စောကြာဒိုး
From Wikipedia, the free encyclopedia
Remove ads
ဦးစောကြာဒိုးအား ၁၉၀၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် မြောင်းမြမြို့၌ အဘ မန်းကြာဒိုး (ကျောင်းဆရာ) နှင့် အမိ ဒေါ်အုန်းပွင့်တို့က မွေးဖွားခဲ့သည်။ ငယ်စဉ်က မြောင်းမြမြို့နှင့် ပုသိမ်မြို့ရှိ အစိုးရ အထက်တန်းကျောင်းများ၌ ပညာသင်ကြားခဲ့သည်။ ကျောင်းထွက်လက်မှတ်ရ စာမေးပွဲ ၉ တန်းအောင်မြင်ခဲ့သည်။

၁၉၂၄ ခုနှစ် အသက် ၁၆ နှစ်အရွယ်တွင် စစ်ထဲစတင်ဝင်ရောက်ခဲ့ပြီး မေမြို့(ယခု ပြင်ဦးလွင်မြို့) ၌ သင်တန်းတက်ရောက်ခဲ့ပြီး မလေးနိုင်ငံ တိုင်ပင်(Taiping) မြို့ရှိ (2nd Burma Rifle ) တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် ယင်းတပ်၌ ဒုတပ်ကြပ်၊ တပ်ကြပ်၊ တပ်ကြပ်ကြီး၊ ဂျမဒါ အဆင့်ဆင့် ရာထူးတိုးမြှင့် ထမ်းဆောင်ခဲ့သည်။ ၁၉၃၀ ပြည့်နှစ်၊ အသက် ၂၃ နှစ်အရွယ်၌ ဆင်းဟတ် ( Sandhyrst ) အင်္ဂလန်ဘုရင် စစ်တက္ကသိုလ်တက်ရောက်ခဲ့ပြီး ၁၉၃၂ ခုနှစ်တွင် King’s Commission ရရှိခဲ့သည်။ သီးသန့်ဖွဲ့ထားသော အိန္ဒိယစစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာပြီး ( Military Police) တွင် ဒုတပ်မှူး (ဗိုလ်ကြီး) အဆင့်ဖြင့် ထမ်းဆောင်ခဲ့သည်။ ဘီအိုင်အေနှင့် ဂျပန်တပ်များ မြန်မာပြည်သို့ မဝင်ရောက်မီအချိန် ၁၉၃၉ ခုတွင် Burma Military Police နှင့် Civil Police ပူးပေါင်းပြီး 7th Burma Rifle Police Beatalion ဟူ၍ ဖွဲ့ခဲ့ရာ ထိုတပ်တွင် ဒုတပ်မှူး (ဗိုလ်မှူး) အဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။
ဒုတိယကမ္ဘာစစ်ဖြစ်ပွားစဉ်က မြန်မာနိုင်ငံမှာ အင်္ဂလိပ်များ ထွက်ပြေး ဆုတ်ခွာသွားကြသည့်အခါ အင်္ဂလိပ်တပ်များနှင့် လိုက်ပါသွားခြင်းမပြုဘဲ မြန်မာနိုင်ငံတွင် နေရစ်ခဲ့သည်။ ယင်းနောက် ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန်ပေးချက်အရ ဘီဒီအေ (ဗမာ့ကာကွယ်ရေး တပ်မတော်) တွင် ဗိုလ်မှူးကြီး အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ဂျပန်တော်လှန်ရေး တွင် တိုင်းအမှတ် (၃) စစ်ရေး ခေါင်းဆောင် အဖြစ်တာဝန် ယူခဲ့ရသည်။ ၁၉၄၅ ခု၊ မတ်လ တော်လှန်ရေး စတင်မည့် နေ့ရက် မတိုင်မီ ဝါးခယ်မမြို့တွင် ဂျပန် ကင်ပေတိုင်တို့၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ယင်းတို့တပ်များ ဆုတ်ခွာရာတွင် မော်လမြိုင်မြို့သို့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးမှ ပြန်လည်လွတ်မြောက်လာခဲ့သည်။
စစ်ကြီး ပြီး၍ အင်္ဂလိပ်များ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသောအခါ မေမြို့ (ယခုပြင်ဦးလွင်မြို့) ၌ ဖွင့်လှစ်ထားသည့် အဂင်လိပ် စစ်တပ် ( Burma Regimental Centre ) တွင် ဒုတပ်ရင်းမှူး (ဒုဗိုလ်မှူးကြီး) အဆင့်ဖြင့် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့သည်။ ဗိုလ်မှူးချုပ် အဆင့်ဖြင့် ၁၉၄၇ ခု၊ ဒီဇင်ဘာလမှ ၁၉၄၈ ခု၊ ဧပြီလ အထိ တောင်ပိုင်း တိုင်းမှူး အဖြစ် လည်းကောင်း ၊ ၁၉၄၈ ခု၊ ဧပြီလမှ ဇူလိုင်လ အထိ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစား ယူခဲ့သည်။ နိုင်ငံတော် မှ မဟာသီရိသုဓမ်မ ဘွဲ့ကို လည်းကောင်း၊ နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) ဘွဲ့ကိုလည်းကောင်း ချီးမြှင့်ခဲ့သည်။
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှ စ၍ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင် အဖွဲ့ဝင်တာဝန်ကို ကွယ်လွန်ချိန် အထိ ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၁၉၉၉ ခု၊ ဇန်နဝါရီလ ၁၂ ရက် ၊ မွန်းလွဲ ၂:၃၅ နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ အင်းယားလမ်း၊ အိမ်အမှတ် ၁၈/စီ နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကြွင်းကျန်သော ရုပ်ကလာပ်ကို ၁၄-၁-၉၉ နေ့ နံနက် ၁၀ နာရီ အချိန်တွင် ယုဒဿန်ဗိမာန်တော် (တက်ကသိုလ်နယ်မြေ) ၌ ဝတ်ပြုကိုးကွယ်ပြီး စော်ဘွားကြီးကုန်း ခရစ်ယာန် သုဿန်၌ ပို့ဆောင်သင်္ဂြိုဟ်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်သန်းရင်နှင့် သားနေထိပ်ဒိုး ကျန်ရစ်ခဲ့သည်။ [၁]
Remove ads
ကျမ်းကိုးစာရင်း
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads