ဘုန်းကြီးနှင့် ဘုန်းကြီးကျောင်း

From Wikipedia, the free encyclopedia

Remove ads

ဘုန်းကြီးနှင့် ဘုန်းကြီးကျောင်း

ဗုဒ္ဓအယူဝါဒအရ ဘုရားတရားသံဃာတည်းဟူသော ရတနာသုံးပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည့် ရဟန်းသံဃာတော်များကား၊ လူ့လောကတွင် အမြင့်မြတ်ဆုံးတစ်ပါးဟု အသိ အမှတ်ပြု ကြသည်။ ရခဲသော ဒုလ္လဘတရားငါးပါးတွင် မနုဿတ္တဘာဝ ဒုလ္လဘ လူ၏အဖြစ်ကို ရနိုင်ခဲသည်ထက် လူဖြစ်လာသော် လည်း ပဗ္ဗဇ္ဇိတဘာဝဒုလ္လဘ ဘုရား သာသနာတွင်း၌ ရဟန်းသာမဏေ၏ အဖြစ်ကို ရနိုင်ခြင်းက အဆပေါင်းများစွာ သာလွန်ခဲယဉ်းသည် ဖြစ်သောကြောင့် ပါရမီထူးချွန်၍ ရဟန်း ဘဝကို ရရှိကြသူများအား လူသာမန်တို့က အထူးပင် ရိုသေ ကိုင်းရှိုင်းကြလေသည်။

Remove ads

ရဟန်း နှစ်မျိုး

ရဟန်းဟူသည်မှာ ကိလေသာ ကာမဂုဏ်ဟူသမျှကို စွန့်ပယ်၍ သူတစ်ပါး ပေးလှူအပ်သော သင်္ကန်း ပစ္စည်း၊ ဆွမ်းပစ္စည်း၊ ဆေးပစ္စည်းနှင့် ကျောင်းပစ္စည်း တည်းဟူသော ပစ္စည်းလေးပါးတို့နှင့်သာ ရောင့်ရဲတင်းတိမ် ပြီးလျှင်၊ မြတ်စွာဘုရားသခင် ချမှတ်တော်မူခဲ့သည့် ဝိနည်း သိက္ခာ ပုဒ်များကို တရိုတသေ စောင့်ထိန်းကာ တရားအားထုတ်လျက် လောကုတ္တရာ အကျိုးစီးပွားကို ရှာကြံသော သူတော်သူမြတ် ဖြစ်လေသည်။ ဇာတ်အားဖြင့် သံဃာတော် နှစ်မျိုးရှိ၏။ (၁) အရိယာ သံဃာ (ဝါ) ပရမတ္ထသံဃာတော် ခေါ်အာသဝေါကင်း သည့် အရိယာဇာတ်ဝင် သူတော်စင်များ၊ (၂) ထိုအရိယာ သံဃာ အနွယ်တော်မှ ဆင်းသက်ပေါက်ဖွားလာသည့် သံဃာ တော်ဟု အသိအမှတ် ပြုခံရသော ပုထုဇဉ်သံဃာတော်များ ဖြစ်လေသည်။

Remove ads

ရဟန်းနှင့် သာမဏေ

သံဃာ့ဘောင်တွင် သာမဏေနှင့် ရဟန်းဟူ၍ နှစ်မျိုး နှစ်စားရှိ၏။ သာမဏေမှာ သံဃာဂိုဏ်းဝင်တစ်ဦးပင် ဖြစ်သော် လည်း ရဟန်းနှင့်စာသော် အဆင့်အတန်းနိမ့်၏။ သို့ရာတွင် ရှင်သာမဏေများသည် ဆယ်ပါးသီလနှင့် လိင်ဆယ်ပါးဒဏ်ဆယ်ပါးအပါအဝင် ဖြစ်သည့် ၇၅ ပါးသော သာမဏေ သိက္ခာပုဒ်တို့ကို ရိုသေစွာ လိုက်နာ စောင့်ထိန်းကြရလေသည်။ ဗုဒ္ဓဝါဒီ ယောက်ျားမှန်လျှင် ရှင်သာမဏေ အဖြစ်ဖြင့် သာသနာ့ဘောင်သို့ဝင်ရသော အစဉ်အလာရှိ၏။ ယင်းသို့ ဝင်ခြင်းကို ရှင်ပြုသည်ဟုခေါ်သည်။ ရှင်ပြုသည့် အရွယ်မှာ အများအားဖြင့် လူပျိုဖော် မဝင်တဝင်နှင့် ဝင်စအရွယ် ဖြစ်သော်လည်း သရဏဂုံကို ဌာန်ကရိုဏ်းကျန ပီသစွာ ရွတ်ဆိုနိုင်သော အရွယ်မှစ၍ အထက်သို့အသက်အပိုင်း အခြားမရှိ ရှင်ပြုနိုင်လေသည်။ ရှင်ပြုရာတွင် ငွေကြေး တတ်နိုင်သူများသည် ငွေအမြောက်မြား အကုန်အကျခံလျက် ကြီးကျယ်သော မင်္ဂလာ အခမ်းအနားကို ပြုလုပ်ကြ၏။

Remove ads

ရဟန်းဝတ်သည့် ဓလေ့

သို့ရာတွင် မည်သည့်ဆင်းရဲနွမ်းပါး သူမဆို ပရိက္ခရာရှစ်ပါး ပြည့်စုံခဲ့လျှင် ဘုန်းတော်ကြီး တစ်ပါးပါးထံတွင် အကျဉ်းရုံး၍ ရှင်ပြုနိုင်လေသည်။ ရှင်သာမဏေဘဝတွင် အနည်းဆုံး ၇ ရက်လည်သည်တိုင်အောင် နေလေ့ရှိကြသော်လည်း နေရမည့် ရက်ကို ပုံသေ ကားကျ ပိုင်းဖြတ်သတ်မှတ်ထားခြင်းကား မရှိချေ။ ရှင်ကျင့်ဝတ်သိက္ခာကို လုံခြုံအောင် စောင့်ထိန်း၍ နေနိုင်သမျှ နေခွင့်ရှိကြသည်။ ရှင်သာမဏေသာမှ လူမထွက်ဘဲ ပဉ္စင်းအဖြစ်သို့ဆက်လက်ကူးပြောင်းပြီးလျှင် ရဟန်းဝတ်ဖြင့် အရိုးထုတ်သွားသူများလည်း ရှိသည်။ အိမ်ထောင် မပြုသေးမီ ရှင်သာမဏေအဖြစ် ခံယူ၍ ထိုဘဝမှ ရဟန်းဘဝသို့ကူးပြောင်း ကာ တစ်သက်ပတ်ဘုံး ရဟန်းအဖြစ် နေထိုင်သွားသူကို ငယ်ဖြူက ခေါ်၏။ အိမ်ထောင်ပြုပြီးမှ ရဟန်းဝတ်သူကိုကား တောထွက်ဟု ခေါ်လေသည်။ ၇ ရက်၊ တစ်လစသော အချိန် ကာလ အပိုင်းအခြားအားဖြင့် ခေတ္တရဟန်းဝတ်ခြင်းကို ဒုလ္လဘ ရဟန်းခံသည်ဟု ခေါ်သည်။

ရဟန်းဝတ်ရာတွင် လိုအပ်ချက်များ

ရှင်ပြုသကဲ့သို့ပင် ရဟန်းခံရာ၊ သို့မဟုတ် ပဉ္စင်းခံရာ ၌လည်း အချို့ကြီးကျယ်စွာ အခမ်းအနားဖြင့် ပြုလုပ်ကြ၍ အချို့မှာ သင့်လျော်သလိုပင် သိမ်ဝင်ကာ ရဟန်းအဖြစ်ကို ခံယူကြလေသည်။ ရဟန်းဖြစ်နိုင်ရန်အတွက် လိုအပ်သော အရည်အချင်းများမှာ ရဟန်းလောင်းသည် မိဘနှစ်ပါး၏ တရားဝင်သော သားဖြစ်ခြင်း၊ ကြွေးမြီးကင်းရှင်းခြင်း၊ မင်းပြစ်မင်းဒဏ် လွတ်ကင်းခြင်း၊ မိဘများ၏ သဘောတူ ခွင့်ပြုချက်ရခြင်း၊ အနည်းဆုံး သက်တစ်ဆယ့် ကိုးနှစ်နှင့် နှစ်လပြည့်ပြီးဖြစ်ခြင်း၊ အနာရောဂါ ကင်းရှင်း၍ ကိုယ်လက် အင်္ဂါ ပြည့်စုံခြင်းနှင့် ပရိက္ခရာ ၈ ပါး ပြည့်စုံစွာ ရှိခြင်းတို့ ဖြစ်လေသည်။ ပရိက္ခရာ ၈ ပါးကား (၁) ဒုကုဋ်ထ်ခေါ် ကိုယ်ရုံ သင်္ကန်းကြီး (၂) ကိုယ်ဝတ်-ဧကသီ (၃) သင်းပိုင် (၄)သပိတ် (၅) ခါးပန်းကြိုး (၆) ပဲခွပ် သို့မဟုတ် သင်ဓုန်းဓား (၇)အပ် (၈) ရေစစ်တို့ဖြစ်ကြ၏။ ထိုပစ္စည်းများမှာ ကိုယ်နှင့် ထပ်ကြပ် မကွာ ယူဆောင်သွားရသော ရဟန်း၏ ကိုယ်ပိုင် ပစ္စည်းများ ဖြစ်လေသည်။

Remove ads

လိုက်နာရမည့် စည်းကမ်းနှင့် ပါရာဇိက

ရဟန်းများသည် ၂၂၇ ပါးသော သိက္ခာပုဒ်ကို လုံခြုံ စွာ စောင့်ထိန်းကြရ၏။ ထိုတွင် ရဟန်းတော်များ အထူးရှောင် ကြဉ်အပ်သော အဓိက အပြစ်ကြီး ၄ ခုရှိသေးသည်။ ယင်းတို့ မှာ အဗြဟ္မစရိယ အမှုဖြစ်သော မေထုန်မှီဝဲခြင်း၊ တစ်မတ်၊ သို့မဟုတ် တစ်မတ်ထက် ပိုလွန်သော သူတစ်ပါး၏ ပစ္စည်းဥစ္စာကို ခိုးယူခြင်း၊ လူဇာတ် ဖြစ်သူကို သတ်ဖြတ်ခြင်းနှင့် ဈာန်မရဘဲ ဈာန်ရ၏ဟု ပြောဆိုဝန်ခံခြင်းတို့ပင် ဖြစ်၏။

သံဃာဂိုဏ်းဝင် ရဟန်း တော်တစ်ပါးသည် အခြားသော အပြစ်များကို ကျူးလွန်ခဲ့သော် အာပတ်ဖြေခြင်း၊ ဝတ်စောင့် ခြင်း၊ ကံဆောင်ခြင်း စသည်တို့ဖြင့် ဒဏ်ခံ၍ သုဒ္ဓိဖြစ်စေ နိုင်သေး၏။ ဆိုခဲ့ပြီးသော အဓိက အပြစ်ကြီး ၄ ခုကို ကျူးလွန် ခဲ့သော်ကား ရဟန်းအဖြစ်တွင် တစ်ခဏမျှပင် မနေနိုင်တော့ပြီ။ ပါရာဇိက ကျရချေတော့၏။ အကြင်ရဟန်းတစ်ပါးသည် အဆို ပါ အပြစ်ကြီး လေးခုတွင် အပြစ်တစ်ခုကိုသော် လည်းကောင်း၊ အပြစ်အားလုံးကိုသော် လည်းကောင်း ကျူးလွန် ခဲ့ပြီးသော် လည်း ထိုအကြောင်းကို သူတစ်ပါးအား ဖွင့်ဟ၍လည်း မပြော၊ ရဟန်းအဖြစ်မှလည်း မထွက်ဘဲ နေလျှင်၊ ထိုရဟန်းသည် သင်္ကန်းကို ဝတ်ရုံထားသော်လည်း ရဟန်းကား မဟုတ်တော့ပြီ။

သီလစင်ကြယ်သော အခြား ရဟန်းများနှင့် အတူတကွရောနှော နေထိုင် စားသောက်နိုင်ခွင့်လည်း မရှိတော့ပြီ။ ထိုရဟန်းနှင့် အတူနေထိုင် မိသော အခြားရဟန်းတို့လည်း အပြစ်ရကြ လေတော့၏။ ထိုသို့နေသူကား မိမိနှင့်တကွ သူတစ်ထူးအား လိမ်လည် လှည့်ဖြား အပြစ်ပြုနေသူသာဖြစ်၍ သံသရာဝန် လေးလှပေသည်။

Remove ads

ရဟန်းဂုဏ်အရည်အချင်း အမျိုးမျိုး

လူတို့တွင် အသက်အရွယ်နှင့် ဂုဏ်အဆင့်တန်း အကြီးအငယ်ကိုလိုက်၍ ရိုသေကိုင်းရှိုင်းကြရသကဲ့သို့ရဟန်း သံဃာအချင်းချင်းလည်း ဝါကြီးဝါငယ်အလိုက် ရိုသေမှု ပြုကြ ရ၏။ ရှေးမြန်မာ ဘုရင်များလက်ထက်က သာသနာ့ဝန်ထမ်း ရဟန်းတော်များကို အဆင့်အတန်း အမျိုးမျိုး ခွဲခြားထား၏။ ယင်းတို့မှာ ၁၊ ရှင်သာမဏေ။ ၂၊ ပဉ္စင်း၊ ၃၊ ခန်းနေဘုန်း ကြီး။ ၄၊ ကျောင်းထိုင်ဘုန်းကြီး။ ၅၊ ဂိုဏ်းထောက်။ ၆၊ ဂိုဏ်းအုပ်၊ ၇၊ ဂိုဏ်းချုပ်။ ၈၊ သာသနာပိုင်ဟူ၍ ဖြစ်၏။

ဤသို့အဆင့်အတန်း အမျိုးမျိုး ခွဲခြားထားသော်လည်း သံဃာတော်များ စောင့်ထိန်းအပ်သော ဝိနည်းသိက္ခာပုဒ်များကို ရှင်သာမဏေများမှတစ်ပါး အားလုံး အတူတူပင် စောင့်ထိန်း ကြရ လေသည်။ ပိန္ထကတ်သုံးပုံကို အာဂုံဆောင်နိုင်သော ဆရာတော်ကြီးများပင်၊ သာမဏေ၊ ပဉ္စင်းငယ်များနည်းတူ အရပ်တကာလှည့်၍ ဆွမ်းခံရ၏။ သို့ရာတွင် အသက်အရွယ် ကြီးရင့်၍ ဖျတ်လတ်ပေါ့ပါးစွာ မသွားလာနိုင်သည့် အခါ တွင်ကား မိမိ၏ ကျောင်းသင်္ခမ်းအတွင်း၌ပင် တပည့်သာမဏေ ရဟန်းများ၏ အလုပ်အကျွေးကို ခံယူလျက် သီတင်းသုံး နေထိုင်လေ့ ရှိကြလေသည်။

ဘုန်းကြီးကျောင်းတိုက်များတွင် အကြီးအကဲမှာ ကျောင်းထိုင်ဆရာတော်ဖြစ်သည်။ တပည့်တပန်းများအား စာပေပို့ချခြင်းနှင့် ကျောင်းတိုက်အတွင်းရှိ သံဃာများ၏ စည်းကမ်းသေဝပ်မှုအတွက် တစ်လလျှင် ၄ ကြိမ်မျှ ဆုံးမဩ ဝါဒပေးခြင်းတို့မှာ ကျောင်းထိုင်ဆရာတော်၏ ဝတ္တရားများ ဖြစ်သည်။ ဒုတိယ အကြီးဆုံးမှာ တိုက်အုပ် ဆရာတော်ဖြစ်၏။

Remove ads

တာဝန်ဝတ္တရားများ

တိုက်အုပ်ဆရာတော်သည် ကျောင်းတိုက်ရှိ သံဃာများ စည်းကမ်းသေဝပ်မှုအတွက် ကျောင်း ထိုင်ဆရာတော်ထံ တာဝန်ခံရသည့်ပြင် ကျောင်းတိုက်တစ်ခုလုံး၏ သန့်ရှင်းရေး ကိုလည်း ကြည့်ရှုထိန်းသိမ်းရလေ သည်။ တိုက်အုပ် ဆရာတော်အား အလုပ်ဝတ္တရားများတွင် ကူညီရန် တိုက်ကြပ် ဆရာတော် တစ်ပါးလည်း ထားရှိကြသေး၏။ ထို့ပြင် ဆွမ်းစား ကျောင်း ဘုန်းကြီးဟူ၍ သီးသန့်ထားရှိကြသည်။ ထိုဆွမ်းစား ကျောင်း ဘုန်းကြီးသည် ကျောင်းတိုက်ရှိ သံဃာတော်တို့ အတွက် ဆွမ်းကိစ္စကို စီမံဆောင်ရွက်ရသည့်ပြင် ကျောင်းတိုက် ဆိုင်ရာ ပစ္စည်း ဘဏ္ဍာများကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရ လေသည်။ ကျန်သံဃာတော်တို့ကား နံနက်ပိုင်းတွင် ဆွမ်းခံ ရခြင်း၊ ထိုနောက် နေ့ဝါ ညဝါလိုက်ခြင်း၊ သာရေးနာရေး သာသနာရေးကိစ္စစသည့် အမှုတို့ကို ကျေပွန်စွာ ဆောင်ရွက် ကြရခြင်းတို့ဖြစ်လေသည်။

Remove ads

ခရစ်ယာန်ဘုန်းကြီးများ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads