စူဠနာရဒဇာတ်
From Wikipedia, the free encyclopedia
Remove ads
တေရသကနိပါတ် - ၄၇၇-စူဠနာရဒဇာတ်
ပစ္စုပ္ပန်ဝတ္ထု
သမီးနှင့်တယ် ရဟန်းကိုဆွယ်
နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်၌ အမျိုးတစ်ခုအား အရွယ်သို့ရောက်သော သတို့သမီးတစ်ယောက်ရှိလေ၏။ တစ်ဦးတစ်ယောက်သောယောက်ျားမျှ ထိုသတို့သမီးကို အလိုမရှိကြ။ ထိုအခါ သတို့သမီး၏မိခင်သည် “ငါ့သမီးကိုတောင်းလာသူမရှိ၊ သာကီဝင်မင်းသား ရဟန်းတစ်ပါးကို ဖြားယောင်းသွေးဆောင်ကာ လူထွက်စေပြီးလျှင် သမီးနှင့် ထိမ်းမြားမည်”ဟု ကြံစည်ကာနေ၏။ ထိုအခါ သာဝတ္ထိပြည်သား အမျိုးသားတစ်ယောက်သည် သာသနာတော်၌ အသက်ကိုစွန့်၍ ရဟန်းပြုပြီးလျှင် ရဟန်းတရားကို အားထုတ်ခြင်းမရှိ၊ ခန္ဓာကိုယ်ကို တန်ဆာဆင်လျက်သာ နေ၏။
တစ်နေ့သ၌ သတို့သမီး၏မိခင်သည် ယာဂုခဲဖွယ်ဘောဇဉ်တို့ကို အရံသင့်စီမံကာ အိမ်တံခါးတွင်ရပ်လျက် ခရီးမ၌ သွားသောရဟန်းတို့တွင် အဘယ်ရဟန်းကို ရသတဏှာဖြင့် ဖွဲ့ချည်ကာယူရမည်နည်းဟု စုံစမ်းကာနေလင့်၏။ ထိုအခိုက် ပိဋကတ်ဆောင်ရဟန်းတို့သည် ခရီးမ၌ သွားကုန်၏၊ ယူရမည်ရဟန်းကို မမြင်လေ။ ထို့နောက် ဓုတင်ဆောင်ရဟန်းတို့သည် သွားကုန်၏၊ ယူရမည်ရဟန်းကို မမြင်လေ။ ထို့နောက် ဣန္ဒြေမရှိ ကိုယ်ကိုတန်ဆာဆင်၍ နေသောရဟန်း ကြွလာရာ မိခင်သည် မြင်လျှင် “ဤရဟန်းကို ယူခြင်းငှါ တတ်ကောင်း၏”ဟု ပြောဆို၍ “အရှင်ဘုရား... အိမ်သို့ကြွတော်မူပါ”ဟု ပင့်ပြီးလျှင် ယာဂုခဲဖွယ် ဘောဇဉ်တို့ဖြင့် လုပ်ကျွေး၍ “အရှင်ဘုရား...ဤနေ့မှစ၍ နေ့စဉ် အိမ်သို့ကြွတော်မူပါ”ဟု လျှောက်ထားလေ၏။ ရဟန်းလည်း ရသတဏှာ၌ တပ်မက်သည်ဖြစ်၍ အိမ်သို့ကြွလာကာ နေ့စဉ် ယာဂုခဲဖွယ်ဘောဇဉ်တို့ကို ဘုဉ်းပေး၏။ နောက်အဖို့၌ ရဟန်းနှင့် သတို့သမီးသားအမိတို့သည် အလွန်အကျွမ်းဝင်ကုန်၏။
Remove ads
လူထွက်ဘို့ရာ ပုဆိုးမှာ
ထိုအခါမိခင်သည် ရဟန်းကြွလာသောအခါ ကြားလောက်ရာအရပ်မှနေ၍ “ငါ့အိမ်မှာ ဥစ္စာအသုံးအဆောင်သာလျှင် ပြည့်စုံ၏၊ လျော်သောအိမ်ကို အုပ်စိုးစီရင်နိုင်မည့် သားနှင့်သမက်ကားမရှိလေ”ဟု ငြီးတွား၏။ ရဟန်းသည် ကြားလတ်သော် အတန်ငယ်ရင်၌ တိုးဝှေ့သကဲ့သို့ ရှိ၏။ ထိုအကြောင်းကိုမိခင်သည် ရိပ်မိ၍သမီးကိုရဟန်းကို ဖြားယောင်းသွေးဆောင်၍ လူထွက်စေရန် မိန်းမတို့အမူအရာကိုပြလောဟု ပြောကြား၏။ သမီးလည်း ထိုနေ့မှစ၍ တန်ဆာဆင်ကာ မိန်းမတို့စံပယ်ခြင်းကိုပြ၍ ဖြားယောင်းသွေးဆောင်လေ၏။ ရဟန်းလည်း ကိလေသာနိုင်ငံသို့လိုက်၍ သတို့သမီးအား “နှမ... ငါသည် သာသနာတော်၌ မပျော်မွေ့ပြီ၊ ကျောင်းသို့သွား၍ သင်္ကန်းသပိတ်ကို အပ်နှင်းပြီးလျှင် ဤမည်သောအရပ်သို့ လာခဲ့မည်၊ အဝတ်ပုဆိုးတို့ကို ပို့လာပါ”ဟု မှာထား၍ ကျောင်းသို့သွားလေ၏။
ရဟန်းငယ်သည်ဆရာဥပဇ္ဈာယ်တို့ထံရောက်လျှင် သင်္ကန်းသပိတ်ကိုအပ်နှင်းကာ လူထွက်လိုကြောင်း လျှောက်ထားလေ၏။ ...ဆရာဥပဇ္ဈာယ်တို့လည်း မြတ်စွာဘုရားထံ ခေါ်ဆောင်၍သွားကုန်၏။ မြတ်စွာဘုရားလည်း ထိုရဟန်းကိုမြင်လျှင်– “ရဟန်း သင်သည် ငြီးငွေ့ပျင်းရိသည် မှန်သလော”ဟု မေး၏။ “အရှင်ဘုရား... မှန်ပါသည်”ဟု လျှောက်၏။ “အဘယ်သူသည် ငြီးငွေ့ပျင်းရိစေသနည်း”ဟု မေး၏။ “အပျိုကြီးတစ်ယောက်သည်... ငြီးငွေ့ပျင်းရိစေပါသည်”ဟု လျှောက်ထားပြန်လျှင်– “ရဟန်း... ရှေးအခါ ဤအပျိုကြီးသည် သင့်အား မြတ်သောအကျင့်၏ အန္တရာယ်ကိုပြုကာ ကြီးစွာသောပျက်စီးခြင်းသို့ ရောက်စေဘူးပြီ၊ ထိုအပျိုကြီးကိုမှီ၍ သာသနာတော်၌ အဘယ်ကြောင့် ငြီးငွေ့ပျင်းရိဘိသနည်း”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
---
အတိတ်ဝတ္ထု
သားနှင့်အဘ ရဟန်းပြုကြ
လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိတိုင်းဝယ် စည်းစိမ်ဥစ္စာကြွယ်ဝသော ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သောအခါ အတတ်ပညာသင်ကြားပြီးလျှင် အိမ်ထောင်ပြုကာ စည်းစိမ်ဥစ္စာကို ဖြစ်စေ၏၊ သားတစ်ယောက်ဖွားမြင်ပြီးသောအခါ မယားသည် သေဆုံးလေ၏။
ထိုအခါပုဏ္ဏားသည် “ချစ်လှစွာသော မယားသေခြင်းကား အရှက်မရှိသကဲ့သို့ ငါ့ကိုလည်း သေခြင်းတရားသည် အရှက်ရှိမည်မဟုတ်၊ အိမ်၌နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ကာမဂုဏ်တို့ကို စွန့်လွှတ်ကာ ရဟန်းပြုတော့မည်”ဟု သားငယ်ကိုယူ၍ ဟိမဝန္တာသို့ဝင်ကာ ရသေ့ရဟန်းပြုပြီးလျှင် ဈာန်အဘိညာဉ်ကို ဖြစ်စေလျက် တောသစ်သီးသစ်မြစ်ဖြင့် မျှတကာနေ၏။
Remove ads
ရသေ့ငယ်ဖျက် မိန်းမပျက်
ထိုအခါ ပစ္စန္တရစ်၌နေသော သူခိုးတို့သည် ဇနပုဒ်သို့ဝင်၍ မြို့ကိုဖျက်ဆီးလျက် သမီးပျိုတို့ကိုခေါ်၍ ဥစ္စာထုပ်ကိုဆောင်ယူစေကာ ပစ္စန္တရစ်သို့လာကုန်၏။ ထိုသမီးပျိုတို့တွင် သမီးပျိုတစ်ယောက်သည် အဆင်းလှ၏၊ ပညာဉာဏ်နှင့်ပြည့်စုံ၏၊ “ဤသူခိုးတို့သည် ငါ့ကိုကျွန်မယားပြုလတံ့၊ ဥပါယ်တစ်မျဉ်ဖြင့် လွတ်အောင်ကြံစည်မည်”ဟု ဆုံးဖြတ်ပြီးလျှင်– “အရှင်... အကျွန်ုပ်ကိုယ်လက်သုတ်သင်လိုပါသည်၊ အတန်ငယ်ဆိုင်းငံ့ပါ”ဟု တောင်းပန်ရာ သူခိုးတို့ခွင့်ပြုသဖြင့် အတန်ငယ်သွား၍ ကိုယ်လက်သုတ်သင်ဟန်ပြုကာ ပုန်းကွယ်ပြေးလွှား၍ တောသို့ဝင်သဖြင့် မကြာမီ ရသေ့ကျောင်းသို့ရောက်လေ၏။
ရသေ့ကျောင်း၌လည်း အဘရသေ့ကြီး သစ်သီးရှာသွားခိုက် အခွင့်ကောင်းရသဖြင့် ရသေ့ငယ်ကို ဖြားယောင်းသွေးဆောင်၍ ကာမဂုဏ်ဖြင့်မွှေလျော်စေလျက် အကျင့်သီလကိုပျက်စေ၏၊ ရသေ့ငယ်လည်း သီလပျက်ခဲ့၏။
Remove ads
တဏှာဖြင့်ပျော် မြိုရွာခေါ်
ထို့နောက် မိန်းမငယ်သည် ရသေ့ငယ် မိမိအလိုသို့ပါမှန်းသိလျှင်– “အရှင်... တော၌နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ အကျွန်ုပ်တို့နှင့်ပျော်ပျော်နေရန် ရွာသို့လိုက်ခဲ့ပါ”ဟုပြော၏။ “နှမဆိုင်းပါအုံး၊ အဘရသေ့ကြီးလာမှ ခွင့်ပန်၍ ငါတို့နှစ်ယောက် အတူတကွသွားမည်”ဟု ပြော၏။ ထိုအခါမိန်းမငယ်သည် “ရသေ့ကြီးကား ကြီးမှရဟန်းပြုသဖြင့် လောကအကြောင်းကိုနားလည်ပေမည်၊ ရသေ့ငယ်ကားနားမလည်၊ ရသေ့ကြီးရောက်လာလျှင် ငါ့ကိုရိုက်ပုတ်၍ နှင်ထုတ်လတံ့၊ ငါသွားလင့်မှတော်မည်” ကြံစည်ကာ “အရှင်... အကျွန်ုပ်လမ်းအမှတ်အသားပြုကာ ကသွားနှင့်မည်၊ သင်သည် လမ်းအမှတ်အသားကို ကြည့်ရှု၍ လိုက်ခဲ့”ဟု မှာထားပြီးလျှင်သွားလေ၏။ ရသေ့ငယ်လည်း တစ်စုံတစ်ရာဝတ်ကြီးဝတ်ငယ်ကိုမပြုတော့ဘဲ ဦးခေါင်းခြုံကာ ငိုက်လျက်အိပ်လေ၏။
Remove ads
ကျိုးကြောင်းပြသ ဆိုဆုံးမ
အဘရသေ့ကြီးသည် တောမှ ပြန်လာသည်ရှိသော် မိန်းမခြေရာကိုမြင်လျှင် “ဤခြေရာကား မိန်းမခြေရာဖြစ်သည်၊ ငါ့သားသည် မုချသီလပျက်သည်ဖြစ်လိမ့်မည်”ဟု ကြံစည်လျက် ကျောင်းတွင်းသို့ဝင်ပြီးလျှင် သစ်သီးကြီးငယ်တို့ကိုချထားလျှက်–
“ချစ်သားသင်သည် ထင်းတို့ကိုလည်းမခွဲ၊ ရေကိုလည်းမခပ်၊ မီးကိုလည်းမသိ၊ အဘယ်ကြောင့် သင်သည် ပညာနည်းသောသူကဲ့သို့ ကြံမှိုင်နေဘိသနည်း”—
ဟု မေးလေ၏။ ထိုအခါ ရသေ့ငယ်သည် အိပ်ရာမှ ထ၍ အဘရသေ့ကြီးကို ရှိခိုးလျက်–
“ကဿပအနွယ်ဖြစ်သော ဖခင်...ဖခင်ကို ပန်ကြားပါ၏၊ အကျွန်ုပ်သည် တော၌ မနေနိုင်တော့ပါ၊ ဆင်းရဲလှ၏၊ လူတို့နေရာ မြို့ရွာသို့သွားလိုပါ၏၊ မြို့ရွာသို့ရောက်သည်ရှိသော် နေထိုင်တတ်ရန် မြို့ရွာနေသူတို့အလေ့အကျင့်ကို အကျွန်ုပ်အား ပြောကြားဆုံးမတော်မူပါ”—
ဟု တောင်းပန်လေ၏။ ထိုအခါ အဘရသေ့ကြီးသည်–
“ချစ်သား သင်သည် အကယ်၍ တောသစ်သီး သစ်မြစ်ကို စွန့်လွှတ်ကာ မြို့ရွာ၌နေခြင်းကို နှစ်သက်ပါအံ့၊ ဖခင်ထံမှ မြို့ရွာနေလူတို့ အလေ့အကျင့်ကို နာယူမှတ်သားလော့”။
“ချစ်သား... သင်သည် အဆိပ်ကို မမှီဝဲလင့်၊ ချောက်ကမ်းပါးပြတ်ကို ရှောင်ကြဉ်ပါ၊ ညွှန်ပျောင်းသို့မဝင်လင့်၊ အဆိပ်ထန်သော မြွေအနီးသို့ မသွားလင့်”—
ဟု သားငယ်ရသေ့အား ဆုံးမလေ၏။
Remove ads
ဆုံးမစကား ဖခင်ဖြေကြား
ရသေ့ငယ်သည် ဖခင်ရသေ့ကြီး၏ဆုံးမစကား အနက်အဓိပ္ပါယ်ကိုနားမလည်သည်ဖြစ်၍—
“ဖခင်...ရသေ့ ရဟန်းတို့အား အဆိပ်ဟူသည် အဘယ်နည်း၊ ကမ်းပါးပြတ်ဟူသည် အဘယ်နည်း၊ ညွှန်ပျောင်းဟူသည် အဘယ်နည်း၊ အဆိပ်ထန်သောဟူသည် အဘယ်နည်း ပြောကြားပါလော့”—
ဟု အနက်အဓိပ္ပါယ်ကို မေးလျှောက်ပြန်၏။ ထိုအခါ ဖခင်ရသေ့ကြီးသည်–
“ချစ်သားနာရဒ... လောက၌ သေအရက်ကား စိတ်ကိုနှစ်သက်စေ၏၊ ရဲရင့်စေ၏၊ အနံ့ကောင်း၏၊ ယင်ပျားအရသာနှင့်တူ၏၊ ထိုသေအရက်ကို ရသေ့ရဟန်းတို့၏ အဆိပ်ဆို၏”။
“ချစ်သားနာရဒ... မိန်းမတို့သည် လောက၌ မေ့လျော့သောသူကို မိမိတို့အလိုသို့ ဆောင်ယူရန် ဖြားယောင်းတတ်ကုန်၏၊ သစ်ပင်မှ လျှောကျသော လဲဝါဂွမ်းကို လေသည်ဆောင်ယူသကဲ့သို့၊ ရသေ့ရဟန်းတို့စိတ်ကို ဆောင်ယူတတ်ကုန်၏၊ ထိုမိန်းမတို့ကို ရသေ့ရဟန်းတို့၏ ချောက်ကမ်းပါးပြတ်ဆို၏”။
“ချစ်သားနာရဒ...လာဘ်ပေါများခြင်း၊ ကျော်စောခြင်း၊ လက်အုပ်ချီခြင်းစသော အရိုအသေပြုခြင်း၊ ပူဇော်ခြင်းတို့သည် သူတစ်ပါးအိမ်၌ ရှိကုန်၏၊ ထိုလာဘသက္ကာရပူဇာတို့ကို ရသေ့ရဟန်းတို့၏ ညွန်ပျောင်းဖြစ်သည်ဆို၏”။
ရှောင်ကြဉ်လေအပ် ထိုငါးရပ်
“ချစ်သားနာရဒ... မြေအပြင်၌ ဘုန်းတန်ခိုးကြီးသော မင်းတို့သည် ရှိကုန်၏၊ ထိုမင်းတို့ထံမသွားလင့်၊ ထိုမင်းတို့ ခြေရင်း၌ မခစားလင့်၊ ထိုမင်းတို့ကို ရသေ့ရဟန်းတို့၏ အဆိပ်ထန်သောမြွေဆို၏”။
“ချစ်သားနာရဒဆွမ်းကိုအလိုရှိသည်ဖြစ်၍ ဆွမ်းခံချိန်ဝယ် ရွာသို့ဝင်သည်ရှိသော် အိမ်အများရှိရာ အပြစ်မရှိဟုသိသောအိမ်၌သာ ဆွမ်းခံရာ၏”။
“ချစ်သားနာရဒ အဖျော်ဘောဇဉ်အလို့ငှါ သူတစ်ပါးအိမ်သို့ဝင်သည်ရှိသော် နှိုင်းယှဉ်၍ (အတိုင်းအရှည်ကိုသိ၍)ခဲရာစားရာ၏၊ မိန်းမတို့ကို အဆင်းအင်္ဂါ၌စိတ်မညွတ်လေနှင့်”၊
“ချစ်သားနာရဒ နွားတို့နေရာနွားခြံ၊ သေတင်းကုပ်၊ သေသောက်ကြူး၊ ရှေ့ငွေလုပ်ရာအရပ်၊ ပွဲသဘင် ဤဌာနတို့ကို ဆီထောပတ်တင်သော လှည်းသည် မညီညွတ်သော လမ်းခရီးကို ရှောင်ကြဉ်သကဲ့သို့ ဝေးစွာရှောင်ကြဉ်လော့”—
ဟု အနက်အဓိပ္ပါယ်ကိုဖွင့်ပြကာ အကျယ်တဝင့် ဆုံးမလေ၏။
Remove ads
သတိနှင့်ဖြစ်သော် ဈာန်နှင့်ပျော်
ရသေ့ငယ်လည်း ဖခင်ရသေ့ကြီး ပြောဟောစဉ်ပင်လျှင် သတိရ၍ “ဖခင်... အကျွန်ုပ်သည် လူတို့နေရာသို့ မသွားတော့ပါ”ဟု ဝန်ခံလေ၏။ ထိုအခါ ဖခင်ရသေ့ကြီးသည် သားရသေ့ငယ်အား ကသိုဏ်းပရိကံကို ပြောကြားလေ၏။ ရသေ့ငယ်လည်း ဖခင်၏အဆုံးအမ၌တည်ကာ ကမ္မဋ္ဌာန်းဘာဝနာကို အားထုတ်သဖြင့် မကြာမြင့်မီလျှင် ဈာန်အဘိညာဉ်ကိုရလေ၏၊ ထိုရသေ့သားအဖနှစ်ယောက်တို့သည် ဈာန်အဘိညာဉ်မှ မယုတ်လျော့သည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာပြည်သို့လားရကုန်၏။
---
Remove ads
ဇာတ်ပေါင်း
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်–
ရဟန်းတို့...
- ထိုအခါ ရသေ့ငယ်ကိုဖျားယောင်းသောသတို့သမီးသည်–ယခုအခါ အပျိုကြီး။
- ရသေ့ငယ်သည်-သာသနာတော်၌ ငြီးငွေ့ပျင်းရိသောရဟန်း။
- အဘရသေ့ကြီးသည်–ငါဘုရားဖြစ်လာပြီ–
ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။
---
(၁) သေရည်သေရက်၊ ရဟန်းတွက်၊ မှတ်ချက်အဆိပ်မည်။
(၂) မိန်းမတို့ကား၊ ရဟန်းများ၊ ကမ်းပါးချောက်ဆိုသည်။
(၃) ပူဇော်သက္ကာ၊ ရဟန်းမှာ၊ မှတ်ပါညွှန်ပျောင်းမည်။
(၄) ဘုရင်မင်းများ၊ ရဟန်းအား၊ မှတ်သားမြွေဆိုးမည်။
(၅) ဆွမ်းခံသွားချိန်၊ ပြစ်မဲ့အိမ်၊ နှိုင်းချိန်ခံရမည်။
(၆) သူ့အိမ်သို့ဝင်၊ ခဲ-ဘောဇဉ်၊ နှိုင်းယှဉ်စားရမည်။
(၇) မိန်းမရုပ်ဆင်း၊ သာယာခြင်း၊ ကင်းစေစိတ်တည်ကြည်။
(၈) သေတဲ-နွားခြံ၊ သေသောက်ထံ၊ ဝေးလံရှောင်ကြဉ်သည်။
(၉) ရွှေငွေပြငြား၊ သဘင်များ၊ မသွားရှောင်ရသည်။
(၁၀) လူထံသို့သွား၊ ရဟန်းများ၊ မမှားကျင့်ရသည်။
စူဠနာရဒဇာတ်ပြီး၏။
ဆောင်ပုဒ်
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
