မဟာဘုတ်ရုပ်

From Wikipedia, the free encyclopedia

မဟာဘုတ်ရုပ်
Remove ads

မဟာဘုတ်[]၊ ဘူတရုပ်၊ ဓာတ်ကြီးလေးပါး။ (ပါဠိလို-ပထဝီအာပေါဝါယောတေဇော၊ မြန်မာလို- မြေ၊ ရေ၊ လေ၊ မီး၊ ဤလေးပါးကို မဟာဘုတ်ဟုလည်းကောင်း၊ ဘူတရုပ်ဟုလည်းကောင်း၊ ဓာတ်ကြီးလေးပါးဟုလည်းကောင်း ခေါ်ကြ၏။)

ဤဓာတ်ကြီးလေးပါးသည်-

  • ကြီးသည် ဖြစ်၍ ထင်ရှားစွာ ဖြစ်ခြင်းကြောင့်လည်းကောင်း၊
  • မဟာဘုတ်မည်သော မျက်လှည့်သည်၊ ဘီလူး၊ ဘီလူးမ စသည်တို့နှင့် တူသောကြောင့်လည်းကောင်း၊
  • များစွာသော အကြောင်းတရားတို့သည် ဆောင်အပ်သောကြောင့်လည်းကောင်း၊
  • အလွန်ကြီးမား များပြားသော ဖောက်ပြန်ခြင်းရှိသောကြောင့်လည်းကောင်း၊
  • ကြီးကျယ် ထင်ရှားရှိသောကြောင့်လည်းကောင်း မဟာဘုတ်မည်၏။

ဓာတ်ကြီးလေးပါးသည် တော၊ တောင်၊ သမုဒ္ဒရာ၊ မဟာပထဝီ၊ စကြဝဠာ စသည်တို့၏ အစွမ်းဖြင့် သက်မဲ့သန္တာန်၌လည်း ကြီးသည်ဖြစ်၍ ထင်ရှားစွာဖြစ်ကုန်၏။ ငါး၊ လိပ်၊ နတ်၊ နဂါး၊ ဘီလူး၊ အသူရိန် စသည်တို့၏ ခန္ဓာကိုယ်အစွမ်းဖြင့် သက်ရှိသန္တာန်၌လည်း ကြီးသည်ဖြစ်၍ ထင်ရှားစွာဖြစ်ကုန်၏။ ထို့ကြောင့် မဟာဘုတ်ဟု ခေါ်ဆိုကြလေသည်။

မျက်လှည့်သမားသည် ပတ္တမြားမဟုတ်သော ရေကို ပတ္တမြားပြုလုပ်၍ ပြသကဲ့သို့လည်းကောင်း၊ ရွှေမဟုတ်သော မြေစိုင်ခဲကို ရွှေပြုလုပ်၍ ပြသကဲ့သို့လည်းကောင်း၊ မျက်လှည့်သမားသည် မိမိကိုယ်တိုင် ဘီလူး၊ ငှက်မဟုတ်ပါဘဲလျက် ဘီလူး၊ ငှက်အသွင် ပြုလုပ်သကဲ့သို့လည်းကောင်း ဤဓာတ်ကြီးလေးပါးသည် အညို၊ အဖြူ၊ အဝါ၊ အနီ၊ အစိမ်း မဟုတ်ပါဘဲလျက် အညို၊ အဖြူ၊ အဝါ၊ အနီ၊ အစိမ်း စသော ဥပါဒါရုပ် ပြုလုပ်ကြကုန်၏။ ဤသို့ မျက်လှည့်သည် မဟာဘုတ်နှင့်တူသောကြောင့် မဟာဘုတ်ဟု ခေါ်ဆိုကြလေသည်။

လူတစ်ယောက်ကို ဘီလူးဖမ်းစားရာ၌ ဖမ်းစားသော ဘီလူးကို ဖမ်းစားခံရသူ၏ ကိုယ်တွင်း၌လည်း မရအပ်၊ ကိုယ်ပြင်ပ၌ တည်သည်ဟုလည်း မဆိုသာ၊ ဖမ်းစားခံရသူကို မှီ၍ မဖြစ်ဟုလည်း မဆိုနိုင်။ ထို့အတူ ပထဝီ စသော မဟာဘုတ်ကိုလည်း ဓာတ်လေးပါး အချင်းချင်း၏ အတွင်း၌လည်း မရအပ်၊ ဓာတ်လေးပါးပြင်ပ၌ တည်သည်ဟုလည်း မဆိုသာ၊ ဓာတ် ၄-ပါး အချင်းချင်းကို မှီ၍ မဖြစ်ဟူ၍လည်း မဆိုနိုင်ရကား ဘီလူး စသော မဟာဘူတနှင့် တူသောကြောင့် ပထဝီစသည်ကို မဟာဘုတ်ဟု ခေါ်လေသည်။

ဘီလူးမ စသည်တို့သည် နှစ်လိုဖွယ် အဆင်း၊ သဏ္ဌာန်၊ လှုပ်ရှားပုံတို့ဖြင့် မိမိ၏ ကြောက်မက်ဖွယ် အသွင်ကို ဖုံးလွှမ်း၍ သတ္တဝါတို့ကို လှည့်ပတ်သကဲ့သို့ ဤဓာတ်ကြီးလေးပါးသည်လည်း မိန်းမ၏ ခန္ဓာကိုယ်၊ ယောကျ်ား၏ ခန္ဓာကိုယ်စသည်တို့၌ နှစ်သက်ဖွယ်ရှိကုန်သော အဆင်း၊ အင်္ဂါကြီးငယ်သဏ္ဌာန်၊ လက်ချောင်း၊ ခြေချောင်း၊ မျက်ခုံး၊ မျက်လုံး လှုပ်ရှားပုံတို့ဖြင့် မသိနားမလည်သော သူတို့ကို လှည့်စားကုန်၏။ မိမိတို့၏ သဘောမှန်ဖြစ်သော ကြမ်းတမ်းခြင်းလက္ခဏာ စသည်တို့ကို မြင်ခွင့်မပေးကုန်။ ဤသို့ လှည့်စားတတ်သောအားဖြင့် မဟာဘုတ်မည်ကုန်သော ဘီလူးမ စသည်တို့နှင့်တူသောကြောင့် ဓာတ်ကြီးလေးပါးကို မဟာဘုတ်ဟု ခေါ်ဆိုကြလေသည်။

ဤဓာတ်ကြီးလေးပါးသည် နေ့စဉ်နေ့တိုင်း ဆောင်အပ် (ကျွေးမွေးအပ်)သောကြောင့် များစွာကုန်သော အစားအသောက်၊ ဝတ်ဆင်ဖွယ်တို့ဖြင့် ဖြစ်ကုန်၏။ ဤသို့ များစွာသော အကြောင်းတို့သည် ဆောင်အပ်သောကြောင့် ဓာတ်ကြီးလေးပါးကို မဟာဘုတ်ဟု ခေါ်ဆိုကြလေသည်။

ဤဓာတ်ကြီးလေးပါးသည် ကမ္ဘာပျက်ခြင်း စသည်၏ အစွမ်းဖြင့် သက်မဲ့သန္တာန်၌လည်း အလွန်များစွာ ဖောက်ပြန်ကုန်၏။ သက်ရှိသန္တာန်၌ ကဋ္ဌမုခမြွေ အကိုက်ခံရသော ကိုယ်သည် တောင့်မာခက်ထန်သကဲ့သို့ ပထဝီဓာတ်ပျက်စီးသော ခန္ဓာကိုယ်သည် တောင့်မာခက်ထန်၏။ ပူတိမုခမြွေ အကိုက်ခံရသော ကိုယ်သည် ပုပ်သည်၏အဖြစ်သို့ ရောက်သကဲ့သို့ အာပေါဓာတ်ပျက်စီးသော ခန္ဓာကိုယ်သည် ပုပ်သည်၏အဖြစ်သို့ ရောက်၏။ အဂ္ဂိမုခမြွေ အကိုက်ခံရသော ကိုယ်သည် ပူလောင်သကဲ့သို့ တေဇောဓာတ်ပျက်စီးသော ခန္ဓာကိုယ်သည် ပူလောင်၏။ သတ္ထမုခမြွေ အကိုက်ခံရသော ကိုယ်သည် စုတ်ပြတ်သကဲ့သို့ ဝါယောဓာတ်ပျက်စီးသော ခန္ဓာကိုယ်သည် စုတ်ပြတ်၏။ ဤသို့ အလွန်များစွာ ဖောက်ပြန်ခြင်းရှိသောကြောင့် မဟာဘုတ်ဟု ခေါ်ဆိုကြလေသည်။

ဤဓာတ်ကြီးလေးပါးသည် ကြီးမားသော လုံ့လဖြင့် သိမ်းဆည်းအပ်သောကြောင့် ကြီးလည်း ကြီးမားကုန်၏၊ ထင်ရှားလည်း ရှိကုန်၏။ ဤသို့ ကြီးမားထင်ရှားရှိသောကြောင့် ဓာတ်ကြီးလေးပါးကို မဟာဘုတ် ခေါ်ဆိုကြလေသည်။ [][][]

Remove ads

ဓာတ်ကြီးလေးပါး

မဟာဘူတကို ဟိန္ဒူဘာသာ၏ သင်္သကရိုက်ဘာသာစကားတွင်လည်း သုံးနှုန်းကြ၍ ယင်း၌ မြေ၊ ရေ၊ လေ၊ မီး အပြင် အာကာသဓာတ် ဆိုသည့်အရာပါဝင်သောကြောင့် ဓာတ်ငါးပါးဖြစ်သည်။[][]

ဗုဒ္ဓဘာသာတွင် ဓာတ်ကြီးလေးပါး (catudhātu) ကို မဟာဘူတ ဟူ၍ သုံးနှုန်းကား မြန်မာဘာသာစကားဖြင့် မဟာဘုတ် ဟုခေါ်ဆိုကြသည်။ ဤဓာတ်ကြီးလေးပါးတို့မှ အလုံးစုံသော ရုပ်တရားတို့သည် ပေါက်ဖွားကြသောကြောင့် လယ်တီဆရာတော်က မဟာဘုတ်ကို အလွန်ကြီးပွားတတ်သည့်သဘောဟု အနက်ဖွင့်သည်။ အောက်ပါရှင်းလင်းချက်တို့သည် ဗုဒ္ဓဘာသာအယူအဆသဘောတရားများဖြစ်ကြသည်။ []

ပထဝီဆိုသည်မှာ (မြေဖြစ်စေ၊ သတ္တုဖြစ်စေ၊ ရေဖြစ်စေ၊ ဆီဖြစ်စေ၊ လေဖြစ်စေ) အရာဝတ္ထုတခုခု၏ မည်မျှ ပျော့ခြင်း၊ မည်မျှ မာခြင်းဟူသော သဘောတရား ဖြစ်သဖြင့်[] သိပ်သည်းမှုကို ဆိုလိုခြင်းတမျိုး ဖြစ်သည်။

အာပေါဆိုသည်မှာ (မြေဖြစ်စေ၊ သတ္တုဖြစ်စေ၊ ရေဖြစ်စေ၊ ဆီဖြစ်စေ၊ လေဖြစ်စေ) အရာဝတ္ထုတခုခု၏ မည်မျှ (အစိုင်အခဲသဖွယ်) စုဖွဲ့ခြင်း၊ မည်မျှ (အရည်သဖွယ်) စီးပြောင်းခြင်း ဟူသော သဘောတရားကို ဆိုလိုသည်။[]

တေဇောဆိုသည်မှာ (မြေဖြစ်စေ၊ သတ္တုဖြစ်စေ၊ ရေဖြစ်စေ၊ ဆီဖြစ်စေ၊ လေဖြစ်စေ) အရာဝတ္ထုတခုခု၏ မည်မျှ ပူခြင်း၊ မည်မျှ အေးခြင်း အခြင်းအရာ ဖြစ်သည်။[] ပူ၍ လောင်သည့် တေဇောအသွင်၊ အေး၍ လောင်သည့် တေဇောအသွင် ဟူ၍ ၂မျိုး ရှိသည်ဟု အချို့က မှတ်ယူကြသည်။ လောကအကြောင်းကို ရူပဗေဒဖြင့် အရှိအတိုင်း လေ့လာကြသူတို့ကမူ အပူစွမ်းအင်သာ ရှိ၍ အအေးစွမ်းအင် မရှိကြောင်းကို သဘောပေါက်ကြသည်။

ဝါယောဆိုသည်မှာ (မြေဖြစ်စေ၊ သတ္တုဖြစ်စေ၊ ရေဖြစ်စေ၊ ဆီဖြစ်စေ၊ လေဖြစ်စေ) အရာဝတ္ထုတခုခုထံသို့ အားသက်ရောက်မှု ရှိလာလျှင် ၎င်းကိုယ်တိုင်က မည်သို့ ပုံစံ၊ ထုထည် ပြောင်းလဲလျက် ပတ်ဝန်းကျင်ကို မည်သို့ အားပြန်သက်ရောက်ကြောင်း သဘောသရုပ် ဖြစ်သည်။[]

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads