ဘူမိဇသုတ်

From Wikipedia, the free encyclopedia

Remove ads

(၂)သုတ် ရှိပါသည်။

[] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် -အရှင်ဘူမိဇထေရ်သည် မိမိတူတော် ဇယသေနမင်းသား၏အိမ်တော်သို့ ဆွမ်းဘုဉ်းပေးရန်ကြွတော်မူစဉ် အရှင်ဘူမိဇထေရ်အား ဇယသေနမင်းသားက

-တောင့်တ(ဆုတောင်း)ခြင်းကိုပြု၍ ဗြဟ္မစရိယကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်ဟု ပြောကြားယူဆသော အချို့သမဏဗြာဟ္မဏများ၊

-တောင့်တ(ဆုတောင်း)ခြင်းကိုမပြုဘဲ ဗြဟ္မစရိယကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်ဟု ပြောဆိုယူဆသော အချို့သော သမဏဗြာဟ္မဏများ၊

တောင့်တ(ဆုတောင်း)ခြင်းကို ပြု၍ဖြစ်စေ၊ မပြုဘဲဖြစ်စေ ဗြဟ္မစရိယကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်ဟု ပြောဆိုယူဆကြသော အချို့သော သမဏ၊ ဗြာဟ္မဏများ။

တောင့်တ(ဆုတောင်း)ခြင်းကို မပြုမူ၍ဖြစ်စေ၊ မပြုသည်မဟုတ်မူ၍ဖြစ်စေ ဗြဟ္မစရိယကိုကျင့်ကြကုန်သော်လည်း အကျိုးမရထိုက်ဟု ပြောဆိုယူဆကြသော သမဏ ဗြာဟ္မဏတို့ ရှိနေကြပါကုန်၏။ ဤအရာ၌ အရှင်ဘူမိဇ၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် အဘယ်သို့ယူဆပြောကြားပါသနည်းဟု မေးလျှောက်ပါသည်။

အရှင်ဘူမိဇထေရ်က ဇယသေနမင်းသားအား ... မင်းသား သင်မေး လျှောက်သည့်စကားကို ငါသည် ဘုရားရှင်ထံတော်မှ မကြားနာဘူး မမှတ်သားဘူးပါ၊ အကယ်၍ ဤအရာ၌ ဘုရားရှင်က မိန့်ကြားတော်မူလျှင် “အယောနိသော=ကုသိုလ်တရားတို့ မဖြစ်နိုင်သောအကြောင်းအားဖြင့် ဗြဟ္မစရိယကို အားထုတ်သမှုပြုလျှင် အကျိုး မရထိုက်၊ ယောနိသော= ကုသိုလ်တရားတို့ဖြစ်နိုင်သော အကြောင်းအားဖြင့် ဗြဟ္မစရိယကို အားထုတ်လျှင် အကျိုးရနိုင်၏ဟု မိန့်ကြားတော်မူသည့်အကြောင်းဖြစ် နိုင်၏-မိန့်ကြားပါသည်။ ဇယသေနမင်းသားက အရှင်ဘူမိဇ၏ဆရာ ဘုရားရှင်သည် ဤသို့သော အယူဝါဒရှိ ဤသို့မိန့်ကြားတော်မူလျှင် အရှင်ဘူမိဇ၏ဆရာ ဘုရားရှင်သည် သမဏ၊ ဗြာဟ္မဏများစွာတို့၏ ထိပ်ဆုံးဖြစ်ပါပေ၏-ဟု လျှောက်ထားပြီး မိမိပွဲတော်အုပ်ဖြင့် ဆွမ်းပါသည်။

အရှင်ဘူမိဇသည် ဆွမ်းဘုဉ်းပေးပြီး ဘုရားရှင်ထံချဉ်းကပ်၍ ဇယသေန မင်းသား၏ မေးမြန်းလျှောက်ထားပုံနှင့် မိမိဖြေကြားခဲ့ပုံများကို သင့်/မသင့်လျှောက်ထားပါသည်။ ဘုရားရှင်က အရှင်ဘူမိဇ၏ ဖြေဆိုမှုမှန်ကန်ပုံကို မိန့်တော်ပြီး မိစ္ဆာ မဂ္ဂင်ရှစ်ပါးဖြင့် ဗြဟ္မစရိယကိုအားထုတ်နေသော သမဏဗြာဟ္မဏတို့၏ အားထုတ် ကျင့်သုံးမှုသည်၊

-သဲကို ဆုံခွက်၌ထည့်၍ ရေဖြန်းလျက် ကြိတ်ညှစ်သော်လည်း ဆီမရနိုင်ပုံ။

-နွားငယ်ရှိသော နွားမဦးချိုကိုညှစ်ရာ၌ နို့မရနိုင်ပုံ။

-ရေကို အိုး၌လောင်းထည့်၍ မွှေတံဖြင့်မွှေသော်လည်း ဆီဦးကိုမရနိုင်ပုံ။

-ထင်းစိုကို မီးပွတ်ပုံဖြင့် ပွတ်သော်လည်း မီးမရနိုင်ပုံ ဥပမာလေးမျိုးဖြင့် ဗြဟ္မစရိယ၏အကျိုးကို မရထိုက်ပုံကိုလည်းကောင်း။ သမ္မာမဂ္ဂင်ရှစ်ပါးဖြင့် ဗြဟ္မစရိယကို အားထုတ်ကျင့်သုံးနေကြသော သမဏ, ဗြာဟ္မဏတို့သည်

-နှမ်းမှုံ့ကို ဆုံခွက်၍လောင်းထည့် ရေဖြန်း၍ ကြိတ်ညှစ်လျှင် ဆီကိုရနိုင် သကဲ့သို့လည်းကောင်း၊

-နွားငယ်ရှိသော နွားမ၏နို့တိုင်ကိုညှစ်လျှင် နွားနို့ရနိုင်သကဲ့သို့၊

-နို့ဓမ်းကို အိုး၌လောင်းထည့်၍ မွှေတံဖြင့်မွှေလျှင် ဆီဦးကိုရနိုင်သကဲ့သို့၊

-ထင်းခြောက်ကို မီးပွတ်ခုံ၌ ပွတ်တိုက်လျှင် မီးကိုရနိုင်သကဲ့သို့ ဤဥပမာလေးမျိုးဖြင့် ဗြဟ္မစရိယ၏ အကျိုးရနိုင်ပုံကို အကျယ်အားဖြင့် မိန့်ကြားတော်မူပါသည်။

ဘူမိဇ-ဇယသေနမင်းသားသည် ဤဥပမာလေးမျိုးတို့ ဉာဏ်၌ထင်မြင် လာငြားအံ့၊ သင့်အား ကြည်ညိုခြင်း၊ ကြည်ညိုသည့်အလျောက် လှူဒါန်းသမှုပြု ခြင်းသည် မအံ့ဩလောက်ပေဟု မိန့်ကြားတော်မူပါသည်။

အရှင်ဘူမိဇက မြတ်စွာဘုရား ဇယသေနမင်းသားအား ရှေးကမကြားစဖူးအံ့ဩဖွယ် ဥပမာလေးမျိုး မြတ်စွာဘုရား၏ဉာဏ်တော်၌ ထင်မြင်သကဲ့သို့ အကျွန်ုပ်၏ ဉာဏ်၌ အဘယ်မှာလျှင် ထင်မြင်နိုင်ပါအံ့နည်း-ဟု လျှောက်ထားပြီး ဘုရားရှင် ဟောကြားမှုကို အလွန်နှစ်သက်မြတ်နိုးပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သာဖွယ်ဖွင့်ဆိုချက်များရှိပါသည်။


[] အရှင်သာရိပုတ္တရာ ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် အရှင်ဘူမိဇရောက်လာပြီး ငါ့ရှင်သာရိပုတ္တရာ ကမ္မဝါဒီ အချို့သမဏဗြာဟ္မဏတို့က

၁။ သုခ, ဒုက္ခကို ကိုယ်တိုင်ပြုအပ်၏ဟု ပညတ်ကြပါကုန်၏။

၂။ သုခ, ဒုက္ခကို သူတစ်ပါးတို့ပြုအပ်၏ဟု ပညတ်ကြပါကုန်၏။

၃။ သုခ, ဒုက္ခကို ကိုယ်တိုင်လည်းပြုအပ်၊ သူတစ်ပါးတို့လည်းပြုအပ်ကုန်၏ဟု ပညတ်ကြပါကုန်၏။

၄။ သုခ, ဒုက္ခကို ကိုယ်တိုင်လည်းမပြုအပ်၊ သူတစ်ပါးတို့လည်း မပြုအပ် အကြောင်းကင်း၍ဖြစ်၏ဟု ပညတ်ကြပါကုန်၏။

ဤအရာ၌ အကျွန်ုပ်တို့ဆရာ မြတ်စွာဘုရားသည် အဘယ်သို့အယူရှိပါသနည်း။ အဘယ်သို့ ဟောကြားတော်မူပါသနည်း။ အဘယ်သို့ပြောဆိုလျှင် ဘုရားရှင်နှင့် ဆန့်ကျင်ဘက်မဖြစ်ဘဲ ပြောဆိုရာရောက်ပါသနည်းဟု မေးလျှောက်ပါသည်။

ငါ့ရှင်ဘူမိဇ-မြတ်စွာဘုရားသည် ဖဿ-ဟူသော အကြောင်းကိုစွဲ၍ သုခ-ဒုက္ခဖြစ်၏ဟု ဟောတော်မူ၏။ ဤသို့ပြောဆိုလျှင် မြတ်စွာဘုရားဟောတော် မူသည့်အတိုင်း ပြောဆိုရာရောက်၏။ ဘုရားရှင်နှင့် မဆန့်ကျင်ပေ။

ထိုလေးမျိုးသော သမဏဗြာဟ္မဏတို့ ပညတ်အပ်သော သုခ, ဒုက္ခသည် ဖဿကြောင့်ဖြစ်လာသည်။ ဖဿကိုဖယ်ထား၍ ခံစားကြသည်မဟုတ်ဟု မိန့်ကြားတော်မူပါသည်။

အရှင်အာနန္ဒာသည် အရှင်သာရိပုတြာနှင့် အရှင်ဘူမိဇတို့ ပြောဆိုနေသော စကားကို ဘုရားရှင်ထံသွား၍ လျှောက်ထားပါသည်။

ဘုရားရှင်က သာဓု သာဓု အာနန္ဒ-ဟု သာဓုခေါ်တော်မူပြီး သာရိပုတ္တရာ၏ ဖြေဆိုမှုသည် မှန်ကန်ကြောင်းမိန့်ကြားတော်မူပါသည်။

ကာယရှိလျှင် ကာယသဉ္စေတနာကြောင့်, ဝစီရှိလျှင် ဝစီသဉ္စတနာကြောင့်, မနရှိလျှင် မနသန္ဓေတနာကြောင့် အဇ္ဈတ္တသန္တာန်၌ သုခ, ဒုက္ခဖြစ်၏။ မသိမှုအဝိဇ္ဇာကြောင့်လည်းဖြစ်၏။

အာနန္ဒာ-ကိုယ်တိုင် ကာယသင်္ခါရကိုပြုခြင်းကြောင့် အဇ္ဈတ္တသန္တာန်၌ သုခ, ဒုက္ခဖြစ်၏။ သူတစ်ပါးတို့သည် ကာယသင်္ခါရကိုပြုခြင်းကြောင့် အဇ္ဈတ္တ သန္တာန်၌ သုခ ဒုက္ခဖြစ်၏။ ကာယသင်္ခါရကို သိလျက်ပြုစီရင်မှု၊ မသိဘဲပြုစီရင်မှုကြောင့် အဇ္ဈတ္တသန္တာန်၌ သုခ ဒုက္ခဖြစ်၏။

ထို့အတူ ကိုယ်တိုင် ဝစီသင်္ခါရ, မနောသင်္ခါရကို ပြုစီရင်မှုကြောင့် အဇ္ဈတ္တ သန္တာန်၌ သုခ ဒုက္ခဖြစ်၏။

အာနန္ဒာ-ဤစေတနာကာယ, စေတနာဝါစာ, စေတနာမနတို့၌ အဝိဇ္ဇာသည် ကျရောက်၏။ ဤကာယ, ဝါစာ, မန စေတနာတို့ကြောင့် အဇ္ဈတ္တသန္တာန်၌ သုခ, ဒုက္ခဖြစ်၏။ အဝိဇ္ဇာကို အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ပယ်လိုက်ခြင်းကြောင့် ထိုကာယ, ဝါစာ, မနစေတနာတို့ မဖြစ်တော့ကုန်။ ထိုစေတနာသည် သုခ, ဒုက္ခတို့ ပေါက်ရောက်ရာ လယ်မြေမဟုတ်။ တည်ရာ ယာမြေမဟုတ်၊ တည်ရာ အာယတန မဟုတ်၊ ချမ်းသာဆင်းရဲ၏ အကြောင်းမဟုတ်တော့ဟု ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads