ဗိုလ်ချုပ်ပန်းခြံ

From Wikipedia, the free encyclopedia

Remove ads

ဗိုလ်ချုပ်ပန်းခြံသည် ရန်ကုန်မြို့၊ ကန်တော်ကြီး၏ မြောက်ဘက်၊ နတ်မောက်လမ်းဘေးတွင် တည်ရှိသည်။

ဖြစ်ပေါ်လာခဲ့ပုံ

ဗိုလ်ချုပ်အောင်ဆန်းပန်းခြံသည် တစ်ချိန်က အိန္ဒိယဘုရင်ခံချုပ် လော့ဒါလဟိုဇီကို ဂုဏ်ပြုဖွင့်လှစ်ခဲ့သည့် ဒါလဟိုဇီပန်းခြံ ဖြစ်ခဲ့ဖူးပါသည်။ ကန်တော်ကြီးရေပြင်နှင့် ပန်းခြံအကျယ်အဝန်းတို့မှာ ဧက-၃၀၀ ကျော်ခန့် ရှိသည်ဟု သိရသည်။ ကာလကတ္တားရုက္ခဗေဒဥယျာဉ်မှ မစ္စတာဝီလျံစကော့က ပန်းခြံကိုပြုပြင်ပြီး နာမည်ပေးခဲ့ခြင်းဖြစ်သည်။ ထိုပန်းခြံမှာ မူလရှိခဲ့သော ရုပ်တုမှာလည်း ဗြိတိန် သတ္တမမြောက် အက်ဒွပ် (၁၈၄၁-၁၉၁ဝ) ဘုရင်၏ ရုပ်တုဖြစ်သည်။ အက်ဒ်ဝပ်ဘုရင်သည် ဗြိတိန်ထီးနန်းကို ၁၉၀၁-ခုနှစ်မှ သူသေဆုံးခဲ့သည့် ၁၉၁၀-ခုနှစ်အထိ စိုးစံခဲ့သူ ဖြစ်သည်။

သတ္တမမြောက်အက်ဒ်ဝပ်ဘုရင် သေဆုံးပြီးသောအခါ အထိမ်းအမှတ်အဖြစ် သူ၏ရုပ်ထုကို ရန်ကုန်မြို့၊ ဒါလဟိုဇီပန်းခြံ၏မြောက်ဘက်အရပ်၌ ဗြိတိသျှအစိုးရက ထားရှိခဲ့သည်။ ရုပ်တုနှင့်အတူ အလှဆင်တိုင်များနှင့် ခန့်ညားသော အဆောက်အဦးတစ်ခုကိုလည်းထည့်သွင်း တည်ဆောက်ခဲ့ကြသည်။

၁၉၃၀-ခုနှစ်တွင် ကုန်းဘောင်မင်းဆက်ကိုတည်ထောင်သူ အလောင်းမင်းတရားကို ဂုဏ်ပြုသည့်အနေနှင့် အောင်ဇေယျပန်းခြံ (အနောက်ဘက်တောင်ပူစာလေးရှိ အောင်ဇေယျကုန်း)ဟု အမည်ပြောင်းလဲခေါ်ဆိုခဲ့ကြသည်။

ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂-ခုနှစ်၊ ရန်ကုန်မြို့သည် ဂျပန်တို့၏ထိန်းချုပ်မှုအောက်ကို ရောက်ရှိ သွားပြီးနောက် ဂျပန်များသည် ဘုရင်အက်ဒ်ဝပ်ရုပ်တုကို ဖယ်ရှားလိုက်ပြီး ထိုနေရာကို "Victory earth” (အောင်မြေ)ဟု ပြောင်းလဲခေါ်ဆိုခဲ့ပြန်သည်။ ရုပ်တုနောက်ဘက်မှာရှိသော ဗြိတိသျှတို့၏ အဆင်တန်ဆာတံဆိပ်ရေးထိုးထားသော ကော်လံတိုင်ပါအဆောက်အအုံများကိုလည်း ဖြိုဖျက်ဖယ်ရှားခဲ့ကြသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်တွင် ထိုနေရာကိုဗိုလ်ချုပ်အောင်ဆန်းပန်းခြံဟု ပြောင်းလဲခေါ်ဆိုခဲ့ကြသည်။ ပထမဆုံး ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ထားရှိဖို့ အကြံဖြစ်ခဲ့ကြသည်။ ထို့ကြောင့် တာဝန်ရှိသူများသည် ကြေးရုပ်တုသွန်းလောင်းရန် ပန်းပုဆရာများထံ ပုံစံငယ်ရုပ်တုများကို ထုလုပ်စေခဲ့သည်။ ရရှိလာသော ပုံစံငယ်များစွာထဲမှ ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ပန်းချီ၊ ပန်းပုပညာရှင်ကြီး ဦးစံဖေ၏လက်ရာ ရုပ်တုကို ရွေးချယ်ခဲ့ကြလေသည်။

ကြေးသွန်းရုပ်တု ဖြစ်မြောက်ရန် ၁၉၅၅-ခုနှစ်တွင် လန်ဒန်အနုပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ဖြစ်သူ အင်္ဂလန်နိုင်ငံသား ကြေးသွန်းပညာရှင် မစ္စတာ ကော့ပ်‌နောလ် (Bainbridge Copnall) အားတာဝန်ပေးအပ်ခဲ့ပါတယ်။ ဦးစံဖေရဲ့ရုပ်တုကိုကြည့်ပြီး မစ္စတာ ကော့ပ်‌နောလ်သည် ဗိုလ်ချုပ်ကြေးရုပ်ကို သွန်းလောင်းခဲ့သည်။ သွန်းလောင်းခအတွက် မစ္စတာကော့ပ်‌နောလ် အား စတာလင်ပေါင် ၂၀၀၀ (ထိုစဉ်က မြန်မာငွေ နှစ်သောင်းခြောက်ထောင်ကျပ်) ပေးခဲ့ရသည်။

ထိုဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုသည် အမြင့် ၈ပေ ၄ လက်မ ရှိသည်။ ရုပ်တု၏အောက်ခံခုံတွင် ရေးထိုးမည့်ကမ္ဗည်းစာသားများကို ဆရာဇော်ဂျီ ၊ ဆရာမင်းသုဝဏ်၊ ဝန်ကြီးချုပ်ဦးနု၊ ဦးသန့် နှင့် ဗိုလ်မှူးကြီးဘရှင် အစရှိသော ပုဂ္ဂိုလ်များပါဝင်သည့်အဖွဲ့က စိစစ်ရွေးချယ်ပေးခဲ့ကြပါသည်။ အောက်ခံခုံအရှေ့ဘက်တွင် ရေးထိုးထားသော စာသားမှာ ’’ ပြည်ထောင်စု၏ ရှေ့ဆောင်လမ်းပြကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ ၁၂၇၆-ခုတပေါင်းလဆန်း ၁ ရက်၊ ကျဆုံးနေ့ ၁၃၀၉-ခု ဝါခေါင်လဆန်း ၂ ရက်’’ဟု မြန်မာသက္ကရာဇ်နှင့် လအမည်၊ ရက်တို့ကို ရေးထိုးထားသည်။

အောက်ခံခုံ အနောက်ဘက်တွင် "တတိုင်းပြည်လုံး ကြီးပွားစေချင်ယင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာကတမျိုး၊ ကရင်က တဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က တခြား၊ အကွဲကွဲအပြားပြားလုပ်နေကြယင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်တယ်’’ – ဗိုလ်ချုပ်အောင်ဆန်းဟု ရေးထိုးထားပါသည်။

အဆိုပါကြေးရုပ်တုဖွင့်ပွဲကို ၁၉၅၅-ခုနှစ် ဖေဖော်ဝါရီ ၁၃ရက်နေ့ ၊ ဗိုလ်ချုပ် အနှစ် (၄၀) မွေးနေ့တွင် နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦးက ဖွင့်လှစ်ပေးခဲ့သည်။ တဆက်တည်းမှာပင် ပန်းခြံရှေ့မျက်နှာစာရှိ ကန်တော်ကြီးစောင်းမှ ပတ်ခ်လမ်းကိုလည်း ဗိုလ်ချုပ်အောင်ဆန်း၏ဇာတိ နတ်မောက်မြို့အားဂုဏ်ပြုသည့်အနေနှင့် နတ်မောက်လမ်းလို့ ပြောင်းလဲမှည့်ခေါ်ခဲ့ကြသည်။


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads