ပုတီး
From Wikipedia, the free encyclopedia
Remove ads
ပုတီး (သို့မဟုတ် စိပ်ပုတီး) သည် ဗုဒ္ဓဘာသာဝင်များ အပါအဝင် ကမ္ဘာ့ဘာသာအများအပြားတွင် ဘာဝနာပွားများခြင်း၊ ဆုတောင်းခြင်း သို့မဟုတ် ဂုဏ်တော်ရွတ်ဖတ်ပွားများခြင်းများတွင် အရေအတွက် မှတ်သားရန် အသုံးပြုသည့် ကြိုးဖြင့်သီကုံးထားသော အလုံးများ ဖြစ်သည်။ ပုတီးစိပ်ခြင်းသည် စိတ်ကို တည်ငြိမ်စေရန် (သမာဓိ) နှင့် အောက်မေ့သတိတရား (သတိ) ကို လက်ကိုင်ထားနိုင်ရန်အတွက် အထောက်အကူပြုသော ကမ္မဋ္ဌာန်း ဘာဝနာပွားများခြင်းတစ်မျိုး ဖြစ်သည်။

Remove ads
[၁]ပုတီး၏ အစောဆုံးပုံစံမှာ အရေအတွက် မှတ်သားရန် အသုံးပြုခဲ့သော ကြိုးထုံး များ ဖြစ်သည်ဟု ယူဆရသည်။ ပီရူးနှင့် တောင်အမေရိက ဒေသများရှိ ဌာနေတိုင်းရင်းသားများသည် တစ်ခုခုကို ရေတွက်မှတ်သားရန် ကြိုးထုံးကို အသုံးပြုခဲ့ကြသည်။ ရှေးတရုတ်လူမျိုးများသည်လည်း မှတ်ဉာဏ်အထောက်အကူပြုပစ္စည်းအဖြစ် အထုံးပါသော ကြိုးကွင်းများကို အသုံးပြုခဲ့ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ပုတီးကို ပုလဲပုတီးကုံးများကဲ့သို့ အလှအပဆိုင်ရာ အဆင်တန်ဆာအဖြစ် စတင် အသုံးပြုလာခဲ့ကြသည်။[၂]
Remove ads
ဘာသာရေး ရည်ရွယ်ချက်ဖြင့် ပုတီးကို အစောဆုံး အသုံးပြုခဲ့သူများမှာ ဟိန္ဒူဘာသာဝင်များ ဖြစ်ဖွယ်ရှိသည်။ ဟိန္ဒူဝေဒကျမ်းများတွင် ပုတီးကို သက္ကတဘာသာဖြင့် ဇပ္ပမာလာ (ရွတ်ဆိုရသော ပန်းကုံး) ဟု ခေါ်ဆိုသုံးစွဲခဲ့သည်။ ဂျိန်းဘာသာစာပေများတွင်လည်း ပုတီးကို ဂနေတ္တိယာ (ရေတွက်ရန်ပစ္စည်း) နှင့် ကဉ္စနိယာ (ရွှေရောင်အလုံးလေးများ) ဟူသော ဝေါဟာရများဖြင့် ဖော်ပြထားသည်။
ဗုဒ္ဓဘာသာ တရုတ်ပြည်သို့ ရောက်ရှိသောအခါ၌လည်း တရုတ်လူမျိုးများသည် မြတ်စွာဘုရား၏ ဂုဏ်တော်များကို အမှတ်ရစေရန် အထုံးပါသော ကြိုးကွင်းများကို အသုံးပြုခဲ့ကြရာမှ ဘာသာရေးဆိုင်ရာ ပုတီးအဖြစ် ပြောင်းလဲတိုးတက်လာခဲ့သည်ဟု ယူဆရသည်။
Remove ads
ထေရဝါဒ ပါဠိကျမ်းဂန်များတွင် ပုတီးစိပ်ခြင်းအလေ့အထကို တိုက်ရိုက်ဖော်ပြထားခြင်း မရှိပေ။ သို့သော် မဇ္ဈိမနိကာယ်၊ မဟာသီဟနာဒသုတ်တွင် မြတ်စွာဘုရားရှင် ဒုက္ကရစရိယာကျင့်စဉ် အကြောင်းကို ဟောကြားရာ၌ "ငါ၏ ကျောက်ကုန်းရိုးသည် ပုတီးကုံးကဲ့သို့ အနိမ့်အမြင့် ဖြစ်ပေါ်နေ၏" ဟု မြန်မာပြန်ဆိုထားသော "သေယျထာပိ နာမ ဝဋ္ဋနာဝဠီ၊ ဧဝမဿု မေပိဋ္ဌိ ကဏ္ဋကော ဥန္နတာဝနတော ဟောတိ" ဟူသော ပါဠိစာသား ပါရှိသည်။ ဤနေရာ၌ "ဝဋ္ဋနာဝဠီ" ကို ဆဋ္ဌသံဂါယနာတင် မထေရ်မြတ်များက "ပုတီးကုံး" ဟု ဘာသာပြန်ဆိုခဲ့ခြင်းကြောင့် ဘုရားရှင်လက်ထက်တွင် ပုတီးနှင့် သဏ္ဌာန်တူသော အရာဝတ္ထုများ ရှိနိုင်သည်ဟု ယူဆဖွယ်ရှိသည်။[၃]
သို့သော်လည်း ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးက "သုံးလူများထိပ်၊ ငါးမာရ်နှိပ်၊ စိပ်ရန်ပုတီး ရှိလိမ့်နည်း" ဟူသော အမေးကို "ပုတီးရှိကြောင်း ကျမ်းဂန်၌ မတွေ့ဖူး။ မြတ်စွာဘုရား ပုတီးမကိုင်။ အကယ်၍ ကိုင်ခဲ့ပါက ထိုပုတီးကို မည်သူလှူသည်၊ မည်သို့အသုံးပြုသည်၊ မည်သည့်ရဟန်းက အမွေခံရသည် စသည်ဖြင့် ကျမ်းဂန်၌ ပြဆိုရမည်။ ထိုသို့မပြဆိုထားသောကြောင့် ဘုရားရှင် ပုတီးအသုံးမပြုဟု မှတ်ရမည်" ဟု မိန့်ဆိုခဲ့သည်။ ထို့ကြောင့် ဘာသာရေးအတွက် ပုတီးစိပ်ခြင်းသည် ထေရဝါဒ ပါဠိတော်လာ မူရင်းအလေ့အထတစ်ခု မဟုတ်ဟု မှတ်ယူကြသည်။[၄]
မြန်မာနိုင်ငံတွင် ပုတီးစိပ်သည့် အလေ့အကျင့်သည် အင်းဝခေတ်ကတည်းကပင် ရှိခဲ့ကြောင်း ခိုင်လုံသော အထောက်အထားများ တွေ့ရှိရသည်။ အင်းဝခေတ် ရွှေနန်းကြော့ရှင်မင်း (မြန်မာနှစ် ၈၇၁၊ ခရစ်နှစ် ၁၅၀၉) လက်ထက်တွင် အရှင်တေဇောသာရမထေရ် ရေးသားခဲ့သော "ရွှေဟင်္သာမင်းပျို့" အပိုဒ် ၆၃ တွင် —
"သုံးမည်ရတနာ၊ မကွာဆည်းကပ်၊ စွဲကြပ်ပုတီး၊ သုံးသီးသီတင်း၊ မြဲစင်းလျင်းလျှင်၊ နာခြင်းတရား၊ မှတ်သားနားဝင်၊ အပြည့်ထင်၏"
ဟု ရေးသားဖွဲ့ဆိုခဲ့သည်။ ဤသည်မှာ မြန်မာစာပေတွင် ပုတီးအကြောင်းကို အစောဆုံးတွေ့ရှိရသည့် အထောက်အထားဖြစ်ပြီး မြန်မာတို့တွင် ပုတီးစိပ်သည့် အစဉ်အလာမှာ အနည်းဆုံး နှစ်ပေါင်း ၅၀၀ ကျော် သက်တမ်းရှိပြီဟု ဆိုနိုင်သည်။[၅]
Remove ads
ပုတီးစိပ်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဘာဝနာ ပွားများအားထုတ်ရာတွင် စိတ်ကို အာရုံတစ်ခုတည်း၌ တည်ငြိမ်စွာ စူးစိုက်ထားနိုင်ရန် ဖြစ်သည်။ လူတို့၏စိတ်သည် နွားရိုင်းကဲ့သို့ ပျံ့လွင့်လွယ်ပြီး အာရုံအမျိုးမျိုးနောက်သို့ လိုက်ပါတတ်သည့် သဘောရှိသည်။ ပုတီးကို လက်ဖြင့်ကိုင်ကာ တစ်လုံးချင်း ရေတွက်ရွတ်ဆိုခြင်းသည် ထိုသို့ ပျံ့လွင့်နေသောစိတ်ကို ကမ္မဋ္ဌာန်းအာရုံပေါ်တွင် တည်ငြိမ်စွာ ရှိနေစေရန် ထိန်းချုပ်ပေးသည့် ရုပ်ဝတ္ထုပစ္စည်းတစ်ခု ဖြစ်သည်။
ပိဋကတ်တော်တွင် ပုတီးဖြင့် ဘာဝနာပွားရန် တိုက်ရိုက်ဟောကြားထားခြင်း မရှိသော်လည်း ပုတီးစိပ်ခြင်း၏ အနှစ်သာရမှာ ဒါန၊ သီလ၊ ဘာဝနာ ဟူသော ကုသိုလ်ရေးလုပ်ငန်းကြီးသုံးခုအနက် ဘာဝနာ အလုပ်ပင် ဖြစ်သည်။ ထို့ကြောင့် ဤအလေ့အကျင့်သည် ဗုဒ္ဓဘာသာ၏ ပြင်ပလုပ်ငန်းမဟုတ်ဘဲ စိတ်ကိုထိန်းသည့် ကမ္မဋ္ဌာန်းဘာဝနာစီးဖြန်းခြင်းတစ်မျိုးပင် ဖြစ်သည်။
ပုတီးစိပ်နည်းများ
မြန်မာဗုဒ္ဓဘာသာဝင်များ ပုတီးစိပ်ရာတွင် အဓိကအားဖြင့် သမထဘာဝနာနှင့် ဝိပဿနာဘာဝနာဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။
၁။ သမထဘာဝနာ- စိတ်တည်ငြိမ်အေးချမ်းမှုကို အဓိကထားသော နည်းလမ်းဖြစ်သည်။ အများအားဖြင့် ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားများလေ့ရှိကြသည်။ ဘုရားရှင်၏ ဂုဏ်တော် ၉ ပါးမှ ဂုဏ်တော်တစ်ပါးပါးကို အာရုံပြု၍ ပုတီးတစ်လုံးချတိုင်း "အရဟံ" ဟု တစ်ခါရွတ်ဆိုပြီး "ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား" ဟု အနက်အဓိပ္ပာယ်ကို ဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်ရသည်။ ဤသို့ဖြင့် စိတ်ကို ဘုရားရှင်၏ ဂုဏ်တော်၌သာ စူးစိုက်ထားခြင်းဖြင့် နီဝရဏတရားများ ငြိမ်းအေးကာ သမာဓိ ရရှိစေသည်။
၂။ ဝိပဿနာဘာဝနာ- ရုပ်နာမ်တရားတို့၏ မမြဲခြင်း (အနိစ္စ)၊ ဆင်းရဲခြင်း (ဒုက္ခ)၊ အစိုးမရခြင်း (အနတ္တ) သဘောကို ထပ်ခါတလဲလဲ ရှုပွားဆင်ခြင်ခြင်း ဖြစ်သည်။ "နာမရူပံ အနိစ္စံ" (နာမ်ရုပ်တရားတို့သည် မမြဲ) ဟု ရွတ်ဆိုဆင်ခြင်ကာ ပုတီးတစ်လုံးချ၊ "နာမရူပံ ဒုက္ခံ" (နာမ်ရုပ်တရားတို့သည် ဆင်းရဲ၏) ဟု ရွတ်ဆိုကာ တစ်လုံးချ စသည်ဖြင့် ပွားများရသည်။
ပုတီးစိပ်ရာတွင် အရေအတွက်ထက် အရည်အချင်းက ပို၍ အရေးကြီးသည်။ အဓိပ္ပာယ်ကို မဆင်ခြင်ဘဲ အမြန်ပြီးအောင် ရွတ်ဖတ်ခြင်းထက် ဂုဏ်တော်၏ အနက် သို့မဟုတ် လက္ခဏာရေးသုံးပါး၏ သဘောတရားကို ဉာဏ်၌ ထင်မြင်လာသည်အထိ ဖြည်းဖြည်းနှင့် မှန်မှန်ကန်ကန် ပွားများအားထုတ်ရန် လိုအပ်သည်။[၆]
Remove ads
ပုတီးကုံးများတွင် ပါဝင်သော ပုတီးစေ့အရေအတွက်သည် ဘာသာတရားနှင့် ဒေသအလိုက် ကွဲပြားမှုရှိသည်။
- ၁၀၈ လုံး- ဗုဒ္ဓဘာသာ၊ အထူးသဖြင့် မဟာယာနနှင့် မြန်မာဗုဒ္ဓဘာသာဝင်များ အသုံးအများဆုံး အရေအတွက် ဖြစ်သည်။ မြတ်စွာဘုရား၏ တစ်ရာ့ရှစ်ကွက် စက်လက္ခဏာတော်ကို အထိမ်းအမှတ်ပြုသည်ဟု အချို့က ယူဆကြသည်။
- ၃၂ လုံး- မြန်မာဗုဒ္ဓဘာသာဝင်များ အသုံးပြုလေ့ရှိပြီး လူ့ခန္ဓာကိုယ်ရှိ ၃၂ ကောဋ္ဌာသကို အမှတ်ရ ဆင်ခြင်ရန် ရည်ရွယ်သည်။
အခြားဘာသာများတွင်-
- အစ္စလာမ်ဘာသာ တွင် အလ္လာဟ်အရှင်မြတ်၏ နာမတော် ၉၉ မျိုးကို ရည်ညွှန်း၍ ၉၉ လုံး သို့မဟုတ် ၁၀၁ လုံး ရှိသော ပုတီးကို အသုံးပြုသည်။
- ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာ တွင် ၁၅၀ လုံး ရှိသော ပုတီး (Rosary) ကို အသုံးပြုကြသည်။
- ဂရိအော်သိုဒေါ့စ် ခရစ်ယာန်ဘာသာ တွင် လုံးရေ ၁၀၀ ရှိသော ပုတီးကို အသုံးပြုသည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads