တပို့တွဲလ

မြန်မာပြက္ခဒိန်၏ ဧကာဒသမမြောက်လ From Wikipedia, the free encyclopedia

Remove ads

တပို့တွဲ (ရှေးမြန်မာစာ: တပိုဝ်တွဲ/တပ္အိုတွဲ) သည် မြန်မာပြက္ခဒိန်၏ ဧကာဒသမလ သို့မဟုတ် ၁၁ လမြောက်လဖြစ်ပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီအတွင်း ကျသည်။ ဆောင်းဥတု နောက် ပိုင်းချိန်ဖြစ်သည်။ တပို့တွဲလတွင် ၂၉ ရက်ရှိသည်။ ရက်မစုံသော လဖြစ်သည်။ တပို့တွဲလ ဟုခေါ်ဝေါ်ခြင်းမှာ ထန်းဖူးထန်းခိုင်တို့ တွဲညွတ်သော ရာသီဖြစ်၍ ခေါ်တွင်ခြင်းဖြစ်သည်ဟု မှတ်ယူကြသည်။ 'တပိုဝ်' သည် 'ထန်းဖူး' ကို ဆိုလိုပြီး 'တွဲ' သည် 'အသီးခိုင် တွဲလောင်းကျသည်' ကိုရည်ညွှန်းသည်ကြောင့် တပို့တွဲလတွင် ထန်းဖူးများအား အောက်ရောက်အောင် ဆွဲချပြီး ထန်းရည်ခံသည့် ကာလဖြစ်သည်မှာ ထင်ရှားသည်။ ကျောက်စာ အရေးအသားများ၌ တပို့တွဲကို တပိုင်ထွဲ၊ တပိုင်တွဲ၊ တပိုင်တွယ်၊ တပို့ထွယ်ဟု ရေးသားလေ့ရှိသည်။ ဗေဒင်အခေါ်အားဖြင့် ကုံရာသီဟုခေါ်သည်။ ထိုရာသီတွင် မာဃနက္ခတ် စန်းနှင့်ယှဉ်၍ မွန်းတည့်သည်။ ရာသီရုပ်မှာ ရေထမ်းသမားဆင်းရဲသားပုံဖြစ်၍ အထိမ်းအမှတ်ပန်းမှာ ပေါက်ပန်း (Butea monosperma)၊ လဲပွင့်၊ လက်ပံပွင့် တို့ဖြစ်သည်။

တပို့တွဲလတွင် ထမနဲပွဲ ကျင်းပကြသည်။ ကောက်ညှင်းစပါးသစ် ပေါ်ချိန်တွင် အရပ်ရပ်၌ ထမနဲထိုး၍ ကျွေးမွေးလှူဒါန်းလေ့ရှိကြသည်။ ထိုလတွင် နံနက် ၆ နာရီ ၂၀ မိနစ်တွင် နေထွက်လေ့ရှိ၍ ညနေ ၅ နာရီ ၄၀ မိနစ်အချိန်တွင် နေဝင်လေ့ရှိသဖြင့် ညတာမှာ နေ့တာထက် ပို၍ရှည်သည်။ ဆီးနှင်းကျသောရာသီဖြစ်၍ ချမ်းအေးသည်။

ထိုလတွင် ရက်မစုံ၊ လကွယ်သောကြောင့် ၂၉ ရက်သာ ရှိသည်။ တပို့တွဲ ကျွဲချိုဖျား ဆတ်ဆတ်ခါသည် ဟူ၍လည်းကောင်း၊ နှာရည်ယိုရွှဲ တပို့တွဲ ဟူ၍လည်းကောင်း တပို့တွဲလတွင် အလွန်ချမ်းအေးလှကြောင်း ဆိုရိုးပြုလေ့ရှိကြသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads