တော်လမီ
From Wikipedia, the free encyclopedia
Remove ads
တော်လမီသည် အီဂျစ်တိုင်းရင်းသား နက္ခတ်၊ သင်္ချာနှင့် ပထဝီပညာရှင်တစ်ဦးဖြစ်သည်။ သူ၏အမည်ရင်းမှာ ကလောဒီး ယပ် တော်လမေးယပ်ဖြစ်၏။ သူနှင့်ဆိုင်ရာ မွေးသောနှစ်နှင့် သေဆုံးသောနှစ်ကို အတိအကျ မသိရချေ။ သို့သော် ခရစ် ၁၀၀ နှင့် ၁၇ဝ ပြည့်နှစ်အကြားတွင် ဖြစ်လိမ့်မည်ဟု ခန့်မှန်း ကြသည်။

ကျွန်ုပ်တို့မှီတင်းနေထိုင်ရာ ကမ္ဘာမြေကြီးသည် စကြဝဠာ၏ဗဟိုတွင် တည်ရှိ၍ နေ၊ လ၊ နက္ခတ် တာရာတို့သည် ကမ္ဘာကို လှည့်ပတ်လျက် ရှိကြသည်ဟူသော အယူအဆကို တော်လမီသည် ဦးစွာကြံဆခဲ့သူဖြစ်သည်။ ထိုအယူအဆသည် ဥရောပတိုက်တွင် နှစ်ပေါင်း ၁၄၀၀ မျှပျံ့နှံ့ခဲ့ပြီးနောက် ပိုလန်လူမျိုး နက္ခတ်ပညာရှင် ကော်ပါးနိကပ်စ်၏ တွေ့ရှိချက်ကြောင့် သူ၏အယူအဆ မှားယွင်းပုံကို သိရှိလာကြရသည်။
တော်လမီပြုစုခဲ့သော ကျမ်းတို့တွင် အဲလမာဂျက်ခေါ် စကြဝဠာ တည်ဟန်ကျမ်းသည် အဓိကကျမ်း ဖြစ်လေသည်။ ထိုကျမ်း၌ ဆိုခဲ့ပြီးသော သူ၏ အယူအဆတို့ကို၎င်း၊ ကြယ်အမျိုးပေါင်း ၁၀၈၀ ကို၎င်း ဖော်ပြထားလေသည်။ ထိုကျမ်း၌ အရေးကြီးသောတွေ့ရှိချက်မှာ လ၏သွားရာလမ်းကြောင်း မမှန်ဟူသောအချက် ဖြစ်သည်။
တော်လမီသည် ပထဝီပညာရှင်အနေဖြင့် ပို၍ထင်ရှားကျော်စောသည်။ သူသည် ‘ဂျီဩဂရာဖီကေ ဆင်တက္ကဆစ်’ ခေါ် ပထဝီသင်္ခေပကျမ်းကို အတွဲ ရှစ်တွဲမျှ ပြုစုခဲ့ရာ ထိုကျမ်းသည် ပထဝီပညာကို သိပ္ပံနည်းအရ တိကျစွာပြုစုသော ကျမ်းဖြစ်သည်။ ထိုကျမ်း၌ မြို့ရွာဒေသတို့ကို လတ္တီတွဒ်နှင့် လောင်ဂျီတွဒ်တို့ဖြင့် ပြထားသည်။ ခရစ္စတိုဖာ ကိုလံဘတ်၏ ခေတ်မတိုင်မီ ၁၅ ရာစုနှစ်အထိ ထိုကျမ်းကို ပညာရှင်တို့ စံတင်ခဲ့ကြရသည်။ ထိုကျမ်း၌ ရောင်စုံချယ်ထားသော မြေပုံများ ၂၆ ပုံခန့် ပါဝင်သည်။ ထိုမြေပုံတွင် ရှေးမြန်မာနိုင်ငံ၏ တည်နေဟန်ကိုလည်း တွေ့ရှိနိုင်ပေသည်။

သင်္ချာပညာနှင့်စပ်လျဉ်း၍ကား တော်လမီသည် မျက်နှာပြင်ညီနှင့် စက်ဝိုင်းလုံးဆိုင်ရာ တြိဂိုနိုမေတြီ ပညာကို စတင်၍ အုတ်မြစ်ချခဲ့သည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads