ်လာကြသည် [၆]။ ဆယ်လစေ့သောအခါ ဖွားမြင်တော်မူသည်။ အနွယ်ကိုစွဲ၍ ကောဏ္ဍညဟု အမည်မှည့်ကြသည်။ အနှစ် တသောင်းကာလပတ်လုံး ရာမ, သုရာမ, သုဘ [၇] မည်သော ရွှေနန်းပြာသာဒ် ၃-ဆောင်၌ ရုစိဒေဝီမိဖုရား အမှူးရှိသော မောင်းမပေါင်း ၃-သိန်းခြံရံလျက် ထီးနန်း စိုးစံတော်မူသည်။ [၈]-၌ သုစိ, သုရုစိ, သုဘဟု ပြာသာဒ် ၃-ဆောင် အမည် လာသည်။ ရုစိဒေဝီမိဖုရားကြီးမှ ဝိဇိတသေနမည်သော သားတော် ဖွားမြင်သောအခါ ကောဏ္ဍည ဘုရားလောင်းသည် သူအို သူနာ, သူသေ, ရဟန်းဟုဆိုအပ်သော နိမိတ် ၄-ပါးမြင်၍ အာဇာနည် မြင်းကသော ရထားကို စီးလျက် တောထွက် ရဟန်းပြုတော်မူသည်။ ဆယ်ကုဋေသော လူတို့လည်းကောဏ္ဍည ဘုရားလောင်းနှင့်အတူ ရဟန်းပြုကြသည်။
ဆယ်လပတ်လုံး “ပဓာနစရိယာ”ခေါ် ဒုက္ကရစရိယာ (သာမန်လူတို့ ကျင့်နိုင်ခဲသော အကျင့်) ကျင့်တော်မူ၍ ကဆုန်လပြည့်နေ့၌ သုနန္ဒရွာနေ ယသောဓရာမည်သော သူဌေးသမီး လှူဒါန်းသော နို့ဃနာဆွမ်းကို ဘုဉ်းပေးတော်မူပြီးလျှင် ထိုအရပ်ရှိ အင်ကြင်းတောအတွင်းမှာပင် နေ့သန့်စင်(နေခို)တော်မူသည်။ ညချမ်းအချိန်၌ သုနန္ဒကတက္ကတွန်း လှူသော မြက်ရှစ်ဆုပ်ကို (ပလ္လင်အလို့ငှါ) ခံယူတော်မူ၍ ထိုမြက်ရှစ်ဆုပ်ကို ဖြန့်ခင်းအပ်သော ပလ္လင်ထက်၌ပင် ဘုရားအဖြစ်သို့ရောက်တော်မူသည်။ ဗောဓိပင်မှာ သာလကလျာဏီပင် ဖြစ်သည်။ (ဤအပင်ကို ကြောင်လျှာပင်ဟူ၍၎င်း နံဘဲ-နဘဲ–ပင်ဟူ၍၎င်း ပြန်ဆိုကြသည်။)
မိမိနှင့်အတူ ရဟန်းပြုကြသော နောက်လိုက်ရဟန်း ၁၀-ကုဋေကို အရုန္ဓဝတီ (အမရဝတီ-သီ,ဣမူကွဲ) မြို့အနီး ဒေဝဝန ခေါ် နတ်သစ်ပင်တော၌ ဓမ္မစကြာတရားဦးကို ဟောတော်မူသည်။ ထိုတရားပွဲ၌ ရဟန်း-၁၀-ကုဋေနှင့် တကွ နတ်လူ ကုဋေ တသိန်း သစ္စာလေးပါးတရား သိမြင်၍ ကျွတ်တမ်းဝင် ကြသည်။ ဘုရားရှင်၏ အရပ်တော်မှာ ၂၈-တောင်ရှိသည်။ အဂ္ဂသာဝက ၂-ပါးမှာ ဘဒ္ဒ နှင့် သုဘဒ္ဒဖြစ်၍ အဂ္ဂသာဝိကာ ၂-ပါးမှာ တိဿာနှင့်ဥပတိဿာ ဖြစ်ကြသည်။ ဥပဋ္ဌက = အလုပ်အကျွေးမှာ အနုရုဒ္ဓဖြစ်သည်။ အဂ္ဂုပဋ္ဌက = မြတ်သော အလုပ်အကျွေးဒါယကာများမှာ သောဏနှင့် ဥပသောဏဖြစ်၍ အဂ္ဂုပဋ္ဌိကာ = မြတ်သော အလုပ်အကျွေး ဒါယိ ကာမများမှာ နန္ဒာနှင့် သိရိမာ ဖြစ်ကြသည် [၉] [၁၀]
Remove ads
- ကောဏ္ဍညော ဇိတမာရောယော၊ ပဗောဓကော မဟာဇနံ၊
- ကောဝိဒတ္တာဝဟံ သတ္တေ၊ ဝန္ဒေ သော ဒေတု မေဇယံ။ [၁၁]
- ကောဏ္ဍညဗုဒ္ဓဝင်ကို ကြည့်ပါ။
- ကောဏ္ဍညဘုရားရှင်ကို ကြည့်ပါ။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads