ဇော်မြင့်မောင်
မြန်မာ နိုင်ငံရေးသမား From Wikipedia, the free encyclopedia
ဦးဇော်မြင့်မောင် (၁၁ ဒီဇင်ဘာ ၁၉၅၁-၇ အောက်တိုဘာ ၂၀၂၄) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦး ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် အမရပူရမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရပြီးနောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်း ခံရသည်။[၁] ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲအရေအတွက် ၂၁,၁၁၉ (၆၆%) ဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။[၂]
ဒေါက်တာ ဦးဇော်မြင့်မောင် | |
---|---|
![]() | |
ဒုတိယမြောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
ယခင်လူ | ဦးရဲမြင့် |
ဆက်ခံသူ | ဦးမောင်ကို (ကောင်စီဥက္ကဋ္ဌ) |
မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၈ ဖေဖော်ဝါရီ ၂၀၁၆ – ၃၁ ဇန်နဝါရီ ၂၀၂၁ | |
မဲဆန္ဒနယ် | အမရပူရမြို့နယ် မဲဆန္ဒနယ် ၁ |
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၂ မေ ၂၀၁၂ – ၂၉ ဇန်နဝါရီ ၂၀၁၆ | |
ယခင်လူ | ဦးလှထွန်း |
ဆက်ခံသူ | ဦးရွှေကို |
မဲဆန္ဒနယ် | ကျောက်ပန်းတောင်းမြို့နယ် |
ပြည်သူ့လွှတ်တော် ရွေးကောက်ခံ ကိုယ်စားလှယ် | |
ယခင်လူ | အခြေခံဥပဒေ စတင် |
ဆက်ခံသူ | အခြေခံဥပဒေ ဖျက်သိမ်း |
မဲဆန္ဒနယ် | အမရပူရမြို့နယ် မဲဆန္ဒနယ် ၁ |
အနိုင်ရမဲ အရေအတွက် | ၂၁,၁၁၉ (၆၆%) |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | အမရပူရ၊ မြန်မာနိုင်ငံ | ဒီဇင်ဘာ ၁၁၊ ၁၉၅၁
ကွယ်လွန် | အောက်တိုဘာ ၇၊ ၂၀၂၄ ၇၂) မန္တလေးဆေးရုံကြီး၊အထူးကြပ်မတ်ကုသဆောင် | (အသက်
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
ကြင်ဖော် | ဒေါက်တာ ဒေါ်ယုယုမေ |
သွေးသားတော်စပ်သူ | ဦးချစ်မောင် (ဖခင်) |
မိခင်ကျောင်း | မန္တလေးဆေးတက္ကသိုလ် |
အလုပ်အကိုင် | မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ နိုင်ငံရေးသမား၊ ဆရာဝန် |
ငယ်စဉ်ဘဝ
၁၉၅၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် မွေးဖွားခဲ့သည်။ မန္တလေးမြို့ စိန့်ပီတာကျောင်း (အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း)တွင် အထက်တန်းအောင်မြင်ခဲ့သည်။[၃] ၁၉၇၉ ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့သည်။[၂] ယင်းနောက် စစ်ကိုင်းတိုင်းရှိ ရွာသစ်ကြီးဆေးရုံတွင် အလုပ်လုပ်ကိုင်ခဲ့သလို ၁၉၈၃ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မန္တလေးဆေးတက္ကသိုလ်တွင် ဇီဝဓာတုဗေဒသရုပ်ပြ အဖြစ် လုပ်ကိုင်ခဲ့သည်။[၂]
နိုင်ငံရေး
ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၉၀ တွင် အမရပူရမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု အမတ်အဖြစ်ရွေးကောက်တင်မြှောက်ခြင်း ခံရသည်။ သို့သော်နိုင်ငံရေးအခြေအေနများကြောင့် ၁၉၉၀ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရသည်။[၂] ရန်ကုန်တက္ကသိုလ် ၇၅ နှစ်မြောက် နှစ်ပတ်လည်တွင် မဂ္ဂဇင်းထုတ်ဝေခဲ့မှုကြောင့် ၁၉၉၆ ခုနှစ် မတ်လတွင် ၁၉၅၀ အရေးပေါ်အက်ဥပဒေဖြင့် နောက်ထပ် ၇ နှစ် ထပ်မံချမှတ်ခံခဲ့ရသည်။[၂] မြစ်ကြီးနား အကျဉ်းထောင်တွင် စုစုပေါင်း ၁၉ နှစ် ထောင်ဒဏ်ကျခံခဲ့ရပြီး[၄] ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် လွတ်မြောက်လာခဲ့သည်။[၄]
ထို့နောက် ကြားဖြတ် ရွေးကောက်ပွဲ၊ ၂၀၁၂တွင် ကျောက်ပန်းတောင်မြို့နယ် ကိုယ်စားပြု၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။ အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၅တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အတွက် အမရပူရမြို့နယ် ကိုယ်စားပြုရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရကာ ထိုမှတဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
၂၀၂၁ခုနှစ် အာဏာသိမ်းခံရသည့်နေ့တွင် မိသားစုနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီး အောင်မြေသာစံမြို့နယ်တရားရုံးတွင် ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်အရေးယူခြင်းခံနေရသည်။ ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် မိသားစုဝင်များကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးကာ ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းအစိုးရအဖွဲ့ဝင်များအား အိုးဘိုအကျဉ်းထောင်သို့ပို့ဆောင်ခဲ့သည်။[၅]
၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၈ရက်နေ့တွင် ဒေါက်တာဇော်မြင့်မောင်အား ပုဒ်မ ၅၀၅ (ခ)ဖြင့် ထောင်ဒဏ် (၂)နှစ်၊ သဘာဝဘေးပုဒ်မ (၂၅)ဖြင့် ထောင်ဒဏ် (၂)နှစ်၊ ပုဒ်မ ၃၀ (က)အတွက် ထောင်ဒဏ် (၁)နှစ် ချမှတ်ခံခဲ့ရသည်။ သို့သော် သဘာဝဘေးပုဒ်မများအတွက် တစ်ပေါင်းတည်း ကျခံရမည်ဖြစ်သဖြင့် စုစုပေါင်း ထောင်ဒဏ် (၄)နှစ် ချမှတ်ခံခဲ့ရသည်။ သို့သော် ၎င်း၏ရှေ့နေများက အမှုများကို အယူခံဝင်သွားမည်ဟု ပြောကြားခဲ့သည်။[၆]
ယင်းနောက် ဒေါက်တာဇော်မြင့်မောင်အား အဂတိမှုများကျူးလွန်သည်ဆိုသော စွပ်စွဲချက်များဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ၂၀၂၁ ဇူလိုင် ၁၆ရက်တွင် တရားလိုလုပ်ကာ အမှုဖွင့်ခဲ့သည်။[၇] အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံး( မြင်းခြံနှင့် ပြင်ဦးလွင်) များအတွက် မြေနေရာချထားပေးမှုက နိုင်ငံတော်အတွက်သိန်း ၃၀၀၀ကျော်နစ်နာသည်ဟု ဖော်ပြခဲ့သည့်အပြင်စီးပွားရေးလုပ်ငန်းရှင်မောင်ဝိတ်နှင့် ဖွံ့ဖြိုးသစ်ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးရဲမြင့် ၏တပည့် တို့ထံမှ ငွေကြေးလက်ခံရယူသည်ဟု ဖော်ပြခဲ့သည်။[၈]
စွပ်စွဲခံရသည့် အမှုများထဲ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်နှင့်ဆက်စပ်သည့် အမှု ၂ခုလည်းပါဝင်ခဲ့ပြီး မောင်ဝိတ်က တရားခွင်တွင် ဒေါက်တာဇော်မြင့်မောင် ဆေးကုသမှုတွင် အသုံးပြုရန် ငွေပေးခဲ့သည်မဟုတ်၊ လှူခြင်းသာဖြစ်ကြောင်းထွက်ဆိုခဲ့ကာ ထိုလှူသည့် စကားရပ်ကို တရားသူကြီးကိုယ်တိုင် ပြင်ဆင်ပေးခဲ့ရသည်ဟု မီဒီယာများက ဖော်ပြကြသည်။[၉] [၁၀]
ဒေါက်တာဇော်မြင့်မောင်က ၎င်းအပေါ်စွဲဆိုထားသော ပုဒ်မများအတွက် အပြစ်မရှိကြောင်း တရားခွင်တွင် ငြင်းဆို ထားသလို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားမှုများကိုလည်း မိသားစုဝင်များက ရှင်းပြ ငြင်းဆိုခဲ့ကြသည်။[၁၁] [၁၂]
သို့သော်လည်း ၂၀၂၂ ခုနှစ် ဇွန်လ ၁၇ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်က ဒေါက်တာဇော်မြင့်မောင်အား အဂတိမှုများဖြင့် ထောင် ၂၁ နှစ် ကျခံစေရန် အမိန့် ချမှတ်ခဲ့သည်။[၁၃] [၁၄]
ယင်းနောက် မန္တလေးတိုင်းရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးက တရားလို ပြုလုပ်၍ အမှုဖွင့်လှစ်ထားခဲ့သော ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲဆိုခြင်းကို အောင်မြေသာစံမြို့နယ် တရားရုံးက ၂၀၂၂ခုနှစ် ဇူလိုင်လ ၂၀ရက်နေ့တွင် နောက်ထပ်ထောင်ဒဏ် ၃နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ပြန်သည်။ [၁၅]
ထို့ကြောင့် စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ဒေါက်တာဇော်မြင့်မောင်သည် စုစုပေါင်း ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခံခဲ့ရသည်။ [၁၆] [၁၇]
ကျန်းမာရေး
ဒေါက်တာဇော်မြင့်မောင်သည် တိုင်းဒေသကြီးဝန်ကြီးချုပ် တာဝန်ယူနေစဉ်အတွင်း ၂၀၁၉ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သွေးကင်ဆာရောဂါ ခံစားခဲ့ရသဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သွားရောက် ကုသမှုခံယူခဲ့သည်။ မန္တလေးမြို့သို့ ပြန်ရောက်လာချိန်တွင် ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၃၁ရက်နေ့၌ ကျင်းပသည့် နှစ်သစ်ကူးပွဲတော်တွင် အအေးမိပြီး နာမကျန်းဖြစ်ရာမှ ဘန်ကောက်မြို့သို့ ပြန်လည်သွားရောက်ခဲ့ရသည်။[၁၈] ထိုစဉ်အတောအတွင်းက ၎င်း၏နေရာကို တိုင်းဒေသကြီးဝန်ကြီး ဦးဇာနည်အောင်က ခေတ္တ တာဝန်ယူထားခဲ့သည်။[၁၉]
၂၀၂၁ အာဏာသိမ်းမှုပြီးနောက် အိုးဘိုအကျဉ်းထောင်အတွင်း နေထိုင်နေရစဉ် ၂၀၂၁ခုနှစ် ဩဂုတ်လ ၆ရက်နေ့တွင် ကိုဗစ် ၁၉ရောဂါ ကူးစက်ခံခဲ့ရပြီး မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကာ ကုသခဲ့ရသည်။ဩဂုတ်လ ၂၇ရက်နေ့တွင် ပြန်လည်သက်သာလာသဖြင့် အိုဘိုးထောင်သို့ ပြန်လည်ပို့ဆောင်ခံခဲ့ရသည်။[၂၀]ယင်းနောက် ၂၀၂၄ခုနှစ် စက်တင်ဘာလကစပြီး ရောဂါအခြေအနေ ဆိုးဝါးလာခဲ့ရာ မန္တလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ ဆေးကုသမှုခံခဲ့ရသည်။
ဘဝနိဂုံး
ဒေါက်တာဇော်မြင့်မောင်သည် ကျန်းမာရေးပိုမို ယိုယွင်းလာသည့်အတွက် (၂၀၂၄)ခုနှစ် အောက်တိုဘာလ (၅)ရက်၌ မန္တလေးဆေးရုံကြီး၊ အထူးကြပ်မတ်ဆောင် (ICU) သို့ပြောင်းရွေ့ကုသခဲ့ရပြီး အောက်တိုဘာ(၇)ရက်နေ့ မနက်(၃)နာရီတွင် ကွယ်လွန်ခဲ့သည်။[၂၁] သူ မကွယ်လွန်မီတစ်ရက်အလို (၂၀၂၄)ခုနှစ်၊ အောက်တိုဘာလ(၆)ရက်၌ စစ်ကောင်စီက ကျခံထားရသည့်ပြစ်ဒဏ်များအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း စာထုတ်ပြန်၍ သွားရောက်ဖတ်ကြားခဲ့သည်။
အိမ်ထောင်ရေး
ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်ယုယုမေနှင့် အိမ်ထောင်ကျကာ သားသမီး (၃) ဦးရှိသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.