စာရိတ္တသိက္ခာပုဒ်
From Wikipedia, the free encyclopedia
Remove ads
အမှု—ထမင်းဖြင့်ဖိတ်ထားလျက် ထိုထမင်းမစားခင် အခြားအိမ်သို့ လှည့်လည်မှု။
အမှုသည်—ရှင်ဥပနန္ဒ။
ရှင်ဥပနန္ဒ၏ အိမ်လည်မှု
ရှင်ဥပနန္ဒ၏ ဒါယကာဖြစ်သော အမျိုးသည် ရှင်ဥပနန္ဒနှင့်တကွ အခြား ရဟန်းများကိုပါ ထမင်းစား ကြွဘို့ရန် (“ဘတ္တ = ထမင်း” ဟူသောနာမည်ဖြင့်) ပင့်ဖိတ်ထားလေသည်။ [ယခုကာလ၌ ပင့်ဖိတ်တတ်သူတို့သည် ဆွမ်းစားကြွပါ, ဆွမ်းဘုဉ်း ပေးကြွပါ” စသည်ဖြင့် ရဟန်းတို့အား အပ်စပ်သော လျှောက်နည်းဖြင့် လျှောက်၍ ပင့်ဖိတ်ကြ၏၊ ထိုဒါယကာကား ထိုသို့မလျှောက်ဘဲ “ထမင်း” ဟူသောနာမည် “ဘတ္တ”ဟူသော ပါဠိနာမည်မျိုးဖြင့် ပင့်ထားသည်-ဟု မှတ်၊] ထိုသို့ ပင့်ထားပြီးနောက် ရှင်ဥပနန္ဒသည် ထိုဘတ္တကို မစားမီ အခြားအိမ်များသို့ လှည့်လည်နေ၏၊ ဖိတ်ထားသော အိမ်သို့ ရဟန်းအများ ရောက်နှင့်ကြသော်လည်း ရှင်ဥပနန္ဒကား မရောက်လာသေး။
ထိုအခါ ရဟန်းများက “ဒါယကာတို့... ဘတ္တ (ထမင်း) ကိုပေးကြလော” ဟု ပြောကြ၏၊ ဒါယကာများက အရှင်ဥပနန္ဒလာသည်တိုင်အောင် ဆိုင်းငံ့ကြပါဉုး” ဟု လျှောက်ကုန်၏၊ ၂-ကြိမ်ပြောကြပြီးနောက် ရဟန်းများက ၃-ကြိမ်မြောက် ထပ်၍ ပြောကြသောအခါ “အရှင်ဥပနန္ဒကို အကြောင်းပြု၍ ထမင်းကျွေးရခြင်း ဖြစ်ပါတယ်, အရှင်ဥပနန္ဒလာသည် တိုင်အောင် ဆိုင်းငံ့ကြပါဉုး” ဟု လျှောက်ကြလေသော် ရဟန်းများဘာမှ မပြောသာတော့ဘဲ ဆွမ်းဆာလျက် ဆိုင်းငံ့ကြရလေတော့၏၊ ရှင်ဥပနန္ဒလည်း ထိုဘတ်ကို မစားသေးခင် လည်ချင်တိုင်း လည်ပြီးနောက် နေမြင့်လှမှ ရောက်လာ၏၊ ရဟန်းများကား စိတ်ရှိသလောက် မစားနိုင်ကြကုန်၊ ထိုအကြောင်းကို ဗုဒ္ဓရှင်တော်ကြားတော်မူ၍...
“ယော ပန ဘိက္ခု နိမန္တိတော သဘတ္တော သမာနော ပုရေဘတ္တံ ကုလေသု စာရိတ္တံ အာပဇ္ဇေယျ”ဟု မူလပညတ်ကိုထားတော်မူရလေသည်၊ [အကြင်ရဟန်းသည် “ဘတ္တ”ဟူသောနာမည်ဖြင့် ပင့်ဖိတ်အပ်သူ(ပင့်ဖိတ်ထားသော)ဘတ်ရှိသူ ဖြစ်ပါလျက် ထိုဘတ်ကို မစားမီ အိမ်တို့၌လည်နေအံ့၊ ထိုရဟန်းပါစိတ်အာပတ်သင့်၏။] ဤမူလပညတ်တော်ဝယ် “ပစ္ဆာဘတ္တံ” စသော စကားများ မပါသေးကြောင်းကို သတိပြုခဲ့ပါ။[၁]
Remove ads
ပစ္ဆာဘတ်အချိန် လည်ပြန်ခြင်း
ရှင်ဥပနန္ဒသည် “ပင့်ဖိတ်ထားသောဘတ် (ထမင်း)ကို မစားသေးခင် မလည်ရ”ဟု ပညတ်တော်မူချက်ကို ရှောင်၍ ထိုဘတ်ကိုစားပြီးမှ ဟိုအိမ် သည်အိမ် လည်နေပြန်၏၊ ထိုလည်နေခိုက်မှာပင် သူ၏ ဒါယကာအိမ်မှ ခဲဘွယ်(မုံ့)များကို “အရှင်ဥပနန္ဒကိုပြပြီးမှ သံဃာအားလှူလေ” ဟု မှာ၍ အပို့ခိုင်း လိုက်ပြန်လေသည်၊ အပို့လာသူတို့မှာ အရှင်ဥပနန္ဒကို မတွေ့ရ၍ အခက်ကြုံနေရကား ရဟန်းတော်များက ထိုအကြောင်းကို ဗုဒ္ဓရှင်တော်အား လျှောက်ကြလေသော် ဥပနန္ဒ လာသည့်တိုင်အောင် အကပ်ခံထားကြ”ဟု မိန့်တော်မူသဖြင့် အကပ်ခံ၍ မစားသေးဘဲ စောင့်နေကြရလေသည်။ ရှင်ဥပနန္ဒကား လည်ချင်တိုင်းလည်ပြီး၍ နေမြင့်လှမှ ပြန်လာ၏၊ သို့သော် ထိုအပို့လာသူတို့က မစောင့်နိုင်ကြတော့, ထိုမုံ့တွေကို အိမ်သို့ပြန်ယူသွားလေပြီ၊ ထိုအကြောင်းကို ဗုဒ္ဓရှင်တော်သိတော်မူ၍ “ယောပန ဘိက္ခု နိမန္တိတော သဘတ္တော သမာနော ပုရေဘတ္တံ ဝါ (ပစ္ဆာဘတ္တံဝါ) ကုလေသု စာရိတ္တံ အာပဇ္ဇေယျ ပါစိတ္တိယံ”ဟု ပစ္ဆာဘတ္တံပုဒ်ကိုဖြည့်စွက်၍ အနုပညတ် တပ်တော်မူပြန်သည်။[၁]
Remove ads
မှတ်ချက်
ဤ၌ ပစ္ဆာဘတ္တ = ဘတ်ကိုစားပြီး နောက်ကာလ” ဟူသည် ဖိတ်ထားသောဘက်ကို (နဲနဲပါးပါးဖြစ်စေ)စားပြီးနောက် မွန်းမတည့်မီအချိန် အတွင်းတည်း၊ နေ့လွှဲသည့် အချိန်မှစ၍ကား ဤသိက္ခာပုဒ်အတွက် စောင့် စည်းဘွယ်မလိုတော့၊ ဝိကာလေဂါမပ္ပဝေသနသိက္ခာဒ်အရသာ စောင့်ရှောက်ရလိမ့်မည်၊ ဤသိက္ခာပုဒ်အရ မွန်းမတည့်မီ စောင့်ရခြင်းမှာလည်း မအပ်သော ဖိတ်ခြင်းဖြင့် “ထမင်းစား, ငါး-အမဲစား, မုံ့စား, မုံ့တီ-ခေါက်ဆွဲစားကြွပါ”ဟု ဖိတ်ထားမှသာ စောင့်ရှောက်ရ၏။ ယခုကာလလို “ဆွမ်း” စသည်ဖြင့် လျှောက်၍ ဖိတ်ထားလျှင် ဤသိက္ခာပုဒ်အရ စောင့်ဘွယ်မလို။[၁]
သင်္ကန်းလှူရာကာလ
အချို့ရဟန်းတော်များသည် ထမင်းစားဖိတ်ထားသဖြင့် “ကထိန်ခေတ်” ဟု ခေါ်ရသော သင်္ကန်းလှူရာ ကာလ၌လည်း ဒါယကာ ဒါယိကာမအိမ်သို့ မသွားကြရတော့သဖြင့် (ရဟန်းများကိုမြင်ရ တွေ့ရမှ သတိရကြ, မမြင်မတွေ့ရလျှင် သတိမရကြတော့သော ဒါယကာ ဒါယိကာမတို့သည် သင်္ကန်း မလှူကြသောကြောင့် သင်္ကန်းအရနည်းပါး ကြလေသည်၊ ထို့ကြောင့် ဗုဒ္ဓရှင်တော်မြတ်သည် “သင်္ကန်းလှူချိန်ကာလ ဖြစ်လျှင် ထမင်းစား ဖိတ်ထားလျက်ရှိသော်လည်း အခြားအိမ်တို့သို့ လှည့်လည် နိုင်၏” ဟု ခွင့်ပြုတော်မူသောအားဖြင့် “အညတြ သမယာ ပါစိတ္တိယံ၊ တတ္ထာယံ သမယော စီဝရဒါနသမယော”ဟု ဖြည့်စွက်၍ ဒုတိယအနုပညတ် ထပ်တော်မူရလေသည်။ [၁]
Remove ads
မှတ်ချက်
စီဝရဒါနသမယကို ယခုကာလ၌ ကထိန်ခေတ်ဟု အသိအမှတ် ပြုကြ၏။ ထို့ကြောင့် “သီတင်းကျွတ်လပြည့်ကျော် တရက်မှစ၍ တန်ဆောင်မုန်းလပြည့်တိုင်အောင်၎င်း, ကထိန်အာနိသင် ရသူအတွက် တပေါင်းလပြည့် တိုင်အောင်၎င်း, စီဝရဒါနသယ = သင်္ကန်းလှူရာအခါ” ဟုမှတ်၊ ဤစီဝရဒါန သမယ၌ ပုရေဘတ္တ ပစ္ဆာဘတ္တ အချိန်ဝယ် အိမ်သို့သွားလာလှည့်လည်ခြင်းကြောင့် အပြစ်မသင့်ရကား ဤသိက္ခာပုဒ်ကို ကထိန်၏အကျိုး ၅-ပါးတွင် တပါးအပါအဝင်ဟုလည်း သတိပြု။ ကထိန်[အကျိုးတွင် ဤစာရိတ္တသိက္ခာပုဒ်ကို မယူဘဲ ဝိကာလဂါမပ္ပဝိသနသိက္ခာပုဒ်ကို ယူမှားတတ်ကြသည်။][၁]
Remove ads
သင်္ကန်းချုပ်ဆိုးရာကာလနှင့် ဂိလာနကာလ
အချို့ရဟန်းတော်များသည် သင်္ကန်းချုပ်ဆိုးကြသည့်အခါ ထမင်းဖြင့် ဖိတ်ထားလျက် ရှိသောကြောင့် ပုရေဘတ္တ ပစ္ဆာဘတ္တအချိန်ဝယ် ဟိုအိမ်သို့ မသွားဝံ့ကြချေ။ အပ်, အပ်ချည်, ဓားကလေးများလည်း လိုလျက်ရှိ၏။ ထိုအကြောင်းကို ဗုဒ္ဓရှင်တော် ကြားတော်မူ၍ သင်္ကန်းချုပ်ဆိုးချိန် ဖြစ်မူ သွားကောင်း၏”ဟု ခွင့်ပြုတော်မူလျက် “စီဝရကာရသမယော”ဟု ဖြည့်စွက်ကာ တတိယအနုပညတ် ထပ်တော်မူရပြန်သည်၊ ထိုသို့ပင့်ဖိတ်ထားသော ရဟန်းတို့သည် မကျန်းမမာ ဖြစ်၍ ဆေးဖြင့် အလိုရှိပါလျက် အိမ်သို့ မသွားဝံ့ကြောင်းကို ကြားတော်မူပြန်ရကား ထင်ရှားရှိသော ရဟန်းကို ခွင့်ပန်တိုင်ကြား၍ သွားခွင့်ပြုတော်မူကာ “သန္တံ ဘိက္ခုံ အနာပုစ္ဆာ”ဟု ဖြည့်စွက်၍ စတုတ္ထအနုပညတ် ထပ်တော်မူရလေသည်။ [၁]
Remove ads
မှတ်ချက်
“သန္တံ ဘိက္ခုံ”အရ ထင်ရှားရှိ-ဟူသည် ၁၂ တောင်အတွင်း၌ရှိခြင်း သို့မဟုတ် ရွာတွင်းသို့ သွားလိုစိတ်ဖြစ်ချိန်မှာ မိမိမြင်လောက်ရာ အရပ်၌ ရှိခြင်းတည်း။ ထိုသို့ထင်ရှားရှိသော ရဟန်းကို ခွင့်ပန်၍ သွားလျင်ကား ဂိလာနမဟုတ်သူလည်း သွားကောင်း၏။ ထိုသို့ခွင့်ပန်ဘို့ရာ အနီးအပါး၌ ရဟန်းမရှိပြန်လျှင်လည်း ခွင့်မပန်ဘဲပင် သွားကောင်းပြန်၏၊ [ခွင့်ပန် ပုံကား’ “မည်သူ၏ အိမ်သို့ သွားပါဥုးမည်၊ တနည်း-အိမ်တို့၌ လှည့်လည် ပါဦးမည်” ဟူသည်တည်း၊] ဤသိက္ခာပုဒ်၌ ၁-ပစ္ဆာဘတ္တံဝါ၊ ၂-စီဝရဒါနသမယော၊ ၃-စီဝရကာရသမယော၊ ၄-သန္တံ ဘိက္ခုံ အနာပုစ္ဆာ”ဟု အနုပညတ် ၄ ရပ်ရှိသည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
