ချစ်ခိုင်
From Wikipedia, the free encyclopedia
Remove ads
ဦးချစ်ခိုင် (၅ ဇန်နဝါရီ ၁၉၄၈) သည် မြန်မာ့လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက် (MAPCO) ၏ ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဋ္ဌ၊ Eden Group လက်အောက်ရှိ ကုမ္ပဏီခွဲများစွာ၏ ဘုတ်အဖွဲ့များဖြစ်သည့် မြန်မာ့ရှေ့ဆောင်ဘဏ်၊ DENKO (စက်သုံးဆီဆိုင်များ) နှင့် Gold Delta (လယ်ယာစီးပွားရေး) ကဲ့သို့သော လုပ်ငန်းခွဲများစွာ၏ ဘုတ်အဖွဲ့များကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူဖြစ်သည်။[၁]
Remove ads
အစောပိုင်းဘဝ
ဦးချစ်ခိုင်ကို ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်တွင် မွေးဖွားခဲ့သည်။ ဇနီးဖြစ်သူမှာ ဒေါ်ခင်စိုးဝေဖြစ်ပြီး ဦးနေမျိုးခိုင်၊ ဒေါ်ကေသွယ်ခိုင်၊ ဦးဝင်းမင်းခိုင်၊ ဦးဝဏ္ဏခိုင်နှင့် ဒေါ်ဟန်စုခိုင် ဆိုသည့် သားသမီး(၅)ဦး ထွန်းကားခဲ့သည်။
၁၉၆၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဓာတုဗေဒအထူးပြု ဘွဲ့ရရှိခဲ့ပြီးနောက် စွမ်းအင်ဝန်ကြီးဌာန အစိုးရဓာတ်မြေဩဇာ စက်ရုံတွင် ဝန်ထမ်းအဖြစ် (၇)နှစ် လုပ်ကိုင်ခဲ့သည်။[၂] အစိုးရဝန်ထမ်းအလုပ်မှ ထွက်ပြီး ရန်ကုန်မြို့အင်းစိန်တွင် အခြေချကာ လက်ဖက်ရည်ဆိုင်၊ ကက်စက်ခွေအငှားဆိုင်၊ ဧဒင်ဥယျာဉ်စားသောက်ဆိုင်စသည့် လုပ်ငန်းများလုပ်ကိုင်ခဲ့သည်။
ဦးချစ်ခိုင်သည် ၁၉၈၈ အရေးအခင်းကာလ ပေါ်ပေါက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့လည်း ဝင်ရောက်ခဲ့သေးပြီး ထောင်(၆)လ ချမှတ်ခံရဖူးသည်ဟု မဇ္ဈိမသတင်းဌာနက ဆိုသည်။[၃]
Remove ads
စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခြင်း
၁၉၉၁ ခုနှစ်အရောက်တွင် ဧဒင်အုပ်စုကုမ္ပဏီလီမိတက်အား စင်ကာပူမှပြန်လာသည့် သူငယ်ချင်းဖြစ်သူ အင်ဂျင်နီယာ ဦးမျိုးမြင့်ဦးနှင့် အတူ ဆောက်လုပ်ရေးလုပ်ငန်းသီးသန့်ဖြင့် စတင်ထူထောင်ခဲ့သည်။ ထိုစဉ်ကာလက ရဲမွန်တပ်မြို့အသစ်တည်နေချိန် လက်မှုပညာသင်ကျောင်းတည်ဆောက်ရေးအတွက် ကန်ထရိုက် ရရှိခဲ့ရာမှတဆင့် ၎င်းလုပ်ငန်းများ ဆက်တိုက် တိုးချဲ့နိုင်လာခဲ့သည်။
သူသည် စစ်အစိုးရဟောင်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် နီးကပ်သော ဆက်ဆံရေးရှိသူဖြစ်သည်။ ဧဒင်အုပ်စုသည် နေပြည်တော် တည်ဆောက်ရေးတွင် ပါဝင်ခွင့်ရသော ကုမ္ပဏီ ၈ ခုအနက် တစ်ခုအပါအဝင် ဖြစ်သည်။[၄]အထူးသဖြင့် တပ်မတော်င့်ပတ်သတ်သည့် တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် ရဲမွန်တပ်မြို့၊ ဗထူးတပ်မြို့ ၊မြစ်ကြီးနားနှင့် စစ်တွေတို့တွင် စစ်တိုင်းရုံးများ၊ ရခိုင်ပြည်နယ် နယ်စပ်ကွပ်ကဲရေးစခန်းများ၊ ပညာရေးနှင့်ပတ်သတ်၍ ပင်လုံတက္ကသိုလ်၊ နေပြည်တော်တည်နေချိန် ၂၀၀၇ ခုနှစ်တွင် နိုင်ငံတော်သမ္မတအိမ်တော်၊ ဇေယျာသီရိဗိမ္မာန်၊ တပ်မတော်စစ်သမိုင်းပြတိုက် စသည်တို့ကို တည်ဆောက်ခဲ့ရ၍ တပ်မတော်၏လက်စွဲ ကန်ထရိုက်ဖြစ်သွားခဲ့ရသည်ဟု ၎င်းကိုယ်တိုင်ပြောကြားထားသည်။[၅][၁]
နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီးနောက် ၂၀၀၉ ခုနှစ်တွင် လယ်ယာကဏ္ဍထဲ ၎င်း ဝင်ရောက်လာကာ လယ်သမားများအားငွေချေးခြင်း၊ ကန်ထရိုက်လယ်ယာစနစ်ကို အကောင်အထည်ဖော်ခြင်းများလုပ်ကိုင်ခဲ့သည်။[၆]
၂၀၁၀ ခုနှစ် ဩဂုတ်လအရောက်တွင် နိုင်ငံတော်မှ ခွင့်ပြုပေးခဲ့သော ပုဂ္ဂလိကဘဏ် (၄)ခု အနက်မှ တစ်ခုဖြစ်သည့် မြန်မာ့ရှေ့ဆောင်ဘဏ် တည်ထောင်သူဖြစ်လာခဲ့သည်။[၇]
၂၀၁၁ နောက်ပိုင်း သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်ကစပြီး အခြားသော ဘဏ်လုပ်ငန်း၊ ဆန်စပါးလုပ်ငန်း၊ သတ္တုလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း စသည့် လုပ်ငန်းများသာ လုပ်ကိုင်ခဲ့ပြီး နှစ်ပေါင်း ၂၀ ကြာလုပ်ကိုင်ခဲ့သော ဆောက်လုပ်ရေးလုပ်ငန်းအား ရပ်နားခဲ့ကာ ၎င်းပိုင်ဘဏ်ခွဲများနှင့် ၎င်းဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် DENKO (စက်သုံးဆီဆိုင်များ)ဆိုင်ခွဲများ တည်ဆောက်ခြင်းကို ဆောင်ရွက်ခဲ့သည်။
စစ်အစိုးရနှင့် နီးကပ်သည့် ဦးချစ်ခိုင်ကို ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် အမေရိကန်တို့က ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ခဲ့ကြသည်။ သို့သော် ရွေးကောက်ခံအစိုးရလက်ထက်အရောက်၂၀၁၂ နှင့် ၂၀၁၆ ခုနှစ်တွင် သူ့အပေါ် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းခဲ့သည်။[၈][၉][၁၀]
၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ နောက်ပိုင်း စစ်အာဏာသိမ်းပြီးနောက် ဦးချစ်ခိုင်၏ DENKO စက်သုံးဆီဆိုင်အား စစ်တပ်နှင့်ဆက်နွယ်သည်ဟုဆိုပြီး သန်လျင်၊ ဘားအံ့မြို့နယ်နှင့် ရန်ကုန်မြို့ရှိ ဆီဆိုင်ခွဲအချို့ ဖျက်ဆီးတိုက်ခိုက်ခံခဲ့ရသည်။ [၁၁][၁၂][၁၃] သို့သော်လည်း စစ်တပ်နှင့် ဆက်နွယ်မှုမရှိကြောင်း DENKOဘက်က ဖြေရှင်းချက်ပေးခဲ့သည်။
Remove ads
လှူဒါန်းမှုများ
ဦးချစ်ခိုင်သည် ဧဒင်အုပ်စု၊ မြန်မာ့ရှေ့ဆောင်ဘဏ် နှင့် Denko Trading တို့ကြား ပူးပေါင်းအဖွဲ့အစည်းဖြစ်သည့် သင်္ဂဟဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌဖြစ်သည်။[၁၄] ၂၀၁၇ ခုနှစ်တွင် ဖောင်ဒေးရှင်းမှ ကျပ် ၈၂.၈၉ သန်းတန်ဖိုးရှိ ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် စက်ပစ္စည်းကိရိယာများကို မန္တလေး ၅၅၀ ခုတင်ဆံ့ ကလေးဆေးရုံသို့ ထောက်ပံ့ပေးခဲ့သည်။[၁၅] ဖောင်ဒေးရှင်းသည် ကလေးကျောက်ကပ်ဝေဒနာရှင်များအတွက် မန္တလေးကလေးကျောက်ကပ်ဖောင်ဒေးရှင်းကို တည်ထောင်ရန် အဓိကအလှူရှင်အဖြစ် ငွေကျပ် သန်း ၅၀၀ ကိုလည်း လှူဒါန်းခဲ့သည်။[၁၆]
၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုနှင့် တခြားအကူအညီများအတွက် မြန်မာစီးပွားရေး လုပ်ငန်းရှင်ကြီးများက ငွေကျပ်သိန်းပေါင်းများစွာ လှူဒါန်းခဲ့ရာတွင် ဦးချစ်ခိုင်လည်း ငွေကျပ်သိန်းတစ်သောင်းပါဝင်လှူဒါန်းခဲ့သည်။[၁၇]
၂၀၁၉ ခုနှစ်တွင် သင်္ဂဟဖောင်ဒေးရှင်းသည် အစိုးရနည်းပညာကောလိပ်(မြင်းခြံ)သို့ သစ်ပင်စိုက်ပျိုးရန် ငွေကျပ် သိန်း (၁၀၀) လှူဒါန်းခဲ့သည်။[၁၈] သင်္ဂဟဖောင်ဒေးရှင်းသည် မန္တလေးမြို့အနီးရှိ အများသူငှာ အပန်းဖြေဇုန်လေးခုအနက် တစ်ခုဖြစ်သည့် ကျုံးအရှေ့ဘက်နှင့် ၆၆ လမ်းကြားရှိ လူသွားစင်္ကြံကို ပြုပြင်မွမ်းမံခဲ့ကာ ၂၀၁၉ ခုနှစ် ဧပြီလတွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံ လွှဲပြောင်းပေးခဲ့သည်။[၁၄]
၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် Eden Group of Companies ဥက္ကဋ္ဌ ဦးချစ်ခိုင်သည် COVID-19 ကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာ အမျိုးသားကော်မတီသို့ COVID-19 ကာကွယ်ဆေးရန်ပုံငွေအတွက်ဒေါ်လာ ၁.၅သန်း လှူဒါန်းခဲ့သည်။[၁၉][၂၀]
ဖမ်းဆီးထိန်းသိမ်းခံရခြင်း
ဦးချစ်ခိုင်ကို စစ်ကောင်စီက ၂၀၂၂ခုနှစ် ဧပြီလ ၂၅ ရက် ညပိုင်းတွင် ဖမ်းဆီးခဲ့သည်။[၂၁] ပြည်ပခရီးစဉ်တစ်ခုမှ ပြန်အလာ ရန်ကုန်မြို့တွင် ဖမ်းဆီးခြင်းဖြစ်သည်ဟု RFA သတင်းကဖော်ပြသည်။
၂၀၂၂ ခုနှစ် ဧပြီ ၂၆ ရက်တွင် ဦးချစ်ခိုင်ကို ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက်မီးသွေး လုပ်ငန်း စီမံကိန်းအတွင်း NLD အစိုးရ လက်ထက် ဝန်ကြီးများနှင့် ပေါင်းပြီး နိုင်ငံတော် ဘဏ္ဍာငွေ နစ်နာအောင် လုပ်ခဲ့သည်ဟုဆိုပြီး NLD အစိုးရ လက်ထက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဆန်း၊ လျှပ်စစ်ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦး၊ ဧဒင်ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းမင်းခိုင် တို့နှင့်အတူ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ဖြင့် အမှုဖွင့်ကြောင်း ကြေညာခဲ့သည်။[၂၂]သူက ပြစ်မှုမကျူးလွန်ခဲ့ဟု တရားရုံး၌ ထွက်ဆိုခဲ့သည်။သို့သော်လည်း ထိုအမှုဖြင့် ထောင် ၇နှစ် ချမှတ်ခံခဲ့ရသည်။၂၀၂၅ ခုနှစ် ဧပြီလ ၁၂ရက်နေ့တွင် အိုးဘိုအကျဉ်းထောင်မှနေ၍ လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက် လာခဲ့သည်။[၂၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads