မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့ From Wikipedia, the free encyclopedia
စစ်ကိုင်းမြို့သည် မန္တလေးမြို့၏ အနောက်တောင်ဘက်၊ ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင် တည်ရှိပြီးစစ်ကိုင်းခရိုင်ရုံးစိုက်ရာမြို့ဖြစ်သည်။ဇေယျာပူရ (သို့) ဇေယျာရွှေမြေအဖြစ် ရည်ညွှန်းခေါ်ဆိုကြသည်။
စစ်ကိုင်းမြို့တော် | |
---|---|
ဧရာဝတီမြစ်ကူး ရတနာပုံတံတား | |
စစ်ကိုင်းမြို့တည်နေရာ | |
ကိုဩဒိနိတ်: 21°52′56″N 95°58′43″E | |
နိုင်ငံ | မြန်မာ |
ဒေသ | စစ်ကိုင်းတိုင်းဒေသကြီး |
ခရိုင် | စစ်ကိုင်းခရိုင် |
လူဦးရေ (၂၀၁၄) | ၃၀၇၁၉၄ |
• ကိုးကွယ်ယုံကြည်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
အချိန်ဇုန် | MST (UTC+6.30) |
စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်အဖြစ် ယခင်ကသတ်မှတ်ခဲ့သော်လည်း ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် တိုင်းအဆင့် အစိုးရအုပ်ချုပ်ရေးရုံးများ အားလုံးကို ခရိုင်ရုံးစိုက်ရာ မုံရွာမြို့သို့ ပြောင်းရွှေ့ အခြေစိုက်ခဲ့သည်။ အကြောင်းမှာ နဝတ အစိုးရလက်ထက် မြို့တော်နှင့် စစ်ဌာနချုပ် တွဲရက်မတည်ရှိသော စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်ရှိ တိုင်းအဆင့်ရုံးများကို သက်ဆိုင်ရာ စစ်ဌာနချုပ် ရှိရာသို့ အုပ်ချုပ်မှု လွယ်ကူစေရန် ပြောင်းခဲ့ရသည်။ သို့သော် ၂၀၀၈ အခြေခံဥပဒေ စတင်အာဏာသက်ရောက်သည့် ၂၀၁၀ခုနှစ်မှစ၍ သက်ဆိုင်ရာမြို့တော်သို့ ပြန်လည်ရောက်ရှိခဲ့သော်လည်း စစ်ကိုင်းတိုင်းအား ချန်လပ်ထားခြင်း ခံရသည်။'သံတံတိုင်း စစ်ကိုင်းတည်'ဟူသော သင်္ကေတအတိုင်း မြန်မာသက္ကရာဇ် ၆၇၇ ခုနှစ်တွင် အသင်္ခယာ စောယွန်းသည် စစ်ကိုင်းမြို့ နေရာတွင် ဇေယျာပူရ(အောင်မြို့) အမည်ဖြင့် စတင် တည်ထောင်ခဲ့လေသည်။
အင်းဝခေတ်ကို တည်ထောင်ခဲ့သော သတိုးမင်းဖျားသည် စစ်ကိုင်းမြို့တွင် ဖွားမြင်ခဲ့သော အသင်္ခယာ စောယွန်း၏ မြေးတော်ဖြစ်သည်။ ကုန်းဘောင်မင်းဆက် ညီတော်များအလွန်ချစ်ခင်လေးစားရသော နောင်တော်ကြီးမင်းသည် စစ်ကိုင်းမြို့ကို မင်းနေပြည်တော်အဖြစ် အသုံးပြုခဲ့သည်။ စစ်ကိုင်းတောင်ရိုး တစ်ခုလုံးမှာ ရဟန်းများ၊ သူတော်စင်များ တရားကျင့်သုံးရာ ဂူ၊ ကျောင်း၊ ချောင်များ၊ သီလရှင်များ၏ ချောင်များနှင့် တောင်ထွတ် တောင်ထိပ်တိုင်းတွင် တည်ထားသောစေတီများဖြင့် အလွန်ပင် ကြည်နူးဖွယ် ကောင်းပေသည်။
စစ်ကိုင်းမြို့ကို စဦးတည်တောင်သူမှာပုဂံခေတ် အကုန်တွင် ဩဇာထူထောင်ကြသည့် ရှမ်းညီနောင်သုံးဦးအနက် အငယ်ဆုံးဖြစ်သည့် သီဟသူမှ ဆင်းသက် သူ အသင်္ခယာ စောယွန်း ဖြစ်သည်။မြန်မာသက္ကရာဇ် ၆၇၇ ခုနှစ်တွင် စတင်တည်ထားခဲ့ပြီး သာတိုးတိုင်း စစ်ကိုင်းတည်ဟု မှတ်သားခဲ့ကြ သည်။ စစ်ကိုင်းမြို့တည်သက္ကရာဇ်ကို သာတိုးတိုင်း စစ်ကိုင်းတည်၊ သံတံတိုင်း စစ်ကိုင်းတည်၊ သောင်တော်ထွန်း စောယွမ်း စစ်ကိုင်းတည် (၆၇၇) ဟူ၍ လင်္ကာဖြင့် အမှတ်အသားပြုကြသည်။ သာယာဝိုင်း စစ်ကိုင်းတည်(၆၈၄-ခုနှစ်)သည် စစ်ကိုင်းမြို့တည်နှစ် မဟုတ်။ စစ်ကိုင်းမြို့တည်နန်းတည်မင်း အသင်္ခယာစောယွမ်း ၏ နတ်ရွာစံသက္ကရာဇ်သာ ဖြစ်ကြောင်း၊ သက္ကရာဇ် ၆၇၇ ခုနှစ်သာလျှင် စစ်ကိုင်းမြို့တည်နန်းတည်နှစ် ဖြစ်ကြောင်း စြင်္ကံန်ကျောင်းကျောက်စာကို အကိုးအကားပြု၍ မှန်နန်းရာဇဝင်ဆရာတို့က တည့်မတ်ပေးခဲ့ကြသည်။ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်(ခရစ်နှစ် ၂၀၁၅)တွင် စစ်ကိုင်းမြို့တည်နန်းတည် နှစ် ၇၀၀ ပြည့် အထိမ်းအမှတ်ပွဲတော်ကို စစ်ကိုင်းမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ မူလအမည်မှာ ဇေယျာပူရ (အောင်မြို့) ဖြစ်ပြီး မင်းအဆက်ဆက် အုပ်ချုပ်ခဲ့ရာမှ စစ်ကိုင်းဟု ပြောင်းလဲ ခေါ်တွင်ခဲ့သည်။
ကုန်းဘောင်ခေတ်ဦးတွင် နောင်တော်ကြီးမင်းသည် ရွှေဘိုမြို့ နှင့် စစ်ကိုင်း နှစ်ဌာနလုံးတွင် နန်းစံခဲ့သည်။ ထို့ပြင် စဉ့်ကူးမင်းနန်းတက်လျှင် ဘထွေးတော် များကို နန်းလုမည်စိုးသဖြင့် အင်းဝမှ စစ်ကိုင်းအနီးအပါးရှိ ကျေးရွာများသို့ နှင်ခဲ့သည်။ စဉ့်ကူးမင်းလက်ထက်တွင် ဘထွေးတော် ဗဒုံမင်းသည် စစ်ကိုင်းမြို့၊ ထူပါရုံစေတီနှင့် တောင်တံခါးအကြား(ယခု အိမ်တော်ရာ- အောင်မြေလောကစေတီ- ကျောက်စေတီနေရာ)တွင် ဆင်းရဲပင်ပန်းစွာ နေထိုင်ခဲ့ရသည်။ ဗဒုံမင်း အထွတ်အထိပ်သို့ ရောက်ရှိသည့်အခါ စစ်ကိုင်းအိမ်တော်ရာနေရာတွင် ကျောက်အုတ်တို့ဖြင့် အောင်မြေလောကစည်းခုံတော်ကို တည်ထားခဲ့သည်။
စစ်ကိုင်းဟု ခေါ်တွင်လာပုံမှာ စူဠာသမ္ဘဝနှင့် မဟာသမ္ဘာဝ ဟူသော မျက်မမြင် အမြွှာမင်းသားနှစ်ပါး မသိုးထမင်း မသိုးဟင်းနှင့် ဖောင်မျောလာရာ စစ်ကိုင်း အရပ် အရောက်တွင် မြစ်အတွင်းကိုင်းပေါက်နေသော စစ်ပင်ကြီးကိုင်းနှင့် ငြိကာ ဖောင်ရပ်တန့်မှုကြောင့် စစ်ပင်ကိုင်း(သို့မဟုတ်) စစ်ကိုင်းဟု ခေါ်တွင်ခဲ့ကြောင်းနှင့် တစ်ဖက်တွင်လည်း ဧရာဝတီမြစ် စီးဆင်းလာရာတွင် စစ်ကိုင်းမြို့အရောက်တွင် လေးကိုင်းသဖွယ်အရှေ့နောက် စကိုင်းကာ စီးဆင်းသွားခြင်းကို အကြောင်းပြုကာ စကိုင်းမှသည် စစ်ကိုင်းဟု ခေါ်ဝေါ်ကြောင်း သုတေသနပညာရှင်များ၏ မှတ်တမ်းများတွင် လေ့လာတွေ့ရှိရသည်။
စစ်ကိုင်းဆိုသည်မှာ စေကျိုင်း(မန်ကျည်းပင်ပေါသည့်အရပ်)(ရှမ်းစကား)၊ စကိုင်း(မြင်းခြေနင်းကွင်းလုပ်သည့်အရပ်)(ရှမ်းစကား)မှ ရွှေ့လျားလာသည် ဟုလည်း ဆိုသည်။{3}
စစ်ကိုင်းမြို့တည်နန်းတည် ကိုးဌာနမှာ ရွှေနန်းတော်၊ ရွှေမြို့တော်၊ အရှေ့တံခါး၊ အနောက်တံခါး၊ တောင်တံခါး၊ မြောက်တံခါး၊ စေတီလှ၊ သောတာပန် နတ်ကွန်း၊ ဆင်ဖြူကန်တို့ပင် ဖြစ်သည်။ [၁] စစ်ကိုင်းအတ္ထုပ္ပတ္တိများအဆိုအရ ကိုးကိုးလီဖြစ်ကြောင်း စစ်ကိုင်းသမိုင်းဒုတိယပလ္လင်ခံတွင်မှတ်တမ်းတင်ထားသည်။ ၁။ မုဌော-၉ဆူ ၂။ ကူ(ဂူ)-၉လုံး ၃။ ကျင်း-၉ကျင်း ၄။ မှော်-၉မှော် ၅။ ချောင်း-၉ချောင်း ၆။ မြို့စောင့်နတ်ကြီး-၉ပါး ၇။ တောင်-၉တောင် ၈။ ရတနာ-၉ပါး ၉။ ကုန်း-၉ကုန်း
စစ်ကိုင်းမြို့ ကို ၉-ကိုးနဝင်းဖြင့် ကိုးကိုးလီဟုအဆိုဖြင့် တည်ခဲ့ကြောင်းတွေ့ရှိရသည်။[၂]
စစ်ကိုင်းတွင် နုန်းတင်မြေနုလွင်ပြင်များမှ စ၍ ကျောက်တောင်များအထိ မြေမျက်နှာသွင်ပြင် အမျိုးမျိုးရှိသည်။ စစ်ကိုင်းတောင်ရိုးမှာ ပေ ၇၀၀ ကျော်မှ ၁၃၇၄ ပေအထိ အမြင့်ရှိသည်။
စစ်ကိုင်းတောင်ရိုးသည် ဘုရား၊ ကျောင်း၊ ကန်၊ စေတီပုထိုးတို့ တစ်စုတစ်ဝေးတည်ရှိနေသောကြောင့် စစ်ကိုင်းမြို့၏ သဘာဝ ကျက်သရေဆောင် အဖြစ် တည်ရှိနေပေသည်။ စစ်ကိုင်းတောင်ရိုးတွင် စေတီ အများအပြား ရှိသည့် အနက် ပတ္တမြားတောင်စွယ်၌ တည်ထားသော ပတ္တမြားစေတီ၊ ပုညအမတ်ကြီး တည်ခဲ့ပြီး ဝါစဉ် ဆွမ်းကပ်မှုတွင် ဦးစွာ ကပ်လှူရသဖြင့် ဆွမ်းဦး ပုညရှင်ဟု အမည်တွင်သော စေတီ၊ ဥမင် သုံးဆယ်၊ ရှင်ပင်နံကိုင်းစေတီတို့မှာ လွန်စွာ ထင်ရှားလှ၍ နှစ်စဉ် ပွဲတော်များ ကျင်းပလေ့ရှိကြသည်။
စစ်ကိုင်းတောင်ရိုးပေါ်တွင် ဧရာဝတီမြစ်ဆီသို့ ရှုမျှော်လျင် စစ်ကိုင်းမြို့၏ အကွက်အကွင်းအပြင် သောင်ကမ်းနှင့် တောရိပ်၊ မြစ်ဆိပ်နှင့် ရေပြင်ကျယ်တို့က အတင့်အတယ် ရှိနေသဖြင့် မြို့မငြိမ်း၏ သီချင်းစာသား ထဲမှ မြစ်မင်းဧရာ ခွေကာဝိုင်းလို့၊ စစ်ကိုင်းအောက်ချာမြေ၊ ရေလှိုင်းကလေးတွေ နေရောင်မြှူးတော့ ငွေရောင်ဖြူးကာနေ ဟူသော အပိုဒ်ကို သတိရ၍ ဆိုညည်းမိကြသည်။ စစ်ကိုင်းမြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းရပ်ဝန်း၌ ပါရှိသော်လည်း ဤဒေသတစ်ဝိုက်ရှိ ဧရာဝတီမြစ်၊ မူးမြစ်၊ ချင်းတွင်းမြစ်တို့ကို ဖြတ်ကျော်တိုက်ခတ်လာသော လေအေးကြောင့် ရာသီဥတု မျှတ၍ နေချင့်စဖွယ်ရှိ၏။ တောရိပ် တောင်ရိပ်၊ ကသစ်ရိပ်တို့၏ ရုပ်ပိုင်းဆိုင်ရာ အေးချမ်းမှုအပြင် ဓမ္မရိပ်ကြောင့်လည်း နာမ်ပိုင်းဆိုင်ရာ အေးချမ်းမှုကို ပါ ရရှိနိုင်ပေသည်။
ရိုးရာလုပ်ငန်းများဖြစ်သည့် အိုးလုပ်ငန်း မြန်မာ့ရိုးရာငွေထည်ကြေးထည်လုပ်ငန်းများ သာသနာရေးနှင့် ပတ်သက်သည့်လုပ်ငန်းများ လုပ်ကိုင်ကြသည်။ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးသည်။ စစ်ကိုင်းစက်မှုဇုန် သည် တိုင်းဒေသကြီးတွင် အကြီးဆုံးဖြစ်သည်။ ဒေသထွက်ကုန်သီးနှံများဖြင့် အတန်အတင့်ကောင်းမွန်သည့် စီးပွားရေးဖြစ်ထွန်းသည်။ ကျောက်စိမ်းပုတီး လုပ်ငန်းလည်း လုပ်ကိုင်ကြသည်။
မန္တလေးမြို့သို့ သွားသည့် မြစ်ကြီးနား-စစ်ကိုင်း မီးရထားလမ်းသည်လည်းကောင်း၊ မုံရွာ-စစ်ကိုင်းကားလမ်း၊ မြင်းခြံ-မန္တလေးကားလမ်း အစရှိသည့် မီးရထားလမ်းနှင့် ကားလမ်းများ ဖြတ်သန်းသွားလာရာ မြို့လည်းဖြစ်သည်။ ရန်ကုန်-မန္တလေး အမှတ်(၁) လမ်းမကြီး၏ လမ်းခွဲများရှိရာဖြစ်သည်။ ထို့ပြင် ဧရာဝတီမြစ်ကို အမှီပြုကာ ရေကြောင်းသွားလာရေးလည်း လွယ်ကူသည်။
ဂျီအက်စ်အမ်(GSM)ဖုန်း နှင့် အော်တိုဖုန်းများကို ဆက်သွယ် အသုံးပြုနိုင်သည်။ ထို့ပြင် အေဒီအက်စ်အယ်လ်(ADSL) ဖြင့် အင်တာနက်လိုင်းများ အသုံးပြုနိုင်ပြီဖြစ်သည်။
ရှေးအခါက စစ်ကိုင်းမြို့အောက်ပိုင်းသည် ရေလွှမ်းမိုးခြင်း ခံခဲ့ရသော်လည်း ၁၈၈၉ ခုနှစ်တွင် ရေကာတာကြီးဆောက်လုပ်လိုက်သဖြင့် ယခုရေလွှမ်းမိုးခြင်းဘေးမှ သက်သာရာရရှိနေပေသည်။ မြို့၏စည်ပင်ရေးကို မျူနီစီပယ်အဖွဲ့က ဆောင်ရွက်သည်။
၁၈၉၁ ခုနှစ်တွင် စစ်ကိုင်းမှ ရွှေဘိုမီးရထားလမ်းကို စတင်ဖွင့်လှစ်ခဲ့ရာ ယခုအခါ စစ်ကိုင်းမှ ကသာနှင့် မြစ်ကြီးနားသို့၎င်း၊ အနောက်ဘက်မုံရွာနှင့် ရေဦးမြို့သို့၎င်း၊ မီးရထားလမ်း များပေါက်နေလေပြီ။ စစ်ကိုင်းမှ ရွှေဘိုသိုလည်း မော်တော်ကားလမ်းရှိလေသည်။
ရှေးအခါက ရန်ကုန် မြစ်ကြီးနားမီးရထားလမ်းမှာ အမရပူရနှင့် စစ်ကိုင်းတွင် သင်္ဘောဖြင့် ကူးပြောင်း၍ စီးကြရသော်လည်း၊ ၁၉၃၄ ခုနှစ်တွင် ဧရာဝတီမြစ်ကို ဖြတ်၍ အင်းဝတံတားကြီးကို ဆောက်လုပ်ပြီးစီးခဲ့သဖြင့် တောက်လျှောက် ဖြတ်ကူးနိုင်ခဲ့လေသည်။ သို့ရာတွင် အင်းဝတံတားကြီးမှာ ဒုတိယကမ္ဘာစစ်အတွင်း ဖျက်ဆီးခြင်းခံခဲ့ရသောကြောင့် မီးရထားဌာနက ၁၉၅၃ ခုနှစ်တွင် ပြန်၍ပြင်ဆင်ခဲ့ရာ ၁၉၅၄ ခုနှစ် အောက်တိုဘာလတွင် ပြီးစီးခဲ့သည်။
စစ်ကိုင်းပိုးထည်နှင့် စစ်ကိုင်းရေအိုးများမှာ အထူးကျော်ကြားသည်။ စစ်ကိုင်းမြို့နယ်အတွင်း ဆားတောင်မြို့နှင့်အနီးအနားရွာများတွင် ဆားချက်လုပ်သည်။ စစ်ကိုင်းမြို့၊ရွာထောင်ရပ်ကွက်မှ ငွေထည်များမှာလည်း ထင်ရှားပေသည်။
စစ်ကိုင်းမြို့တွင် မြန်မာလူမျိုးများအပြင် မွတ်စလင်များ၊ ကသည်းလူမျိုးများ၊ ရှမ်းတရုတ်၊ ဟိန္ဒူ မဒရာစီ၊ အူရီယာ စသောလူမျိုးပေါင်းစုံနေထိုင်ကြသည်။ ၁၉၅၃ခုနှစ် သန်းကောင်စာရင်းအရ မြို့၏လူဦး ရေမှာ ၁၅၄၃၉ယောက် ရှိလေသည်။[၃]
၂၀၁၄-ခုနှစ် စာရင်းဇယားများအရ စစ်ကိုင်းမြို့ပေါ်(၂၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈၁)အုပ်စု၊ ကျေးရွာပေါင်း(၂၀၆)ရွာ၊ အိမ်ခြေပေါင်း(၅၁၆၈၃)၊ အိမ်ထောင်စုပေါင်း(၅၆၄၅၆)၊ လူဦးရေပေါင်း(၂၇၉၁၄၆)ဦး(ကျား-၁၃၁၀၅၈+ မ-၁၄၈၀၈၈) ရှိသည်။ မြို့ပေါ်(၂၃)ရပ်ကွက်တွင် အိမ်ခြေ(၁၁၈၅၀)၊ အိမ်ထောင်စုပေါင်း(၁၃၃၆၅)၊ ရှိသည်။{3}
မိုးအခါတွင် ဧရာဝတီမြစ်သည် စစ်ကိုင်းခရိုင်၏ မြေနိမ့်ဒေသများတွင် ရေလွှမ်းမိုးလေ့ရှိသည်။ ဧရာဝတီမြစ်ကမ်းနှင့် မြစ်အတွင်းရှိ ကျွန်းကြီးကျွန်းငယ်များမှာ နှစ်စဉ်ရေလွှမ်းမိုးရာတွင် တင်ကျန်ရစ်သော နုံးတင်မြေနုများကြောင့် မြေဩဇာကောင်းပေသည်။ တောင်ကုန်းဒေသများမှာမူ ခြောက်သွေ့၍ သစ်ပင်ဝါးပင် ကင်းမဲ့လျက်ရှိ၏။
စစ်ကိုင်းမြို့ရှိ တက္ကသိုလ်နှင့် ကောလိပ်များမှာ
ထူးခြားသည့်ရိုးရာပွဲတော်အနေဖြင့် နှစ်စဉ်တပိုတွဲလပြည့်နေ့ညတွင် ကြေးဘုရားကြီးပွဲတော်၌ ဘဲဥထုပွဲကျင်းပလေ့ ရှိသည်။
စစ်ကိုင်းမြို့တွင် တန်ခိုးကြီးဘုရားများ ပေါများလှရာ သာလွန်မင်းတရားကြီးတည်ခဲ့သော ကောင်းမှုတော်ဘုရား၊ ဘိုးတော်မင်းတရား တည်ခဲ့သော မင်းကွန်းဘုရား၊ ငါးထပ်ကြီးဘုရား၊ စစ်ကိုင်းတောင်ရိုးရှိ ပုညရှင်၊ ဥမင်သုံးဆယ်၊ ပတ္တမြားစေတီ၊ ရှင်ပင်နံကိုင်းစေတီတို့မှာ အထူးပင်ထင်ရှားကြ၍ ပွဲတော်များ နှစ်စဉ်ကျင်းပကြသည်။
စစ်ကိုင်းမြို့တွင် နံရံဆေးရေးပန်းချီတည်ရှိသည့်စေတီဘုရားများမှာ
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.