နရသိင်္ခ

From Wikipedia, the free encyclopedia

Remove ads

နရသိင်္ခ (၁၁၄၁–၁၁၇၄) သည် ပုဂံခေတ် ထီးနန်းကို အေဒီ ၁၁၇၁ မှ ၁၁၇၄ အထိ စိုးစံခဲ့သော ဘုရင်တစ်ပါး ဖြစ်သည်။ နရသိင်္ခသည် ညီတော် နရပတိစည်သူအား ထီးနန်းဆက်ခံသူနှင့် စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ယင်းသည် ရာဇဝင်သမိုင်းတလျောက်တွင် တပ်မတော်အား အုပ်ချုပ်ခွင့်ကို ဘုရင်မှ အခြားသူတစ်ဦးအား အာဏာလွှဲပြောင်းပေးမှုကို ပထမဆုံး မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ နရသိင်္ခမင်းသည် နရပတိစည်သူ၏ ဇနီးကို မိဖုရားမြှောက်ခဲ့ပြီးနောက် နရပတိစည်သူ၏ တပ်မှူး အောင်စွာက နရသိင်္ခကို လုပ်ကြံသဖြင့် ကံကုန်ရလေသည်။[][]

အချက်တိုများ နရသိင်္ခ, ဘုရင် ...

ဂျီအိပ်လုစ်၏ အဆိုအရ အေဒီ ၁၁၆၅ မှ ၁၁၇၄ အတွင်း နန်းတက်သော ဘုရင်များအကြောင်း ကျောက်စာမှတ်တမ်းများ မရှိခဲ့ပေ။[][] ဒေါက်တာထင်အောင်ကဲ့သို့သော အခြားသမိုင်းပညာရှင်များက လုစ်၏ မှန်းဆပြောဆိုချက်ကို လက်မခံခဲ့ကြပေ။[]

Remove ads

အစောပိုင်းဘဝ

နရသိင်္ခသည် နရသူမင်းနှင့် မြောက်ပြင်သည်မိဖုရားတို့၏ သားတော်နှစ်ပါးအနက် သားတော်ကြီးဖြစ်သည်။[] ရာဇဝင်ကျမ်းများတွင် နရသိင်္ခ၏ မွေးဖွားချိန်ကို အမျိုးမျိုး ဖော်ပြကြသည်။[note ၁] အောက်ဖော်ပြပါဇယားသည် ရာဇဝင်ကျမ်းလေးစောင်တွင် ဖော်ပြထားသော ရက်စွဲများ ဖြစ်သည်။[] ပညာရှင်များကမူ ဇာတာတော်ပုံတွင် ပါရှိသော မွေးဖွားခုနှစ်ကို လက်ခံကြသည်။[]

နောက်ထပ် အချက်အလက်များ ရာဇဝင်ကျမ်း, မွေးဖွား–ကွယ်လွန် ...

နရသိင်္ခသည် ဘုရင် အလောင်းစည်သူမင်း၏ အုပ်ချုပ်မှုကာလတွင် ကြီးပြင်းလာခဲ့သည်။ သူ၏ ဦးရီးတော် မင်းရှင်စောက ထီးနန်းဆက်ခံသူဖြစ်သဖြင့် နရသိင်္ခအနေဖြင့် ထီးနန်းဆက်ခံရမည့် စာရင်းတွင် ရှိမနေပေ။ အရွယ်ရောက်သောအခါ ဝမ်းကွဲမောင်နှမဖြစ်သော မင်းအောင်မြတ်နှင့် လက်ထပ်ခဲ့သည်။[၁၀]

အေဒီ ၁၁၆၇ တွင် ခမည်းတော် နရသူက အလောင်းစည်သူနှင့် မင်းရှင်စောတို့ကို လုပ်ကြံ၍ ထီးနန်းရယူခဲ့သဖြင့် နရသိင်္ခသည် ထီးနန်းဆက်ခံမည့်သူ ဖြစ်လာခဲ့သည်။

Remove ads

ထီးနန်းအုပ်ချုပ်ကာလ

Thumb
တပ်မှူး အောင်စွာ

အနောက်အရပ် အိန္ဒိယရှိ ပဋိက္ခယားမင်းမှ စေလွှတ်လုပ်ကြံသဖြင့် နရသူမင်းလွန်ပြီးနောက် အေဒီ ၁၁၇၁ တွင် နရသိင်္ခ နန်းတက်လာခဲ့သည်။ နန်းတက်ပွဲတွင် ညီတော် နရပတိစည်သူကို ထီးနန်းဆက်ခံသူနှင့် စစ်ဦးစီးချုပ်ရာထူးကို ပေးအပ်ခဲ့သည်။[၁၀] ဤသည်မှာ ရာဇဝင်သမိုင်းတလျောက် တပ်မတော်အုပ်ချုပ်ခွင့်အား ဘုရင်မှ အခြားတစ်ယောက်ကို ပထမဆုံး လွှဲပြောင်းပေးသည်ကို မှတ်တမ်းတင်ထားနိုင်ခြင်း ဖြစ်သည်။[note ၂] နန်းတက်ရာတွင် ၐြီတြိဘုဝနာဒိတျပဝရဓမ္မရာဇဒါနပတိဘွဲ့ကို ခံယူခဲ့သည်။[၁၁]

နရပတိစည်သူ၏ ဇနီးဖြစ်သူ ဝေဠုဝတီအပေါ် စိတ်ဝင်စားမှု ဖြစ်ပေါ်ခဲ့ခြင်းက နရသိင်္ခဘုရင်အား ကျဆုံးမှုကို ဖြစ်စေခဲ့သည်။ ဝေဠုဝတီအား လက်ထပ်ခွင့် ရခဲ့သော်လည်း ညီတော်အား ပေးအပ်ခဲ့သည့် ဆုံးဖြတ်ချက်ကို နောင်တရခဲ့သည်။ အေဒီ ၁၁၇၄ တွင် နရပတိစည်သူအား ပရိယာယ်ဖြင့် ငဆောင်ချမ်းအရပ်သို့ စစ်ချီစေခဲ့ပြီး ဝေဠုဝတီကို မိဖုရားအဖြစ် တင်မြှောက်ခဲ့သည်။[၁၂]

ငဆောင်ချမ်းသို့ အသွား လမ်းခရီးတွင် နရပတိစည်သူ၏ ဆက်သား မြင်းခံငပြည့် လိုက်လံတင်လျှောက်မှုကြောင့် နောင်တော် နရသိင်္ခ၏ လုပ်ရပ်ကို ကြားသိခဲ့သည်။[note ၃] ယင်းနောက် နရပတိစည်သူသည် အမတ် အောင်စွာကို ခေါ်၍ လက်ရွေးစင်တပ်သားတို့နှင့် နောင်တော် ဘုရင်ကို လုပ်ကြံစေသည်။ အောင်စွာလည်း လက်ရွေးစင် တပ်သား ၈၀ ကို ဦးဆောင်၍ မြစ်ကြောင်းတလျောက် လှေဖြင့် စုန်ဆင်းကာ နန်းတော်သို့ဝင်ပြီး နရသိင်္ခမင်းကို လုပ်ကြံလေသည်။[၁၂]

Remove ads

မှတ်စု

  1. ဇာတာတော်ပုံ ရာဇဝင်တွင် နရသိင်္ခကို မြန်မာသက္ကရာဇ် ၅၀၃ ခုနှစ် ခြောက်လပိုင်း ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့ (အေဒီ ၁၁၄၁ ဩဂုတ် ၁၈) တွင် မွေးဖွားကြောင်း ဖော်ပြထားသည်။ သို့သော် ရာဇဝင်သစ်ကျမ်းက မြန်မာသက္ကရာဇ် ၄၉၆ ဟု ပြင်ဆင်ထားသည်။ မှန်နန်း ရာဇဝင်တွင် ဘုရင်၏ ရက်စွဲများသည် ယင်း၏ဖော်ပြချက်များနှင့် ကွဲလွဲလျက်ရှိသည်။ အခြားသော ရာဇဝင်ကျမ်းများနည်းတူ မှန်နန်းက ၁၁၃၈ တွင် မွေးဖွားသော နရပတိစည်သူထက် နရသိင်္ခက အသက်ပိုကြီးကြောင်း လက်ခံဖော်ပြထားသော်လည်း နရသိင်္ခ၏ မွေးဖွားခုနှစ်ကို ၁၁၄၀ ဟု ဖော်ပြထားသည်။ ဝိရောဓိတစ်ခုမှာ အခြားသော ပုဂံဘုရင်များအားလုံးနီးပါး၏ ရက်စွဲများကို ရာဇဝင်သစ်အတိုင်း ဆက်လက်ယူထားသော်လည်း မဟာရာဇဝင်တွင်ပါရှိသော ဘုရင်၏ ရက်စွဲ (အသက် ၃၄ နှစ်၊ နန်းသက် ၃ နှစ်)ကို မှန်နန်းတွင် ရုတ်ချည်းပြောင်းလဲခဲ့သည်။
  2. (ထင်အောင်၊ ၁၉၆၇၊ စာ ၅၀): နရသူသည် ထိုသို့သော တပ်မတော် အုပ်ချုပ်မှုအာဏာကို ပထမဆုံး လွှဲပေးသည့် ဘုရင် ဖြစ်နိုင်သော်လည်း မည်သည့်ရာဇဝင်ကျမ်းတွင်မှ မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပေ။
  3. (မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၁၄–၃၁၅): အိမ်ရှေ့မင်း နရပတိစည်သူ မင်းသားသည် စစ်မထွက်ခင်ကတည်းက နောင်တော်၏ အကြံကို ရိပ်မိတော်မူ၍ မြင်းခံငပြည့်ကို မြင်းနှင့် တကွ ငါ့အိမ်တော်တွင် အခင်းထွက်လျှင် လျင်လှစေဟု မှာတော်မူခဲ့လေသည်။ နရသိင်္ခမင်း ဝေဠုဝတီမင်းသမီးကို နန်းတင်တော်မူသောအခါ မြင်းခံငပြည့်သည် အလျှင်အမြန် အိမ်ရှေ့မင်းစစ်ချီရာသို့ လိုက်လေသည်။ ငါးပယ်ချောင်းအရပ်သို့ ရောက်သော် နေဝင်လေပြီ။ ငပြည့်သည် ချောင်းကိုမကူးတော့ဘဲ ချောင်းကမ်းစပ်တွင် အိပ်လေသည်။ နောက်တစ်နေ့ အရုဏ်တက်၌ မြင်းကိုစီး၍ ခရီးဆက်သည်။ မကြာမှီ အိမ်ရှေ့မင်း၏ တပ်နှင့် ပက်ပင်းတိုး၍ လျှောက်တင်သောအခါ နရပတိစည်သူက အချိန်မီ ရောက်မလာခဲ့၍ မြင်းခံငပြည့်ကို သတ်စေအမိန့်ပေးလိုက်လေသည်။

ကိုးကား

ကျမ်းပြုစာရင်း

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads