စစ်တွေခရိုင်
ရခိုင်ပြည်နယ် From Wikipedia, the free encyclopedia
ရခိုင်ပြည်နယ် From Wikipedia, the free encyclopedia
စစ်တွေခရိုင်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၌ အနောက်ဘက်အကျဆုံး ခရိုင်ဖြစ်၍၊ ရခိုင်ပြည်နယ်မြောက်ဘက် အစွန်ဆုံးရှိ ခရိုင်ဖြစ်သည်။ စစ်တွေခရိုင်၏ အနောက်နှင့် အနောက်မြောက်စွန်းဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းနယ်ရှိသည်။ နတ်မြစ် (ဝါ) ငတ်မြစ်သည် စစ်တွေခရိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ နယ်ခြားမြစ်ဖြစ်သည်။
စစ်တွေခရိုင် | |
---|---|
ရခိုင်ပြည်နယ်အတွင်းတည်နေရာ | |
ရခိုင်ပြည်နယ်အတွင်းတည်နေရာ | |
ကိုဩဒိနိတ်: 20°30′N 93°20′E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရခိုင်ပြည်နယ် |
မြို့နယ်ပေါင်း | ၄ |
မြို့တော် | စစ်တွေမြို့ |
လူဦးရေ (၂၀၁၄) | ၅၃၇,၃၀၀ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
စစ်တွေခရိုင်၏ မြောက်ဘက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ချင်းပြည်နယ်ရှိ၍၊ စစ်တွေခရိုင်၏ အရှေ့ဘက်နယ်နိမိတ်မှာ ရခိုင်ရိုးမတောင်တန်းကြီးဖြစ်၏။ အရှေ့ဘက်တွင် မင်းဘူးခရိုင် နှင့် ၁ဝ မိုင်ခန့်မျှ နယ်နိမိတ်ချင်း ဆက်စပ်နေသော်လည်း၊ တောင်ကြီးများ ကာဆီးလျက်ရှိသဖြင့် မင်းဘူးခရိုင်မှ စစ်တွေခရိုင် တွင်းသို့ ဖြတ်သန်းကူးလူးခြင်း မပြုနိုင်ပေ။ စစ်တွေခရိုင်၏ တောင်ဘက်တွင် ကျောက်ဖြူခရိုင်ရှိ၍၊ အနောက်ဘက်တွင် ဟန်းတားပင်လယ်အော်မှ နတ်မြစ်ဝအထိ ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းသည် ဘင်္ဂလားပင်လယ်အော်နှင့် ဆက်စပ် လျက်ရှိသည်။ စစ်တွေခရိုင်သည် စတုရန်း မိုင် ၅၁၃၆ မျှ ကျယ်ဝန်းသည်။
စစ်တွေခရိုင်မှာ ရခိုင်တိုင်း၏ အကြီးဆုံးအပိုင်းဖြစ်၍၊ ခရိုင်အတွင်းရှိ ဓညဝတီဟု ရှေးကတွင်ခဲ့သည့် မြို့ဟောင်းမှာ ရှေးအခါက ရခိုင်ပြည်၏ မြို့တော်ဖြစ်ခဲ့သည်။ ယခုတိုင် ရှေးဟောင်းအဆောက်အအုံပျက်များကို တွေ့မြင်နိုင်သေး၏။ စစ်တွေခရိုင်အတွင်းရှိ ကျောက်တော်မြို့နယ်၊ မဟာမုနိဒေသမှ မြတ်စွာဘုရား ရုပ်ပွားတော်တစ်ဆူကို ခရစ်သက္ကရာဇ် ၁၇၈၄ ခုနှစ်တွင် မြန်မာတို့ ပင့်ဆောင်လာခဲ့၏။ ထိုရုပ်ပွားတော်မှာ ယခုအခါ မန္တလေးမြို့တွင် သီတင်းသုံးနေတော်မူသော မဟာမုနိဘုရားပင် ဖြစ်သည်။
အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲအတွင်း ၁၈၂၅ ခုနှစ်တွင် ဂျင်နရယ်မောရီဆန်၏ တပ်တစ်တပ်သည် စစ်တစ်ကောင်းမှ နတ်မြစ် ကိုဖြတ်လျက် မြို့ဟောင်းမြို့ကို တိုက်ခိုက်သိမ်းပိုက် ခဲ့လေသည်။ ထိုပထမအင်္ဂလိပ် မြန်မာစစ်ပွဲကို ၁၈၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ချုပ်ဆိုသော ရန္တပိုစာချုပ်ဖြင့် စစ်ပြေငြိမ်းခဲ့ရာ၊ ရခိုင်တိုင်းမှာ ထိုစဉ်က အင်္ဂလိပ်လက်အောက် သို့ ကျရောက်ခဲ့လေသည်။
ထိုအခါအင်္ဂလိပ်တို့က ရခိုင်တိုင်း၏ အုပ်ချုပ်ပုံနည်းစနစ်များကို ပြင် ဆင်လိုက်၏။ နည်းစနစ်သစ်အရ၊ ရခိုင်တိုင်း ကို ရခိုင်တိုင်း တောင်တန်းဒေသခရိုင်၊ ကျောက်ဖြူခရိုင်၊ စစ်တွေခရိုင်၊ သံတွဲ ခရိုင်ဟူ၍ ခရိုင် ၄ ခု ခွဲလိုက်လေသည်။ ထိုခရိုင် ၄ ခုတွင် စစ်တွေခရိုင်မှာ အကြီးဆုံးနှင့် အရေးပါအရာရောက်ဆုံးခရိုင် ဖြစ်သည်။ စစ်တွေခရိုင်သည် မြောက်ဘက်လတ္တီတွဒ် ဒီဂရီ ၁၉.၁၇ နှင့် ၂၁.၂၇ ဒီဂရီအကြားတွင် ရှိသော်လည်း၊ ပင်လယ် ကမ်းခြေတွင် တည်ရှိသဖြင့် ထိုလတ္တီတွဒ်အတွင်းရှိ မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများကဲ့သို့ အပူအအေးလွန်ကဲခြင်းမရှိပေ။ တစ်နှစ်ပတ်လုံးပျမ်းမျှအပူချိန် ၇၈ ဒီဂရီမျှသာရှိ၏။ မိုးရွာသွန်း ချိန်တွင် သည်းထန်စွာရွာသွန်းသည်။ လေမုန်တိုင်းများလည်း ကျရောက်တတ်သည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ခရိုင်အတွင်းရှိလူဦး ရေမှာ ၅၃၇,၃၀၀ ဖြစ်၏။[1] ထိုအထဲတွင် ဗုဒ္ဓဝါဒီများမှာ အများ ဆုံးဖြစ်သည်။ ဗုဒ္ဓဝါဒီများမှ လွဲလျှင် မွတ်စလင်များမှာ အများ ဆုံးဖြစ်၏။ စစ်တွေခရိုင်တွင်း၌ ရခိုင်၊ ဗမာ၊ ခမီး၊ မြို၊ ချင်း၊ ဒိုင်းနက်၊ ချောင်းသား၊ သက်ဟူသော တိုင်းရင်းသားတို့ နေထိုင်ကြသည်။ ခရိုင်တွင်းရှိလူများသည် အများအားဖြင့် လယ်ယာ လုပ်ကိုင်ကြသည်။
စစ်တွေခရိုင်သည် မြေဩဇာကောင်းမွန်၍၊ မိုးလုံလောက် စွာရွာသောကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ကောင်းမွန်၏။ ခရိုင်တွင်းရှိ မြေပြန့်တို့တွင် ဆန်စပါးစိုက်ပျိုးရန် သင့်လျော်၍၊ တောင်ခြေဒေသများတွင် ဥယျာဉ်များလုပ်ကိုင်ရန်သင့်လျော်၏။ တောင်ပေါ်တွင်မူကား တောင်ယာများလုပ်ကိုင်ကြ၏။ စစ်တွေ ခရိုင်အတွင်း၌ လယ်ယာစိုက်ပျိုးရေးအတွက် စရိတ်မှာ မြန်မာ နိုင်ငံအောက်ပိုင်းထက် ပိုမိုကြီးလေးသည်။ ခရိုင်တွင်းတွင် အသုံးပြုသော စိုက်ပျိုးနည်းများမှာ မြန်မာနိုင်ငံအောက်ပိုင်း အခြားဒေသများနှင့် အနည်းငယ် ကွဲပြား၏။ ဆန်စပါးကို အများဆုံးစိုက်ပျိုး၏။ ဆေးနှင့် ကြံကို အနည်းငယ်စိုက်ပျိုးလုပ်ကိုင်ကြ၏။ ဒီရေ အတက်အကျရှိသော ဒေသများတွင် ဓနိပင်များပေါက်သည်။
စစ်တွေခရိုင်တွင် တောင်ထူထပ်သောနေရာတို့၌ အမြဲတမ်း စိမ်းလန်းသော သစ်တောကြီးများရှိ၏။ သို့ရာတွင်မိုးများ၍ စိုစွတ်လွန်းသဖြင့် ကျွန်းသစ်များစွာ မပေါက်ရောက်ချေ။ ပျဉ်းကတိုးများသာ အများအပြား ပေါက်ရောက်လေသည်။ ပျဉ်းကတိုးသည် ဇလီဖားတုံးလုပ်ရန် အသုံးဝင်၏။ အခြားပေါက်ရောက်သော သစ်များမှာ ပျဉ်းမ၊ သစ်ကတိုးစသည်တို့ဖြစ်၏။ ကျွန်းစိုက်ပျိုးရေးလုပ်ငန်းကို ၁၈၇၂-၄ ခုနှစ်ခန့်ကမှ စတင်ခဲ့သည်။ သစ်တောကြီးများအပြင်၊ ဝါးရုံတောကြီးများလည်း ကျယ်ပြန့်စွာတည်ရှိလေသည်။ ထိုသစ်တော များတွင် ဆင်၊ ပြောင်၊ ကျား၊ ကျားသစ်တို့ရှိကြ၏။ သမင်အမျိုးမျိုးကို မြေပြန့်တောများတွင် တွေ့ရလေသည်။
စစ်တွေခရိုင်အတွင်းမှ ကျောက်မီးသွေးတူးဖော်တွေ့ရှိရ သော်လည်း အမျိုးညံ့သဖြင့် အသုံးမပြုနိုင်ချေ။ ဒုတိယကမ္ဘာစစ် မဖြစ်မီက အရှေ့ပိုင်း ဖရုံကာကျွန်းတွင် ရေနံတူးဖော်ရရှိရာ၊ တစ်နှစ်လျှင် ဂါလံ ၅ဝ,ဝဝဝ ကျော်မျှထွက်သည်။ ခရိုင်တွင်းမှ တစ်နှစ်လျှင် ဆားတန်ချိန် ၂၂ဝ မျှထွက်၏။
စစ်တွေခရိုင်တွင် ဆန်စပါးကို အဓိက ကုန်သွယ်ရောင်း ဝယ်သည်။ ခရိုင်တွင်းမှထွက်သော ဆန်စပါးကို ရေလမ်း၊ ကုန်းလမ်းခရီးတို့ဖြင့် စစ်တွေမြို့သို့ သယ်ဆောင်လာကာ စစ်တွေမြို့မှတစ်ဆင့် တင်ပို့ရောင်းချလေသည်။
ခရိုင်တွင်း ကူးသန်းရောင်းဝယ်ရေးတွင် ကုန်ချင်းဖလှယ်မှုစနစ်မျိုးကို ခရိုင်အစွန်အဖျားရှိ တောင်ပေါ် သားများက အသုံးပြုသည်။ စစ်တွေခရိုင်၏ လမ်းပန်းဆက်သွယ်ရေးသည် မြေမျက်နှာပြင်အနေအထားပေါ်တွင် တည်ရှိသည်။ စစ်တွေခရိုင်၏ မြေမျက်နှာပြင်မှာ ကမ်းရိုးတန်းဘက်နီးလာသောအခါ မြေနိမ့်လွင် ပြင်များ ဖြစ်လာသဖြင့် မြစ်များသည် ဖြာထွက်ကာ စီးဆင်းကြသောကြောင့် ချောင်းငယ် မြောင်းငယ်အများအပြားရှိနေ၏။
ထို့ကြောင့် ခရိုင်၏ မြေပြန့်အရပ်များတွင် ပိုက်ကွန်သဖွယ် ယှက်သန်းနေသော ချောင်းငယ်များရှိရာ၊ မိုးရာသီတွင် ကုန်း လမ်းခရီးဖြင့် အသွားအလာ မဖြစ်နိုင်လောက်အောင် ခဲယဉ်း လေသည်။ ကုလားတန်မြစ်သည် ခရိုင်အတွင်း အသုံးအဝင် ဆုံးမြစ်ဖြစ်၍၊ တန် ၄ဝဝ အထိအလေးချိန်ရှိသော သင်္ဘော များသည် မြစ်ဝမှမိုင် ၄ဝ အထိ ဆန်တက် သွားလာနိုင်သည်။ ကုလားတန်မြစ်ဝ လက်ျာဘက်ကမ်းတွင် စစ်တွေမြို့ တည်ရှိ သည်။ စစ်တွေမြို့မှ ရေလမ်းခရီးဖြင့် အခြားခရိုင်များသို့ ခရီး လမ်းဆက်သွယ်နိုင်၏။ စစ်တွေမြို့သည် ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်သည်။ စစ်တွေမြို့မှ ကျောက်ဖြူ၊ သံတွဲ၊ ရန်ကုန်၊ စစ်တကောင်း၊ ကာလကတ္တားမြို့များသို့ သင်္ဘောများ ခုတ်မောင်း သွားလာခြင်း ရှိလေသည်။ စစ်တွေမြို့တွင် စစ်တွေလေဆိပ်ရှိသဖြင့် လေကြောင်းခရီးဖြင့် လမ်းပန်းဆက်သွယ်မှုလည်း ရှိလေသည်။
စစ်တွေသင်္ဘောဆိပ်သို့ အဝင်တွင် ဆဲဗစ်ကျွန်းပေါ်၌ မီးပြ တိုက်တစ်ခုရှိသည်။ ယင်းမီးပြတိုက်မှာ ကျောက်တုံးများဖြင့် တည်ဆောက်ထားလျက် အမြင့် ၁၃၈ ပေရှိ၏။ ထိုမီးပြတိုက် ကို ၁၈၄၂ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ စစ်တွေသင်္ဘောဆိပ်မှ ၁၄ မိုင်အကွာတွင်ရှိသော အွိုက်စတာကျွန်း၌ မီးပြတိုက် တစ်ခု ရှိသေးသည်။ ထိုမီးပြတိုက်ကို ၁၈၉၂ ခုနှစ်ကမှ စတင် တည်ဆောက်ခဲ့လေသည်။ [2]
စစ်တွေခရိုင်တွင်းရှိ မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။ [3]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.