ဇာလိယသုတ်

From Wikipedia, the free encyclopedia

Remove ads

[] ဘုရားရှင် ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဃောသိတာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မုဏ္ဍိယနှင့် ဇာလိယဟူသော ပရိဗိုဇ်ရဟန်း(၂)ပါး ရောက် လာကြပြီး ဘုရားရှင်အား အညတိတ္ထိယတို့၏ အယူဖြစ်သော “တံ ဇီဝံ တံ သရီရံ၊ အညံ ဇီဝံ အညံ သရီရံ” ဟူသော ပုစ္ဆာတစ်စုံ မေးလျှောက်ကြပါသည်။

ဘုရားရှင်က အဖြေမပေးသေးပဲ ဘုရားဖြစ်တော်မူသည်ကစ၍ သာမည ဖလသုတ် ဒေသနာတော်အတိုင်း သီလသမ္ပန္နဖြစ်ပုံ၊ ရူပဈာန်လေးပါးနှင့် ပြည့်စုံပုံတို့ကို ဟောတော်မူပါသည်။ ဈာန်တစ်ပါးပြီးတိုင်း ဈာန်ရပုဂ္ဂိုလ်သည် “တံ ဇီဝံ” အစရှိသောစကားတို့ကို ပြောဆိုခြင်းငှာ သင့်မည်လောဟု မေးတော်မူပါသည်။ ပရိဗိုဇ်တို့က သင့်ပါသည်ဟု ဖြေကြားကြပါသည်။ ထိုသို့ သိတော်မူခြင်းကြောင့် ငါဘုရားသည် “တံ ဇီဝံ” အစရှိသည်တို့ကို ဟောတော်မမူပုံကို မိန့်ကြားတော်မူပါသည်။

ဝိပဿနာဉာဏ်ဖြစ်ပုံ၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဖြစ်ပုံ ရဟန္တာဖြစ်ပုံအထိ ဟောတော်မူပြီး ဓမ္မကထာတစ်ခုပြီးတိုင်း တစ်ခါမေးတော်မူပါသည်။ ရဟန္တာ ဖြစ်ပြီးပုံကို ဟောတော်မူပြီး မေးတော်မူသည့်အခါ ပရိဗိုဇ်များက ရဟန္တာပုဂ္ဂိုလ်သည် “တံ ဇီဝံ” အစရှိသောစကားကို မပြောဆိုတော့ပါဟု လျှောက်ထားကြပါသည်။ ဘုရားရှင်က ဤသို့ သိတော်မူ မြင်တော်မူသောကြောင့် “တံ ဇီဝံ” အစရှိသည်တို့ကို ငါဘုရား ဟောတော်မမူဟု မိန့်တော်မူပါသည်။ ပရိဗိုဇ်များက ဘုရားရှင်၏ ဓမ္မဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံသွားပုံကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ဃောသကသူဌေးအကြောင်း, ဃောသိတာရုံကျောင်းသမိုင်း၊ သူဌေးသုံးဦး ကိုးကွယ်သောရသေ့များ ဘုရားရှင်ပွင့်တော်မူပုံကို သိသွား၍ ဘုရားရှင်ထံ ရောက်ရှိကျွတ်တမ်းဝင်ကြပုံ၊ ကောသမ္ဗီမြို့၌ ဘုရားရှင်သီတင်းသုံးရန် ကျောင်းတိုက်ကြီးသုံးတိုက် ဆောက်လုပ်လှူဒါန်းကြပုံ၊ မုဏ္ဍိယနှင့် ဇာလိယပရိဗိုဇ် များအကြောင်း၊ ယင်းပရိဗိုဇ်တို့က ဝါဒတင်လို၍ ပြဿနာမေးပုံအကြောင်း၊ ပုထုဇဉ်သည် ဝိစိကိစ္ဆာရှိနေ၍ “တံ ဇီဝံ” အစရှိသည်တို့ကို ပြောနိုင်ကြောင်း၊ ရဟန္တာ ပုဂ္ဂိုလ်သည် ဝိစိကိစ္ဆာကိုလွန်မြောက်ပြီးဖြစ်၍ မပြောတော့ကြောင်း ပရိဗိုဇ်များ၏ အယူအဆ အစရှိသည်တို့ကို ဖွင့်ပြထားပါသည်။

ဋီကာဟောင်း၌လည်း မှတ်သားဖွယ်ရာများကို ဖွင့်ပြထားပါသည်။

ဋီကာသစ်၌ အလ္လကပ္ပရဋ္ဌကို “အဒ္ဒိလရဋ္ဌ” ဒမိဠရဋ္ဌ-ဟု အရေးအသား ရှိကြောင်း၊ တိရစ္ဆာန်နှင့် လူတို့၏ သဘာဝခြားနားချက်၊ ဃောသကနတ်သား နတ်ဖြစ်ခြင်းအကြောင်း၊ ယင်း၏အသံပျံ့နှံ့ပုံ၊ နတ်ပြည်မှ စုတေခြင်းအကြောင်း၊ ဒီဃဘာဏကနှင့် ဓမ္မပဒဘာဏကတို့ အဆိုအမိန့် မတူပုံ၊ သူဌေးကြီးသုံးဦး သောတာပန်အရိယာသာဝကဖြစ်ပုံ၊ တံဇီဝံသည် ဥစ္ဆေဒဝါဒ, အညံဇီဝံသည် သဿတဝါဒဖြစ်ပုံ၊ အရိယမဂ္ဂသည် မဇ္ဈိမပဋိပဒါ၊ ပရိဗိုဇ်များ၏ ‘န ကလ္လံ တဿေတံ”ဟု လျှောက်ထားခြင်းအကြောင်း အစရှိသည်တို့ကို ဖွင့်ပြထားပါသည်။ []


ဤသုတ်သည် အတ္တ၊ ရူပ စသော ပြဿနာများနှင့်စပ်လျဉ်း၍ ဆွေးနွေးသောသုတ် ဖြစ်သည်။ အတ္တ၊ရူပ ပြဿနာတို့ကို မဟာလိသုတ်၌လည်း ဆွေးနွေးထားပေသည်။[]

Remove ads

အကိုးအကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads