From Wikipedia, the free encyclopedia
ဂင်္ဂါမြစ်သည် ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း ၁၀၄၀၀ ကျော်မြင့်သော ဟိမဝန္တာ တောင်တန်းများရှိ ရေခဲဂူကြီးတစ်ခုအတွင်းမှ စတင်မြစ်ဖျားခံပြီး တောတောင်အထပ်ထပ်ကို ကျော်လွန်ကာ အိန္ဒိယနိုင်ငံ၏ ကျယ်ပြန့်သော လွင်ပြင်ကြီးများကို ဖြတ်သန်းစီးဆင်းသည့် မြစ်တစ်စင်းဖြစ်သည်။ မြစ်လက်တက်များ ပေါင်းစပ်စီးဝင်ခြင်းမပြုမီ ဂင်္ဂါမြစ်ကြောင်းမှာ ရေအလွန်တိမ်၍ သင်္ဘောကြီးများ ဆန်တက်သွားလာခြင်း မပြုနိုင်ချေ။ နုန်းမြေ လွင်ပြင်တလျှောက် စီးဆင်းခဲ့ရသဖြင့် မြစ်ကြောင်းမှာ အလွန်ကွေ့ကောက်ပြီးလျှင် မြစ်ရေမှာ ကြည်လင်ခြင်း မရှိ ရေစီးလည်း အလွန်နှေးသည်။
ဂင်္ဂါမြစ်လမ်းခရီးတဝက်၌ မြစ်အတွင်းသို့ ယမုံနာမြစ် လက်တက်ကြီး စီးဝင်သည်။ ထိုမြစ်နှစ်သွယ်အကြားရှိ ဒိုအပ်မြေခေါ် စပ်ကြားလွင်ပြင်သည် ကောက်ပဲသီးနှံ စိုက်ပျိုးရာတွင် မြေဩဇာ အကောင်းဆုံးဖြစ်သဖြင့် လူဦးရေမှာလည်း ကမ္ဘာပေါ်တွင် အထူထပ်ဆုံး ဒေသတစ်ခု ဖြစ်သည်။
ဂင်္ဂါမြစ်ကမ်းတွင် ဗာရာဏသီမြို့၊ ပါတလိပုတ်ဟု တွင်ခဲ့သော ပတ္တနာမြို့နှင့် ကွန်ပိုမြို့ကြီးများရှိသည်။ ဂင်္ဂါမြစ်အတွင်းသို့ ဂုမ္မတီ၊ ဂေါ့ဂရာ၊ ဂန်ဒတ် မြစ်လက်တက်များ စီးဝင်ကြသည်။
လွင်ပြင်ကြီး တလျှောက် အရှေ့တောင်ယွန်းယွန်းသို့ တဖြည်းဖြည်း စီးဆင်းခဲ့ရာ ကာလကတ္တားမြို့မှ အထက်မိုင် ၂၀၀ ခန့်ဝေးသည့်နေရာတွင် မြစ်ညာမှ နုန်းမြေများစွာ သယ်ယူခဲ့သော ဗြဟ္မပုတ္တရမြစ်နှင့် ပေါင်းဆုံသည်။ ထိုအခါ ကျယ်ပြန့်သော မြစ်ဝကျွန်းပေါ်ဒေသများ ဖြစ်ထွန်းစေလျက် ဘင်္ဂလားပင်လယ်အော်ထဲသို့ မြစ်ကြောင်းများစွာ ခွဲပြီးလျှင် စီးဝင်လေသည်။ ဟူဂလီမြစ်ရေမှာ ရေကြောင်းအလွန်နက်သဖြင့် ပင်လယ်မှ မိုင် ၈၀ ဝေးသော ကာလကတ္တားမြို့ တိုင်အောင် ပင်လယ်ကူး သင်္ဘောကြီးများ ဝင်ထွက်နိုင်သည်။ မြစ်ဝကျွန်းပေါ် ဒေသများတွင် ရွှံ့ညွန် လတာပြင်ကြီးများနှင့် ကိုင်းတောကြီးများ ရှိခြင်းကြောင့် သားရဲ တိရစ္ဆာန်များ၊ ကျားများနှင့် မိကျောင်းများ အထူးပေါများလေသည်။
အယူဝါဒအားဖြင့် ဂင်္ဂါမြစ်သည် ဟိန္ဒူလူမျိုးများ အထွတ်အမြတ် ထားအပ်သော မြစ်ဖြစ်သည်။ ဂင်္ဂါမြစ်ရေကို ချိုးခြင်းဖြင့် မကောင်းမှုမှ စင်ကြယ်စေသည်ဟု ယူဆကြသည့်ပြင် ဟိန္ဒူလူမျိုးများ ကွယ်လွန်လျှင် ၎င်းတို့၏ အရိုးပြာကို ဂင်္ဂါမြစ်ထဲသို့ စွန့်ပစ်နိုင်ပါက ကောင်းမွန်ရာသို့ ဧကန်ရောက်နိုင်မည်ဟု ယုံကြည်ကြသည်။
ဂင်္ဂါမြစ်နှင့် လက်တက်များသည် မိုးတွင်း၌ ပတ်ဝန်းကျင်ဒေသများကို ရေလွှမ်းမိုးလျက် နုန်းမြေများကို တင်စေသဖြင့် ထိုအရပ်များ၌ မြေဩဇာ အလွန်ထက်သန် ကောင်းမွန်ပြီးလျှင် သန်းပေါင်းများစွာသော လူတို့၏ နေထိုင်စားသောက်မှုကို လွယ်ကူစေသည်။ ဆန်စပါး၊ ဂျုံ၊ ဝါ၊ ဟင်းခတ် အမွှေးအကြိုင်၊ ဂုန်လျှော်များ ကောင်းစွာဖြစ်ထွန်းသည်။
ဂင်္ဂါမြစ်သည် မိုင်ပေါင်း ၁၅၅၇ မိုင်ရှည်လျား၍ မြစ်ဝမှ မိုင် ၇၀၀ ကျော်ဝေးသော ကွန်ပိုမြို့အထိ သင်္ဘောများ ဆန်တက်သွားလာနိုင်ပြီး အိန္ဒိယပြည် လွင်ပြင်ကြီး၏ ဗဟိုရေကြောင်း လမ်းမကြီးဖြစ်သည်။[၁]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.