From Wikipedia, the free encyclopedia
နရသိင်္ခ (၁၁၄၁–၁၁၇၄) သည် ပုဂံခေတ် ထီးနန်းကို အေဒီ ၁၁၇၁ မှ ၁၁၇၄ အထိ စိုးစံခဲ့သော ဘုရင်တစ်ပါး ဖြစ်သည်။ နရသိင်္ခသည် ညီတော် နရပတိစည်သူအား ထီးနန်းဆက်ခံသူနှင့် စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ယင်းသည် ရာဇဝင်သမိုင်းတလျောက်တွင် တပ်မတော်အား အုပ်ချုပ်ခွင့်ကို ဘုရင်မှ အခြားသူတစ်ဦးအား အာဏာလွှဲပြောင်းပေးမှုကို ပထမဆုံး မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ နရသိင်္ခမင်းသည် နရပတိစည်သူ၏ ဇနီးကို မိဖုရားမြှောက်ခဲ့ပြီးနောက် နရပတိစည်သူ၏ တပ်မှူး အောင်စွာက နရသိင်္ခကို လုပ်ကြံသဖြင့် ကံကုန်ရလေသည်။[၁][၂]
နရသိင်္ခ | |||||
---|---|---|---|---|---|
ဘုရင် | |||||
နန်းသက် | c. ဖေဖော်ဝါရီ ၁၁၇၁ – c. မေ ၁၁၇၄ | ||||
ရှေ့မင်းဆက် | နရသူ | ||||
ဆက်ခံသူ | နရပတိစည်သူ | ||||
ဝန်ကြီးချုပ် | အနန္တသူရိယ | ||||
မွေးဖွား | ၂၀ ဩဂုတ် ၁၁၄၁ မြန်မာသက္ကရာဇ် ၅၀၃ တော်သလင်းလဆုတ် ၂ ရက်၊ ဗုဒ္ဓဟူး ပုဂံ | ||||
ကွယ်လွန် | c. မေ ၁၁၇၄ (အသက် ၃၂) ပုဂံ | ||||
ကြင်ရာတော် | မင်းအောင်မြတ် (၁၁၇၁–၇၄) စောလတ် (၁၁၇၁–၇၄) စောအလွှမ်း (၁၁၇၁–၇၄) ဝေဠုဝတီ (၁၁၇၄) | ||||
| |||||
စံအိမ် | ပုဂံ | ||||
ခမည်းတော် | နရသူ | ||||
မယ်တော် | မြောက်ပြင်သည် | ||||
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
ဂျီအိပ်လုစ်၏ အဆိုအရ အေဒီ ၁၁၆၅ မှ ၁၁၇၄ အတွင်း နန်းတက်သော ဘုရင်များအကြောင်း ကျောက်စာမှတ်တမ်းများ မရှိခဲ့ပေ။[၃][၄] ဒေါက်တာထင်အောင်ကဲ့သို့သော အခြားသမိုင်းပညာရှင်များက လုစ်၏ မှန်းဆပြောဆိုချက်ကို လက်မခံခဲ့ကြပေ။[၅]
နရသိင်္ခသည် နရသူမင်းနှင့် မြောက်ပြင်သည်မိဖုရားတို့၏ သားတော်နှစ်ပါးအနက် သားတော်ကြီးဖြစ်သည်။[၆] ရာဇဝင်ကျမ်းများတွင် နရသိင်္ခ၏ မွေးဖွားချိန်ကို အမျိုးမျိုး ဖော်ပြကြသည်။[note ၁] အောက်ဖော်ပြပါဇယားသည် ရာဇဝင်ကျမ်းလေးစောင်တွင် ဖော်ပြထားသော ရက်စွဲများ ဖြစ်သည်။[၇] ပညာရှင်များကမူ ဇာတာတော်ပုံတွင် ပါရှိသော မွေးဖွားခုနှစ်ကို လက်ခံကြသည်။[၆]
ရာဇဝင်ကျမ်း | မွေးဖွား–ကွယ်လွန် | အသက် | ထီးနန်းကာလ | နန်းသက် |
---|---|---|---|---|
ဇာတာတော်ပုံ ရာဇဝင် (ဘုရင်များ စာရင်းအပိုင်း)[၈] | ၁၁၄၂–၁၁၇၃ | ၃၂ | ၁၁၇၀–၁၁၇၃ | ၃ |
ဇာတာတော်ပုံ ရာဇဝင် (နန်းတွင်း ဇာတာခွင် အပိုင်း)[၉] | ၁၁၄၁–၁၁၇၅ | ၃၄ | ၁၁၇၀–၁၁၇၅ | ၃ |
မဟာရာဇဝင်ကြီး | ၁၁၃၀–၁၁၆၄ | ၃၄ | ၁၁၆၁–၁၁၆၄ | ၃ |
ရာဇဝင်သစ်ကျမ်း | ၁၁၃၄–၁၁၇၄ | ၄၀ | ၁၁၇၁–၁၁၇၄ | ၃ |
မှန်နန်း ရာဇဝင် | ၁၁၄၀–၁၁၇၄ | ၃၄ | ၁၁၇၁–၁၁၇၄ | ၃ |
နရသိင်္ခသည် ဘုရင် အလောင်းစည်သူမင်း၏ အုပ်ချုပ်မှုကာလတွင် ကြီးပြင်းလာခဲ့သည်။ သူ၏ ဦးရီးတော် မင်းရှင်စောက ထီးနန်းဆက်ခံသူဖြစ်သဖြင့် နရသိင်္ခအနေဖြင့် ထီးနန်းဆက်ခံရမည့် စာရင်းတွင် ရှိမနေပေ။ အရွယ်ရောက်သောအခါ ဝမ်းကွဲမောင်နှမဖြစ်သော မင်းအောင်မြတ်နှင့် လက်ထပ်ခဲ့သည်။[၁၀]
အေဒီ ၁၁၆၇ တွင် ခမည်းတော် နရသူက အလောင်းစည်သူနှင့် မင်းရှင်စောတို့ကို လုပ်ကြံ၍ ထီးနန်းရယူခဲ့သဖြင့် နရသိင်္ခသည် ထီးနန်းဆက်ခံမည့်သူ ဖြစ်လာခဲ့သည်။
အနောက်အရပ် အိန္ဒိယရှိ ပဋိက္ခယားမင်းမှ စေလွှတ်လုပ်ကြံသဖြင့် နရသူမင်းလွန်ပြီးနောက် အေဒီ ၁၁၇၁ တွင် နရသိင်္ခ နန်းတက်လာခဲ့သည်။ နန်းတက်ပွဲတွင် ညီတော် နရပတိစည်သူကို ထီးနန်းဆက်ခံသူနှင့် စစ်ဦးစီးချုပ်ရာထူးကို ပေးအပ်ခဲ့သည်။[၁၀] ဤသည်မှာ ရာဇဝင်သမိုင်းတလျောက် တပ်မတော်အုပ်ချုပ်ခွင့်အား ဘုရင်မှ အခြားတစ်ယောက်ကို ပထမဆုံး လွှဲပြောင်းပေးသည်ကို မှတ်တမ်းတင်ထားနိုင်ခြင်း ဖြစ်သည်။[note ၂] နန်းတက်ရာတွင် ၐြီတြိဘုဝနာဒိတျပဝရဓမ္မရာဇဒါနပတိဘွဲ့ကို ခံယူခဲ့သည်။[၁၁]
နရပတိစည်သူ၏ ဇနီးဖြစ်သူ ဝေဠုဝတီအပေါ် စိတ်ဝင်စားမှု ဖြစ်ပေါ်ခဲ့ခြင်းက နရသိင်္ခဘုရင်အား ကျဆုံးမှုကို ဖြစ်စေခဲ့သည်။ ဝေဠုဝတီအား လက်ထပ်ခွင့် ရခဲ့သော်လည်း ညီတော်အား ပေးအပ်ခဲ့သည့် ဆုံးဖြတ်ချက်ကို နောင်တရခဲ့သည်။ အေဒီ ၁၁၇၄ တွင် နရပတိစည်သူအား ပရိယာယ်ဖြင့် ငဆောင်ချမ်းအရပ်သို့ စစ်ချီစေခဲ့ပြီး ဝေဠုဝတီကို မိဖုရားအဖြစ် တင်မြှောက်ခဲ့သည်။[၁၂]
ငဆောင်ချမ်းသို့ အသွား လမ်းခရီးတွင် နရပတိစည်သူ၏ ဆက်သား မြင်းခံငပြည့် လိုက်လံတင်လျှောက်မှုကြောင့် နောင်တော် နရသိင်္ခ၏ လုပ်ရပ်ကို ကြားသိခဲ့သည်။[note ၃] ယင်းနောက် နရပတိစည်သူသည် အမတ် အောင်စွာကို ခေါ်၍ လက်ရွေးစင်တပ်သားတို့နှင့် နောင်တော် ဘုရင်ကို လုပ်ကြံစေသည်။ အောင်စွာလည်း လက်ရွေးစင် တပ်သား ၈၀ ကို ဦးဆောင်၍ မြစ်ကြောင်းတလျောက် လှေဖြင့် စုန်ဆင်းကာ နန်းတော်သို့ဝင်ပြီး နရသိင်္ခမင်းကို လုပ်ကြံလေသည်။[၁၂]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.