ဦးဘဘေ
ဝိုင်အမ်ဘီအေအသင်း နှင့် သူရိယသတင်းစာတိုက် တို့ကို စတင် တည်ထောင်သူ၊(ဖေ၊ပု၊ရှိန်)အဖွဲ့ဝင် ဦး From Wikipedia, the free encyclopedia
Remove ads
ဦးဘဖေ (ခ) ဦးဘဘေ (၁၆ ဧပြီ ၁၈၈၃ - ၈ ဇန်နဝါရီ ၁၉၇၁)သည် ဝိုင်အမ်ဘီအေအသင်း နှင့် သူရိယသတင်းစာတိုက် တို့ကို စတင် တည်ထောင်သူ တစ်ဦး ဖြစ်သည်။[၁] [၂] ကိုလိုနီခေတ် တွင် လူထုအား နိုင်ငံရေးမျက်စိဖွင့်ပေးသည့် ဝါရင့် နိုင်ငံရေးသမားတစ်ဦး လည်းဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း ဖေ၊ပု၊ရှိန် တနည်း ဘေ၊ပု၊ရှိန် ဟူ၍ လူသိများသော အမျိုးသားနိုင်ငံရေးသမားများအနက် တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။သူသည် ဘကြီး ဘဘေ[၃] ၊ဦးဘဘေ အဖြစ် လည်းကောင်း၊ကျောင်းသင်ရိုးညွန်းတမ်းစာအုပ်များ နှင့် သမိုင်းစာအုပ်တို့တွင် [၄] ဦးဘဖေ အဖြစ် လည်းကောင်း ထင်ရှားခဲ့သူ ဖြစ်သည်။
Remove ads
ငယ်ဘဝ နှင့် ပညာရေး

ဦးဘဖေ (ခ) ဦးဘဘေ သည် ကြို့ပင်ကောက်မြို့မြေပိုင်ရှင် နှင့် ကြို့ပင်ကောက် မြူနီစပယ်လူကြီး အဖ ဦးအို၊ အမိ ဒေါ်မှင်တို့မှ မြန်မာသက္ကရာဇ် ၁၂၄၅ ခု၊ ကဆုန်လဆန်း ၁ဝ ရက် (ခရစ်သက္ကရာဇ် ၁၈၈၃ ခု၊ ဧပြီလ ၁၆ ရက်) တနင်္လာနေ့တွင် ဖွားမြင်ခဲ့ပြီး အထွေးဆုံးသားဖြစ်သည်။
ငယ်စဉ်က ကြို့ပင်ကောက်မြို့ အာစီအမ်သာသနာပြုကျောင်း၊ ရန်ကုန် အစိုးရဟိုက်စကူးကျောင်းနှင့် ရန်ကုန်ကောလိပ်တို့တွင် ပညာ သင်ကြားခဲ့သည်။ အသက် ၁၉ နှစ်တွင် ဘင်္ဂလားအင်ထရင့်စာမေးပွဲကို စကောလားရှစ်ဖြင့် အောင်မြင်သည်။ ၁၉၀၄ခုနှစ်တွင် ရန်ကုန်ကော လိပ် အက်ဖ်အေတန်း (ဒုတိယနှစ်) ကို စကောလားရှစ်ဖြင့်အောင်မြင်၍ ၁၉၀၆ ခုနှစ်တွင် ဘီအေ (ဝိဇ္ဇာ) ဘွဲ့ရရှိခဲ့သည်။ ထို့နောက် ရန်ကုန် ကောလိပ်တွင် ဥပဒေပညာဆက်လက်သင်ယူခဲ့သည်။
Remove ads
ဘဝဖြတ်သန်းမှု

ဦးဘဖေ သည် ၁၉၀၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ရန်ကုန်ကောလိပ်၌ ဗုဒ္ဓဘာသာအသင်းတည်ထောင်ရာတွင် ပါဝင်ခဲ့သည်။
၁၉၀၆ ခုနှစ် မေ ၁၀ ရက်နေ့တွင် ဦးဘဖေ သည် သူငယ်ချင်းများ ဖြစ်ကြသော ကိုဘရင်(ဒေါက်တာဘရင်)၊ ကိုမောင်ကြီး(ဆာမောင်ကြီး) တို့နှင့်အတူ ‘ဝိုင်အမ်ဘီအေ’(Y.M.B.A) ခေါ် ဗုဒ္ဓဘာသာကလျဏယု၀ အသင်းကို စတင်တည်ထောင်ခဲ့သည်။အသင်းကို စတင်တည်ထောင်စဉ်က ကိုမောင်ကြီး၏နေအိမ် (အမှတ် ၈၆၊ ၂၈လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်) တွင် ကျောင်းသား ၂၀ ခန့်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ဦးဘဖေ နှင့် အတူ ဦးမောင်ကြီး (ဆာ မောင်ကြီး)၊ ဦးစိန်လှအောင်၊ ဦးဘိုးမြေ၊ ဦးမုန်း၊ ဦးမေအောင်၊ ဒေါက်တာ ဘရင်၊ ဦးလှဖေ၊ ဦးသိန်းမောင် စသော ခေတ်ပညာတတ် လူငယ်၊ လူရွယ်များ ပါဝင်ခဲ့သည်။ ထိုအချိန်က ဝိုင်အမ်ဘီအေ တည်ထောင်ရခြင်းမှာ စွန့်စားခန်းကြီးတခုပင်ဖြစ်သည်။ ဝိုင်အမ်ဘီအေကိုတည်ထောင်ခဲ့သော ကိုဘဘေ၊ ကို မောင်ကြီး၊ ကိုဘရင်တို့ကို အာဏာပိုင်တို့က ‘ထောင်စာလေးတွေ’ဟု ပြောဆိုခဲ့ကြသည်။
ဦးဘဘေသည် ဝိုင်အမ်ဘီအေအသင်းတွင် အသင်း ၏ အကျိုးဆောင်၊ ဒုတိယဥက္ကဋ္ဌ၊ အမှုဆောင်လူကြီး စသည့်တာဝန်များကို ထမ်းဆောင်ခဲ့သည်။
Remove ads
သတင်းစာဆရာဘဝ
၁၉၁၁ ခုနှစ်၊ ဇူလိုင်လ ၄ ရက် အင်္ဂါနေ့တွင် ဦးဘဖေ သည် ဦးလှဖေ (နောင်မြင်းခြံ ချည်မျှင်အထည် စက်တည်ထောင်သူ) နှင့် အတူ သူရိယသတင်းစာကို စတင်တည်ထောင်ခဲ့သည်။ ထိုစဉ်က ဦးဘဖေ သည် ဆေးမင်းကြီးရုံး၌ အလုပ်လုပ်နေစဉ် မျက်နှာဖြူများ နှင့် မသင့်မြတ်ခဲ့၍ အလုပ်မှထွက်ခဲ့ပြီးနောက် သတင်းစာထုတ်ရန်စိတ်ကူးရှိခဲ့ရာ စိန်ပေါလ်ကျောင်းတွင် ကျောင်းဆရာအတူလုပ်ခဲ့ဖူးသော ဦးလှဖေ နှင့်တွေ့ဆုံရာမှ သတင်းစာထုတ်ရန် အကြံရခဲ့၍ တည်ထောင်ခြင်း ဖြစ်သည်။ ထိုစဉ်ကဦးလှဖေသည် ဦးမေအောင်၏ The Burman အင်္ဂလိပ်သတင်းစာ၌ အယ်ဒီတာလုပ်ခဲ့ဖူးသည့်အတွက် အတွေ့အကြုံပြည့်ဝနေ၍ သတင်းစာထုတ်ဝေမှုတွင် အခက်အခဲ မရှိခဲ့ပေ။
သို့ရာတွင် နှစ်ဦးပေါင်းမှ ငွေ ၅၀ ကျပ် သာရှိသည်။ ထို့ကြောင့် ပြည်ကြီးမဏ္ဍိုင်ပုံနှိပ်တိုက်တွင် “သူရိယသတင်းစာ ထုတ်တော့မည်။ ဘာသာရေး၊ နိုင်ငံရေးပါမကျန် မိမိတို့ သန်ရာကိုဖတ်ရတော့မည်”ဟု ကြော်ငြာရိုက်နှိပ်၍ ခင်မင်ရာမိတ်ဆွေများကို သတင်းစာဖိုး တနှစ်စာအတွက် ၁၅ ကျပ်စီ ကောက်ခံရာ ငွေ ၅၀၀၀ ကျော်ရခဲ့သည်။ ထိုငွေဖြင့် သူရိယသတင်းစာကို စတင်မွေးဖွားခဲ့သည်။ ဦးဘဖေ သည် သူရိယ သတင်းစာ၏ အယ်ဒီတာအပြင် နတ်ကြီးသုံးပါးစကားပြောခန်းကို အပတ်စဉ်ရေး၍ နတ်ကြီးဘဘေ တစ်နည်း နတ်ကြီး ဘဖေ အဖြစ် ထင်ရှားခဲ့သည်။ ထိုမှတဖန် အင်္ဂလိပ်ဘာသာဖြင့် The Burma Observer သတင်းစာကိုလည်း သူရိယသတင်းစာတိုက်မှပင် ထုတ်ဝေ ခဲ့ပြန်သည်။ သံတော်ဆင့် ဦးသိမ်းမောင်၊ ဟံသာ၀တီ ဦးစိန်၊ ထွန်းနေ့စဉ် ဦးထွန်းဖေ၊ သမာဓိအမ် ဘိုးချိန်၊ ဦးဘသန်း (ယူပီအိုင်) နှင့် ဇ၀န တို့သည် သူရိယတိုက်မှမွေးထုတ်ပေး လိုက်သော သတင်းစာဆရာများပင် ဖြစ်ကြသည်။
သူရိယသတင်းစာ သည် အခြား သတင်းစာများထက် သတင်းထူးများကို ဦးစားပေး ရေးသားးခဲ့သည်။ ဝိုင်အမ်ဘီအေ အသင်းကြီး၏ လှုပ်ရှားမှု အသက်ပါသော သတင်းစာ ဖြစ်၍ သတင်းစာစောင်ရေမှာ တရိပ်ရိပ် တက်လာခဲ့သည်။ထိုစဉ်က ရွှေတိဂုံ စေတီတော် ပေါ်တွင် မျက်နှာဖြူများ ဖိနပ်စီး တက်နေကြသည်။ ဤသည်ကို မကြည့်ရက်နိုင်သော ဦးဘဖေသည် ကာတွန်း ရုပ်ပြောင်ဖြင့် သတင်းစာ ဖော်ပြခဲ့သည်။ အင်္ဂလိပ် မျက်နှာဖြူများနှင့် အလိုတော်ရိများ မခံမရပ်နိုင် ဖြစ်ခဲ့ရသည်။
ကာတွန်း၏ ရုပ်ပုံမှာ တောင်ရှည် ပုဆိုးဝတ် ဘုရားလူကြီး၏ ကျောပေါ်တွင် မျက်ဖြူ ဇနီးမောင်နှံတို့က ဖိနပ်မချွတ်ဘဲ ခွစီးထားရင်း စေတီတော်မြတ်ကို လှည့်လည် ကြည့်ရှုနေပုံ ဖြစ်သည်။ ထိုမျက်နှာဖြူ ဇနီးမောင်နှံတို့ကပင် “အခုလို ဖိနပ်မချွတ်ဘဲ ဘုရားပေါ် လည်ကြည့်ရသဖြင့် ကျေးဇူးတင်ပါတယ်” ဟုသော စကားကိုပင် ဖော်ပြ လိုက်သေးသည်။ထိုကာတွန်းကို ရွှေတလေး ခေါ် ဦးဘလေးက ရေးဆွဲပေးခဲ့သည်။
ထိုကာတွန်းကြောင့် ပုလိပ်မင်းကြီး မျက်နှာဖြူ ရှပ်တဲ (လ်) ဝပ် (သ်) က ဦးဘဖေ နှင့် ဦးရွှေကလေးတို့ကို ခေါ်မေးခဲ့သည်။ ဦဘဖေတို့ကို ခေါ်သော်လည်း ပုလိပ်မင်းကြီး စားပွဲရှေ့တွင် ထိုင်စရာ ဟူ၍ ဘာမျှမထား။ ဖျာလေး တချပ်မျှသာ ခင်းထားလေသည်။ ဦးဘဖေတို့က မထိုင်ဘဲ မတ်တပ်ရပ်လျက်ကပင် “ဂွတ်တမောနင်း မစ္စတာ ရှပ်တဲ(လ်)ဝပ်(သ်)” ဟု နှုတ်ဆက်လိုက်သည်။မျက်နှာဖြူ ပုလိပ်မင်းကြီးက မျက်နှာထား ခပ်တည်တည်ဖြင့် ကာတွန်းထည့်ရခြင်း အကြောင်းကို မေးမြန်းခဲ့ရာ၌ ဤတွင် ဦးဘဖေက “ပုလိပ်ဟာ ပုလိပ် အလုပ်ပဲ လုပ်ပါ၊ သတင်းစာ အလုပ်ကို ဝင်မရှုပ်ပါနဲ့၊ ဒီမယ် ဟေ့ကောင် မင်းဟာတို့ကို တမင်ခေါ်ပြီး ညစ်တာ၊ တို့ထိုင်ဖို့ နေရာတောင် မပေးဘူး၊ ဒီလို မစော်ကားနဲ့၊ နောင်ကို ဒီလို့ စော်ကားရင်တော့ ငါနေမယ် မဟုတ်ဘူး၊ ပြန်ဆော်မှာပဲ” ဟု ပြောဆိုခဲ့သည်။
ထိုအခါ ပုလိပ်မင်းကြီး မစ္စတာ ရှပ်တဲ(လ်)ဝပ်(သ်)က ၎င်းအား ပြန်ခံပြောသည်ကို စိတ်ဆိုးပြီး ဆဲဆို မောင်းထုတ် ခဲ့သည်။ ဦးဘဖေကလည်း ခေါင်းငုံ့မခံဘဲ ပြန်ဆဲပြီး စားပွဲပေါ်ရှိ မျဉ်းလုံးနှင့် ဆွဲရိုက်မည် အပြု၊ အတူပါလာသော ဦးလှဖေက ဆွဲထားလိုက်ရသည်။ ဦးဘဖေ ပုလိပ်မင်းကြီးနှင့် ရန်ဖြစ်ခဲ့သည် ဆိုသော သတင်းကြောင့် ဝိုင်အမ်ဘီအေ အသင်းတွင် အတော် ပွက်လောရိုက် သွားခဲ့သည်။ ဦးဘဖေကိုလည်း အထူးပင် ချီးကျူးခဲ့ကြသည်။
Remove ads
နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုများ
ဦးဘဖေသည် ငယ်စဉ်က ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေရန် အဖြစ်ဆန်း တခုနှင့် ကြုံတွေ့ခဲ့ရသည်။ဖြစ်စဥ်မှာ သူငယ်စဉ်က ရန်ကုန်ရှိ ဟိုက်စကူးကျောင်း၌ ကျောင်းတက်သွားစဉ် ဆိုင်ကယ် စီးလာသော ပုလိပ် မင်းကြီး အက်ဒေါနင်ရှေ့မှ ကလေးပီပီ ဖြတ်ပြေး သွားခဲ့မိသည်။ မင်းကြီးရှေ့မှ ဖြတ်ပြေး သွားရကောင်းလား ဆိုပြီး ဒဏ်ငွေ ၃ ကျပ် ဒဏ်ရိုက်ခံရသည်။ လူချင်း တူပါလျက် နားမလည်သေးသော ကလေးအရွယ်မျှပင် မျက်နှာဖြူ အင်္ဂလိပ် ပုလိပ်မင်းကြီး ရှေ့မှ ဖြတ်ပြေးမိရုံနှင့် ဒဏ်ငွေ ရိုက်ခြင်းကို သူမကျေနပ်ခဲ့။ ခံပြင်းမိသည်။ ဤသည်မှာ ဇာတိမာန် တက်ကြွမှုကို မျိုးစေ့ ချပေးခဲ့သော ဖြစ်ရပ်ဆန်း တခု ဖြစ်ခဲ့သည်။
သူသည် ဘီအေ အောင်ပြီးနောက် နယ်ချဲ့ အင်္ဂလိပ် အစိုးရက မြို့အုပ်ရာထူး လာပေးသည်ကို မယူဘဲ စိန်ပေါလ်ကျောင်း၌ ကျောင်းဆရာ အဖြစ် လုပ်ကိုင်ခဲ့သည့်အထိ မျိုးချစ်စိတ် ပြင်းထန်သူ ဖြစ်သည်။
၁၉၁၇ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် ဗြိတိသျှအစိုးရ အိန္ဒိယနိုင်ငံဆိုင်ရာဝန်ကြီးမွန်တေဂူ (Edwin Montagu 1879-1924)က ဗြိတိသျှ ပါလီမန်အောက်လွှတ်တော်၌ မြန်မာပြည်အပါအဝင် အိန္ဒိယနိုင်ငံအား ဗြိတိသျှအင်ပါယာအတွင်းမှ တဖြေးဖြေး ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးမည်ဟု ကြေညာခဲ့သည်။
ထို့ကြောင့် မွန်တေဂူ၏ ပြုပြင်ပြောင်းလဲသောအုပ်ချုပ်ရေးစနစ်ကို စုံစမ်းရန်အတွက် ဝိုင်အမ်ဘီအေအသင်းမှ ကိုယ်စားလှယ်များဖြစ်ကြသော ဦးဘဖေ၊ ဦးမေအောင်၊ ဦးစု တို့အား ၁၉၁၇ခုနှစ် အောက်တိုဘာလတွင် ကာလကတ္တားမြို့သို့ စေလွှတ်ခဲ့သည်။သို့ရာတွင် ၁၉၁၈ ဇွန်လ တွင် မွန်တေဂူချမ်းစဖို့စီမံကိန်းအရ အိန္ဒိယကို ဒိုင်အာခီအုပ်ချုပ်ရေးပေးသောအခါ မြန်မာကို ချန်လပ်ထားသည့် အစီရင်ခံစာထွက်ပေါ်လာသည်။ယင်းနောက် ၁၉၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၈ တွင် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံဒုတိယ ဘုရင်ခံ အဖြစ် ဆာရယ်ဂျီနယ်ကရက်ဒေါက် အား ခန့်အပ်ပြီး နောက် ၁၉၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် မြန်မာပြည်အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲ စီမံကိန်း (Craddock Scheme) ကို ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ဝိုင်အမ်ဘီအေအသင်းချုပ်၌ အထူးအစည်းအဝေး ကိုကျင်းပ၍ ကရက်ဒေါက်စီမံကိန်း ကိုတိုက်ဖျက်၍ မြန်မာပြည်သူတို့ လိုလားသောအုပ်ချုပ်ရေးတောင်းဆိုရန်အတွက် ဝိုင်အမ်ဘီအေ ကိုယ်စားလှယ်များဖြစ်ကြသော ဦးဘဖေ (သူရိယ)၊ ဦးပု (ဝတ်လုံတော်ရ-ရွှေကျင်)၊ ဦးထွန်းရှိန် (ကျောင်းအုပ်ကြီး၊မန္တလေး) (ဖေ၊ ပု၊ ရှိန်) တို့ကိုရွေးချယ်၍ ၁၉၁၉ ခုနှစ်၊ ဇူလိုင်လ ၇ ရက်တွင် အင်္ဂလန်သို့ စေလွှတ်ခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့သည် ဗြိတိသျှအစိုးရ ကဖိတ်၍ သွားသောအဖွဲ့မဟုတ်ဘဲ ကိုယ့်အစီအစဉ်ဖြင့် ကိုယ်အရေးဆိုရန် သွားသောအဖွဲ့ဖြစ်၍ ပထမတွင်လက်ခံတွေ့ဆုံမည့်သူပင်မရှိချေ။[၅]
ထို့နောက် ဖေ၊ ပု၊ ရှိန်ကိုယ်စားလှယ်အဖွဲ့သည် ၁၉၁၉ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံဆိုင်ရာ အတွင်းဝန် မွန်တေဂူနှင့်တွေ့ဆုံခဲ့ရပြီး မြန်မာတို့ရေးဆွဲထားသော မြန်မာနိုင်ငံဆိုင်ရာအုပ်ချုပ်ရေး ပြုပြင်ရေးစီမံကိန်းကို ဗြိတိသျှအစိုးရထံ တင်ပြနိုင်ခဲ့သည်။[၆] သို့သော် အိန္ဒိယပြည်နယ်ကြီးများနှင့်တန်းတူထား၍ မြန်မာနိုင်ငံကို ဒိုင်အာခီအုပ် ချုပ်ရေးတိုးပေးမည့်ကတိကို မရခဲ့ချေ။ ဗြိတိသျှအစိုးရ၏ နောက်ဆုံးအဖြေမှာ မြန်မာနိုင်ငံအတွက် သီးခြားစဉ်းစားပေးမည်ဟုသာ ဖြစ်သည်။ ဘေ၊ ပု၊ရှိန်ကိုယ်စားလှယ်အဖွဲ့သည် မူလရည်ရွယ်ချက်ဖြစ်သော ဒိုင်အာခီအုပ်ချုပ်ရေးတိုးပေးရေးကိစ္စ မအောင်မြင်ခဲ့သော်လည်း ရွှေတိဂုံ ဘုရားကုန်းတော် အနောက်ဘက်ခြမ်းတွင် တပ်စွဲထားသော အင်္ဂလိပ်တပ်သားများ ရုပ်သိမ်းပေးရန်သဘောတူခဲ့မှုနှင့်၊ ပထမကမ္ဘာစစ်အတွင်း က မြန်မာနိုင်ငံထွက် ဆန်များရောင်းရသည့် အမြတ်ငွေ (၉) ကုဋေကျပ်ကို အိန္ဒိယအစိုးရထံမှ ပြန်လည်ရရှိခဲ့သည်။ ဖေ၊ ပု၊ ရှိန် ကိုယ်စား လှယ်အဖွဲ့၏ခရီးစဉ်သည် ကိုလိုနီခေတ်အဖိနှိပ်ခံဘ၀ကျရောက်နေသော မြန်မာပြည်သူလူထုအား နိုင်ငံရေးအသိတရား နိုးကြားစေရန်တပ် လှန့်နှိုးဆော်မှု ဖြစ်ခဲ့သည်။ထိုစဉ်က ‘ဖေ-ပု-ရှိန်’ ဟု နာမည်ကျော်ကြား လူသိများကာ ရေပန်းစားခဲ့သည်။
၁၉၂ဝ ခုနှစ်၊ ဒီဇင်ဘာလတွင် ပထမဆုံး တက္ကသိုလ် သပိတ်ကို ပြင်ပ နိုင်ငံရေး ခေါင်းဆောင်တဦး အနေဖြင့် အားပေး ထောက်ခံခဲ့သော ပုဂ္ဂိုလ် တစ်ဦးမှာ ဦးဘဖေပင် ဖြစ်သည်။ စီအင်အီး ခေါ် အမျိုးသား ပညာရေး အဖွဲ့ချုပ် ကော်မတီဝင် တဦး အဖြစ်လည်း ပါဝင် ဆောင်ရွက်ခဲ့သည်။
၁၉၂ဝ ခုနှစ်၌ပင် အင်္ဂလန်သို့ ဒုတိယ အကြိမ် မြန်မာပြည် အတွက် အရေးဆိုရန် သွားရပြန်သည်။ သွားရသူများမှာ ဦးဘဖေ၊ ဦးပု၊ ဦးသိန်းမောင်တို့ ဖြစ်ကြသည်။ သွားရခြင်း အကြောင်းမှာ မြန်မာပြည်ကို အိန္ဒိယပြည်နှင့် တန်းတူ အုပ်ချုပ်ရေး အဆင့်အတန်း ပေးရန်အတွက် ပြောဆိုရန် သွားခြင်းဖြစ်သည်။ ဦးဘဖေတို့ ဇွဲကောင်းကောင်းနှင့် အမျိုးမျိုးအဖုံဖုံ ကြိုးစား ဆောင်ရွက်မှုကြောင့် မွန်တေဂူက ဖိတ်ခေါ်ပြီး အိန္ဒိယနှင့် တန်းတူ အုပ်ချုပ်ရေးကို ၁၄ ရက် အတွင်း ပြုလုပ်ပေးပါမည် ဟူသော ကတိကို ရရှိခဲ့သည်။
ထိုစဉ်က မြန်မာပြည်တွင် ဘုရင်ခံ ဖြစ်သူမှာ သမိုင်းတွင် ထင်ရှားသော ဘုရင်ခံ ကရက်ဒေါ့(ခ်) ဖြစ်သည်။ဦးဘဖေသည် ဒိုင်အာခီ အုပ်ချုပ်ရေးကို ၂၁ ဦးဖြင့် လက်ခံခဲ့သည်။
၁၉၂၂ ခုနှစ် ဩဂုတ်လတွင် ဂျီစီဘီအေ အတွင်း၌ ဦးဘဖေ ဦးဆောင်သော ၂၁ ဦးဂိုဏ်းသားတို့သည် ဒိုင်အာခီစနစ်ကိုလက်မခံဟု ဆုံးဖြတ် ချက်ချကြသော ဂျီစီဘီအေ အသင်းသားများ၏ ဆန္ဒကို ဖီလာပြု၍ ဂျီစီဘီအေ မှခွဲထွက် ဂိုဏ်းသီးခြားထောင်ခဲ့သည်။ထိုဂိုဏ်းသားများကို ဂျီစီဘီအေ အဖွဲ့သားများသည် ဒိုင်သမား ဟူ၍ ရှုတ်ချကဲ့ရဲ့ကြသည်။ဦးဘဖေ အဖွဲ့ကမူ ယင်းတို့အဖွဲ့အား ၂၁ဦး အဖွဲ့ (ခေါ်) ပြည်သူပြည်သားပါတီ ဟုခေေါ်ဝါ်ခဲ့ကြသည်။ ထိုအချိန်မှစ၍ ဂျီစီဘီအေအဖွဲ့ချုပ်ကြီးသည် ဦးဘဖေ ဦးစီးသော ၂၁ ဦး ဂျီစီဘီအေ နှင့် ဦးချစ်လှိုင်၊ သာယာ၀တီဦးပု၊ ဦးထွန်းအောင်ကျော်တို့ကြီးမှူးသည့် ‘လှိုင်၊ပု၊ ကျော်’ ဂျီစီဘီအေ (ဝံသာနုဂျီစီဘီအေ) ဟူ၍ နှစ်ဂိုဏ်းကွဲသွားခဲ့ကြသည်။
Remove ads
အမတ်ဘဝ နှင့် ဝန်ကြီး ဘဝ
၁၉၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဒိုင်အာခီဥပဒေပြုကောင်စီ၏ ပထမဆုံးရွေးကောက်ပွဲ ကိုကျင်းပရာ ဦးဘဖေ၏ ပြည်သူပြည်သားပါတီနှင့် ဆာဂျေအေမောင်ကြီး (၁၈၇၂- ၁၉၅၅) ၏ ပရိုဂရက်ဆစ် (Progressive) ခေါ် ရွှေတောင်ကြားပါတီက ဝင်ရောက် ယှဉ်ပြိုင်၍ ရာထူးယူခဲ့ကြသည်။ ၁၉၂၃ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်နေ့တွင် ဒိုင်အာခီအုပ်ချုပ်ရေးစတင်ခဲ့သည်။ ဦးဘဘေ၏ ၂၁ ဦးအဖွဲ့သည် ဒိုင်အာခီအုပ်ချုပ်ရေးကိုလက်ခံခြင်းမှာ နယ်ချဲ့အစိုးရကို လွှတ်တော်၌ ပူးပေါင်းရန်ဟု အကြောင်းပြခဲ့သည်။သို့သော် လက်တွေ့တွင်မူ နယ်ချဲ့အစိုးရပေးခဲ့သော ငါးထောင်စားရာထူးကိုလက်ခံ၍ နိုင်ငံအကျိုးကို ထိထိရောက်ရောက်မဆောင်ရွက်နိုင်ခဲ့ဟု ဝေဖန် ခံခဲ့ရသည်။
၁၉၂၉ ခုနှစ်၊ ရွှေးကောက်ပွဲ တွင် ဦးဘဖေသည် ရန်ကုန် အရှေ့ပိုင်းမှ ဝင်ရောက် အရွေးခံရာ အနိုင်ရရှိခဲ့သည်။ ထို့နောက် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၃ဝဝ ပြည့်နှစ် ရေနံမြေ သပိတ်ကြီးတွင်လည်း ဦးဘဖေသည် ၂၁ ဦး ကိုယ်စားလှယ် အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။ တွဲရေး ခွဲရေး၊ ၉၁ ဌာန အုပ်ချုပ်ရေး ခေတ်တွင်လည်း သစ်တောရေး ဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုစဉ်က ၅ဝဝဝ ကျပ်မျှ လစာရသည်။ ခေတ်အခေါ် သစ်တောရေး ဝန်ကြီးချုပ်ဟု ခေါ်ကြသည်။
ထို့နောက် ၁၉၃၆ ခုနှစ်၊ ဧပြီ ၃၀ မှ မေလ ၂ ရက်နေ့အထိ မန္တလေးမြို့တွင် ညီညွတ်ရေးအစည်းအဝေး ကျင်းပရာ ဦးဘဖေ ဦးစီးသည့် ပြည်သူပြည်သားအဖွဲ့၊ အမ်အေဦးမောင်ကြီးဦးစီးသည့် ခွဲခွာရေးအသင်းကို အမည်ပြောင်းထားသည့် မြန်မာပြည်လွတ်လပ်ရေးအဖွဲ့(Free Burma) ၊ရေဦး ဆရာတော် ကြီးမှူးသည့် ဗဟိုဂျီစီဘီအေအဖွဲ့၊ ဦးဘစီဦးစီးသည့် သပိတ်မှောက်ဂျီစီဘီအေအဖွဲ့၊ ဦးဘဦး ဦးစီးသည့် မန္တလေး ၂၁ ဦးအဖွဲ့တို့ တွေ့ဆုံဆွေးနွေး၍ အဖွဲ့ငါးဖွဲ့ကိုစုပေါင်း၍ ‘ညီညွတ်ရေးမူ လ ဂျီစီဘီအေအဖွဲ့ချုပ်’ကို ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့ကို နိုင်ငံရေးအဖွဲ့ငါးဖွဲ့စုစည်းထားခြင်းကို ငါးပွင့်ဆိုင်အဖွဲ့(Five Flower Party) ဟု ခေါ်ခဲ့ကြသည်။ ငါးပွင့်ဆိုင်အဖွဲ့၏အကြီးအမှူးအဖြစ် ရေဦး ဆရာတော် ဦးဩဘာသ၊ ဥက္ကဋ္ဌအဖြစ် မက္ခရာမင်းသားနှင့် ခင်လေးတို့၏သားတော်အငယ် ထိပ်တင်၀မင်းသားအား ရွေးချယ် တင်မြှောက် ခဲ့ကြသည်။
၁၉၃၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်မှ ၁၄ ရက်အထိ မြန်မာနိုင်ငံစီရင်အုပ်ချုပ်မှုအက်ဥပဒေ (၉၁ ဌာနအုပ်ချုပ်ရေး) အရ ပထမဆုံးအကြိမ် အောက်လွှတ်တော်အမတ်ရွေးကောက်ပွဲကျင်းပရာ ရွေးကောက်ပွဲတွင် အောက်လွှတ်တော်အမတ် ၁၃၂ ဦးရှိသည့်အနက် ငါးပွင့်ဆိုင်ပါတီမှ ၄၆ ဦး၊ ဒေါက်တာဘမော်၏ ဆင်းရဲသားဝံသာနု (ဓားမ) ပါတီမှ ၁၆ ဦး၊ ဦးချစ်လှိုင်ဂျီစီဘီအေမှ ၁၂ ဦး၊ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့မှ ၃ ဦး ဖေဘီယံပါတီမှ နှစ်ဦး၊ သက်ပန်းဂျီစီဘီအေမှ ၁ ဦးနှင့် တသီးပုဂ္ဂလအမတ် ၁၇ ဦးအရွေးခံရသည်။
ငါးပွင့်ဆိုင်အဖွဲ့သည် ရွေးကောက်ပွဲတွင် အမတ်လောင်းများ လျာထားစဉ်ကပင် ပါတီအတွင်းအားဖြင့် စိတ်ဝမ်းကွဲပြားနေကြရာ (၄၆) ဦးမျှ အရွေးခံရသည့်အ တွက် အားအကြီးဆုံးပါတီအဖြစ် ဦးဘဖေ အားဦးဆောင်၍ အစိုးရအဖွဲ့ဖွဲ့ရန် ဘုရင်ခံကအပ်နှင်းသည်။ ဦးဘဘေသည် ငါးပွင့်ဆိုင်ပါတီဝင်တို့နှင့် စေ့စပ်ပြီးဝန်ကြီးရာထူးများရွေးချယ်၍ အစိုးရအဖွဲ့ကို ကြိုးစားဖွဲ့သော်လည်း ညီညွတ်မှုကို မရဘဲ အစိုးရမဖွဲ့နိုင်ချေ။
ဤသည်နှင့်ပတ်သတ်၍ ဒေါက်တာဘဦးက သူ၏ My Burma (ကျွန်ုပ်၏ မြန်မာပြည်) စာအုပ်တွင် အောက်ပါအတိုင်းရေးသားထားလေသည်။ “ဦးဘဖေ ၏ပါတီမှာ အကြီးဆုံးနှင့်အင်အားအတောင့်တင်းဆုံးဖြစ်သည့်အားလျော်စွာ ဘုရင်ခံက ဦးဘဖေ အား အစိုးရဖွဲ့ခိုင်း၏။ သို့သော် ဦးဘဖေ ၏ ပါတီထဲတွင် ဝန်ကြီးရာထူးဝေခြမ်းမှုအပေါ် သဘောထားကွဲကြသည်ဟု ကောလဟလကြားရသည်။ ကျွန်ုပ်သည် ဦးအေး (နောင် ဦးစောအစိုးရအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးဖြစ်လာသူ) အား အခေါ်လွှတ်ပြီး၊ သူ၏ခေါင်းဆောင်ဖြစ်သည့် ဦးဘဖေ အားပါတီ၏ ထိပ်ပိုင်းပုဂ္ဂိုလ်အချို့ကို ဝန်ကြီးများအဖြစ်ခန့်အပ်ပြီး၊ ရခိုင်အမတ်တဦးအား ဝန်ကြီးတနေရာပေးကာ၊ အခြားဝန်ကြီးတနေရာကို ကရင် အမတ်များအားပေးခြင်းဖြင့် အစိုးရအဖွဲ့ကို မြန်နိုင်သမျှမြန်မြန်ဖွဲ့စည်းရန် ပြောခိုင်းလိုက်၏။ ‘တကယ်လို့ ဦးဘဘေက မကြာမီအတော အတွင်း အစိုးရမဖွဲ့နိုင်ရင် ဘုရင်ခံက တခြားပါတီကိုဖွဲ့ခိုင်းလိမ့်မယ်။ ဦးဘဖေ အခုဖွဲ့ရင် ဥရောပလူမျိုး၊ အိန္ဒိယလူမျိုးအမတ် တွေရဲ့ ထောက်ခံမှုကိုရလိမ့်မယ်’ ဟု ကျွန်ုပ်က ထပ်ပြောလိုက်သည်။ ဦးအေးက ကျွန်ုပ်ပြောသည့်စကားကို ဦးဘဘေထံသယ်ဆောင်သွားမည်ဖြစ် ကြောင်း၊ ဦးဘဖေ ၏တုံ့ပြန်မှုကို ကျွန်ုပ်အားရက်ပိုင်းအတွင်း ပြန်လည်အသိပေးမည်ဖြစ်ကြောင်း ပြောသွားသည်။
သီတင်းတပတ်ခန့်ကြာပြီးနောက် ဦးအေးပြန်လာပြီး ‘ဦးဘဘေရဲ့အမြင်က အာဏာရှိနေတဲ့ပါတီတွေအနက် ဘယ်ပါတီကမျှ တည်ငြိမ်တဲ့ အစိုးရအဖွဲ့တခုကို သူတို့ဘာသာမဖွဲ့နိုင်ကြဘူး။ ဒါကြောင့် နောက်ထပ်ရွေးကောက်ပွဲတခုလုပ်ပေးရင် တိုင်းပြည်အကျိုးရှိမယ် ရွေးကောက်ပွဲအသစ်ကျင်းပလျှင် သူ့ပါတီအနိုင်ရပြီး အခုထက် အင်အားတောင့်တင်းလာလိမ့်မယ်လို့ ဦးဘဘေက ထင်နေပါတယ်’ ဟူ၍ပြောကြားခဲ့သည့် အကြောင်း ဖော်ပြထားသည်။
ဦးဘဖေ သည် ရွေးကောက်ပွဲတွင် အနိုင်ရရှိသော်လည်း ပါတီတွင်းညီညွတ်မှုကို မတည်ဆောက်နိုင်သောကြောင့် အစိုးရမဖွဲ့နိုင်ဘဲရှိရာ ဒေါက်တာဘမော် သည် ငါးပွင့်ဆိုင်ပါတီတွင် သဘောထားကွဲပြားနေသော အမ်အေမောင်ကြီး၊ ဝတ်လုံဦးပု၊ ဒေါက်တာသိန်းမောင်၊ မိတ္ထီလာ ဦးဘရင်၊ မန္တလေးဦးဘဦး စသည့်တို့နှင့် အိန္ဒိယတိုင်းရင်းသားအမတ်များ၊ ကရင်အမတ်များ၊ ဦးချစ်လှိုင်အဖွဲ့၊ တသီးပုဂ္ဂလများနှင့် ညှိနှိုင်း၍အစိုးရဖွဲ့ရန်စည်းရုံးခဲ့ရာ အမတ်ဦးရေ ၇၀ မျှပင် ရရှိသွားတော့သည်။ ထို့ကြောင့် ၁၉၃၇ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် မြန်မာပြည်ဘုရင်ခံ ကော့ကရိန်းက ဒေါက်တာဘမော်အားတွေ့ဆုံ၍ အစိုးရအဖွဲ့ဝင် ဝန်ကြီးစာရင်းကို အမြန်တင်ပြခိုင်းသည်။ မတ်လ ၁၁ ရက်နေ့တွင် ဒေါက်တာဘမော်တင်ပြသောအစိုးရအဖွဲ့ဝင်အမည်စာရင်းကို ဘုရင်ခံက အတည်ပြု ပြီးနောက် ထိုနှစ်မတ်လ ၁၂ ရက်နေ့တွင် မြန်မာအစိုးရအဖွဲ့ ကို ၁၉၃၇ ခုနှစ် ဧပြီနေ့မှစ၍ တာဝန်ထမ်းဆောင်ရန် အတည်ပြုပေးလိုက်လေသည်။
သို့သော် ၁၉၃၇ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဦးဘဖေ ဦးဆောင်သော ငါးပွင့်ဆိုင်အဖွဲ့က ညွန့်ပေါင်းအစိုးရတဖွဲ့လုံးကို အယုံအကြည် မရှိအဆို ကို တင်သွင်းရာ လွှတ်တော်ဥက္ကဋ္ဌ ဦးချစ်လှိုင်က ဝန်ကြီးအဖွဲ့သစ်ကို မတ်လ ၁၁ ရက်နေ့တွင် ရွေးချယ်ခဲ့ပြီးဖြစ်သော်လည်း ဧပြီ ၁ ရက်နေ့မှ တာဝန်ထမ်းဆောင် ရမည့်သူများဖြစ်သောကြောင့် ယခုတင်သွင်းသောအဆိုသည် ဘောင်လွတ်ပြီး အချိန်မကျသေးဟု အကြောင်းပြကာ အဆိုကိုပယ်ချလိုက်သည်။
ထို့နောက် ဒေါက်တာဘမော်ဦးဆောင်သော ညွန့်ပေါင်းအစိုးရသည် အစိုးရသက်တမ်း၌ ဒုတိယကျောင်းသားသပိတ်၊ ကုလား-ဗမာ အဓိကရုဏ်း၊ ၁၃၀၀ ပြည့်နှစ်အရေးတော်ပုံ၊ ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရသည့် ကျောင်းသားအရေးအခင်းများနှင့် မန္တလေးအာဇာနည် ၁၇ ဦးကျဆုံး ခဲ့ရသည့်အရေးများကြောင့် ၁၉၃၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မျိုးချစ်ပါတီခေါင်းဆောင် ဂဠုန်ဦးစောတင်သွင်းသည့် ညွှန့်ပေါင်း အစိုးရအပေါ် အယုံအကြည်မရှိအဆိုကို ရှုံးနိမ့်ပြီးနောက် ပြုတ်ကျသွားခဲ့သည်။ ဤသို့ဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အတိုက်အခံ ပါတီခေါင်းဆောင် ရွှေကျင် ဦးပု ဦးဆောင်သော ညွန့်ပေါင်းအစိုးရတက်လာရာ ဦးဘဖေသည် ဦးပု ညွန့်ပေါင်းအစိုးရအဖွဲ့၌ ပြည်ထဲရေးဝန်ကြီး ဖြစ်လာသည်။ သို့သော် ၁၉၄၀ ပြည့်နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နန်းရင်းဝန်ဦးပုနှင့် အဆင်မပြေသဖြင့် ဦးဘဖေ နုတ်ထွက် သွားခဲ့ရသည်။
၁၉၄၀ ပြည့်နှစ် ဇန်နဝါရီ ၂၁ ရက်နေ့တွင် ငါးပွင့်ဆိုင်ညီညွတ်ရေးအဖွဲ့အစည်းအဝေး ကိုကျင်းပ၍ ဦးပုအား အယုံအကြည်မရှိ၍ အဖွဲ့ခေါင်းဆောင်အဖြစ်မှ ဖယ်ရှားပြီး ဦးဘဖေအား ခေါင်းဆောင်အဖြစ် ပြန်လည်တင်မြှောက်ခဲ့သည်။
၁၉၄၀ ပြည့်နှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် အောက်လွှတ်တော် အစည်းအဝေး၌ ဦးပု ကြီးမှူးသော ညွန့်ပေါင်းအစိုးရအဖွဲ့သည် အယုံအကြည်မရှိအဆိုတင်သွင်းခံရပြီးနောက် ပြုတ်ကျသွားသဖြင့် ထိုနှစ်စက်တင်ဘာ ၉ ရက်နေ့ ဂဠုန်ဦးစော နန်းရင်းဝန်အဖြစ် ဦးဆောင်သော ညွန့်ပေါင်းအစိုးရ တက်လာပြန်သည်။
ထိုအချိန်တွင် ဦးဘဖေ သည် အောက်လွှတ်တော်၌ အတိုက်အခံ လွှတ်တော် အမတ် ဖြစ်ခဲ့သည်။
၁၉၄၂ ခုနှစ်တွင် ဂျပန်ခေတ်၌ ‘ဗမာပြည်အုပ်ချုပ်ရေး’ ရေးဆွဲရာတွင် ပါဝင်ခဲ့သည်။ ထို့နောက် ကျန်းမာရေးကိုအကြောင်းပြု၍ ဂျပန်ခေတ်အုပ်ချုပ်ရေးမှ ရှောင်ရှားနေ ခဲ့သည်။
စစ်ကြီးပြီးနောက် ၁၉၄၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် မြန်မာပြည်အနာဂတ်အုပ်ချုပ်ရေးနှင့်ပတ်သတ်သော ‘ကင်ဘာလင်’ ဆွေးနွေးပွဲသို့ အဖွဲ့ဝင်အဖြစ် တက်ရောက်ခဲ့သည်။ ၁၉၄၅ခုနှစ်တွင် ဖဆပလဗဟိုဦးစီးအဖွဲ့ဝင်အဖြစ်တင်မြှောက်ခံရပြီး ၁၉၄၅ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့မှ ၇ ရက်နေ့တွင် သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့၌ကျင်းပသည့် မြန်မာ့တပ်မတော်ဖွဲ့စည်းရေးနှင့်ပတ်သတ်သည့် ကန္ဒီ စာချုပ် ဆွေးနွေးပွဲ ကိုယ်စားလှယ်အဖွဲ့အဖြစ်လည်းကောင်း၊ ၁၉၄၇ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုရေး ၌ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ်လည်းကောင်း တက်ရောက်ခဲ့သည်။
၁၉၄၇ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ ဖဆပလ အလုပ်အမှုဆောင်အဖွဲ့ဝင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ခံရသည်။ ထို့နောက် ၁၉၄၇ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ကျင်းပ၍ ဘုရင်ခံ၏အမှုဆောင်ကောင်စီ၏ ဖဆပလအဖွဲ့ချုပ်မှ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဘဘေအား ဖဆပလဗဟိုဦးစီးအဖွဲ့ မှ လည်းကောင်း၊ ဘုရင်ခံ၏ အမှုဆောင်ကောင်စီ မှ လည်းကောင်း ထုတ်ပယ်ခံခဲ့ရသည်။
လွတ်လပ်ရေးမရမီ ဗိုလ်ချုပ် အောင်ဆန်း ရှိစဉ်ကတည်းက ဦးဘဖေ ရာထူးများမှ ထုတ်ပယ်ခံရသည်များကို ငွေရေးကြေးရေး မသမာမှုများကြောင့် ဟု ဖော်ညွှန်းခဲ့ကြသည်။

ဦးဘဖေသည် ၁၉၃၆ ခုနှစ်တွင် ပြည်ထဲရေး ဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။ ဦးဘဖေ (ခေါ်) ဘကြီးဘဖေသည် ဗိုလ်ချုပ် အောင်ဆန်း၏ ယာယီ ကြားဖြတ် အစိုးရ အဖွဲ့တွင်လည်း ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။ သီဟိုဠ် (သီရိလင်္ကာ) ရှိ ကန္နီမြို့တွင် သွားရောက်ပြီး ကန္နီစာချုပ်ကို ဗိုလ်ချုပ် အောင်ဆန်းတို့နှင့် အတူ ချုပ်ဆိုခဲ့သည်။ လွတ်လပ်ရေး အတွက် အင်္ဂလန်သို့ ဗိုလ်ချုပ် အောင်ဆန်းတို့နှင့်အတူ အရေးဆိုရန် သွားစဉ်ကလည်း ဘကြီးဘဖေသည် အဖွဲ့ဝင် တစ်ဦး အဖြစ် ပါဝင် ဆောင်ရွက်ခဲ့ရသည်။ပြောသင့် ပြောထိုက်သော စကားအချို့ကို ဘကြီးဘဖေထံမှပင် အကြံဉာဏ် ယူ၍ သုံးစွဲခဲ့ရသည်ဟု အဆိုရှိခဲ့သည်။
Remove ads
ထောင်ကျခဲ့ခြင်းများ
၁၉၄၁ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် အောက်လွှတ်တော်၌ အတိုက်အခံအမတ် ဦးဘဖေသည် ဦးစော ဦးဆောင်သည့်အစိုးရအပေါ် အယုံအကြည် မရှိအဆို ကိုတင်သွင်းခဲ့သည်။ ထောက်ခံမဲ ၄၇ မဲ၊ ကန့်ကွက်မဲ ၇၂ မဲ ရရှိသဖြင့် ဦးဘဖေ၏ အယုံအကြည်မရှိအဆို ရှုံးနိမ့်သွားသည်။
နောက်ဆက်တွဲ သက်ရောက်မှုအနေဖြင့် ဂဠုန်ဦးစော သည် ဦးဘဖေအား အညှိုးအတေးထားခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် နိုင်ငံတော်ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၆ ဖြင့် ဖမ်းဆီးခံရပြီး သရက်အကျဉ်းထောင်၌ အကျဉ်းချခံခဲ့ရသည်။၁၉၄၂ ခုနှစ်တွင် သရက်ထောင်မှ လွတ်မြောက်ခဲ့သည်။[၇]
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ပြည်တွင်းစစ်မီးလျှံ တောက်လောင်ခဲ့ရသည့် ပါလီမန် ဒီမိုကရေစီ ခေတ်ဦးတွင် ဘီအိုစီ ရေနံ ကုမ္ပဏီ၏ ကိုယ်စားလှယ် အဖြစ် ဦးဘဖေ သည် ဆောင်ရွက်ခဲ့သည်။ထိုအချိန်က တပ်မတော် စစ်ဦးစီးချုပ် အဖြစ် တာဝန် ထမ်းဆောင်နေသော ဗိုလ်ချုပ် နေဝင်းအား တပ်မတော် အနေဖြင့် အာဏာသိမ်းရန် အကြံပေး တိုက်တွန်းခဲ့သည်။ ထိုအချိန်က ဗိုလ်ချုပ် နေဝင်းသည် ဦးဘဖေ၏ အကြံကို မလက်ခံဘဲ မဆပလ အစိုးရအား ဖွင့်ဟ ပြောဆိုခဲ့သည်။
သို့သော် ဝန်ကြီးချုပ် ဦးနု အစိုးရက အရေးယူခြင်း မရှိခဲ့၍ ဝန်ကြီးချုပ် ဦးနုနှင့် သတင်းစာဆရာများ တွေ့ဆုံသည့် ကွန်ဖရင့်တွင် မြန်မာ့အလင်းသတင်းထောက် ဦးမောင်မောင်ခင်က ဘာကြောင့် အရေးမယူသလဲ ဆိုသည်ကို မေးမြန်းရာမှ စ၍ ၁၉၅၄ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ဦးဘဖေသည် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် စတင်စစ်ဆေးခံခဲ့ရသည်။
၁၉၅၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက် တွင် ဦးဘဖေ သည် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် အင်းစိန်ထောင်၌ စတင် အကျဉ်းချခံရသည်။အမှုထင်ရှား၍ ပြစ်ဒဏ်ကျပြီး အင်းစိန်ထောင်တွင် ၃ နှစ် ၉ လ ၂၇ ရက် အကျဉ်းခံရပြီးနောက် ဦးနု၏ဖဆပလအစိုးရလက်ထက် ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် နိုင်ငံတော်အစိုးရက အမှုကိုရုပ်သိမ်းပေး၍ ပြန်လည်လွတ်မြောက်ခဲ့သည်။ ယင်းနောက် ၁၉၆၀ပြည့်နှစ် ဖေဖော်ဝါရီလ ၆ရက်နေ့တွင် ကျင်းခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားပေါင်းစုံ မဟာမိတ် (တတိယအုပ်စု) ကိုကိုယ်စားပြု၍ အလယ်ပိုင်းမဲဆန္ဒနယ်မှ ဝင်ရောက်အရွေးခံခဲ့သည်။
၁၉၇၀ ပြည့်နှစ် နိုဝင်ဘာလတွင် အမျိုးသားနေ့ ရွှေရတုသဘင်ကျင်းပရေးဗဟိုကောင်မတီ နယကအဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးဘဘေ သည် ၁၉၄၆ ခုနှစ်တွင် ဟံသာ၀တီသတင်းစာ၌ ရေးသားခဲ့သောဆောင်းပါးများကို စုစည်း၍ ဟံသာ၀တီစာအုပ်တိုက်မှ ခေါင်းဆောင်ကြီး ဦးဘဘေ၏ ‘နိုင်ငံရေးရာ အဖြာဖြာ’ စာအုပ်နှစ်တွဲကို ထုတ်ဝေခဲ့သည်။
Remove ads
ပုဂ္ဂိုလ်ရေးဘဝ
ဦးဘဖေ သည် အိမ်ထောင်သည် တစ်ဦး ဖြစ်သည်။ ၁၉၅၁ ခုနှစ်တွင် ဦးဘဘေ၏ဇနီးဖြစ်သူ ဒေါ်ဖွားမျှင် ကွယ်လွန်ခဲ့သည်။ ဦးဘဖေတွင် သားသမီး တယောက်မျှ မကျန်ရစ်ဘဲ တူသားများသာ ရှိခဲ့သည်။
စာရေးဆရာဘဝ
ဦးဘဖေ သည် ၁၉၄၆ ခုနှစ်တွင် ဟံသာ၀တီသတင်းစာ၌ ရေးသားခဲ့သောဆောင်းပါးများကို စုစည်း၍ ဟံသာ၀တီစာအုပ်တိုက်မှ ခေါင်းဆောင်ကြီး ဦးဘဘေ၏ ‘နိုင်ငံရေးရာ အဖြာဖြာ’ စာအုပ်နှစ်တွဲကို ထုတ်ဝေခဲ့သည်။၁၉၅၁ ခုနှစ်တွင် ဦးဘဘေ၏ဇနီးဖြစ်သူ ဒေါ်ဖွားမျှင် ကွယ်လွန်ပြီးနောက် သူသည် ဖဆပလအစိုးရအတိုက်အခံ နိုင်ငံရေးသမား အဖြစ် နိုင်ငံရေးဆောင်းပါးများကို စာနယ်ဇင်းများ၌ ရေးသားခဲ့သည်။ ၁၉၇၀ ပြည့်နှစ် နိုဝင်ဘာလတွင် အမျိုးသားနေ့ ရွှေရတုသဘင်ကျင်းပရေးဗဟိုကောင်မတီ နယကအဖြစ် ဆောင်ရွက်ခဲ့သည်။
Remove ads
ဘဝနိဂုံံး
ဦးဘဖေသည် ၁၉၇၁ ခု၊ ဇန်နဝါရီလ ၈ ရက်၊ စနေနေ့ နေ့လယ် ၂ နာရီ မိနစ် ၂ဝ အချိန်၊ အသက် ၈၈ နှစ် အရောက်တွင် ၎င်း၏ နေအိမ် အမှတ် - ၉၁၊ လူအိုရုံလမ်း နေအိမ်၌ ကွယ်လွန် အနိစ္စရောက်သည်။[၈]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads