မင်းနွယ်
From Wikipedia, the free encyclopedia
Remove ads
၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်မှ စာရေးတွေရဲ့ အတ္ထုပ္ပတ္တိ အကျုဉ်း တွေကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။
မင်းနွယ် [၁၉၁၁ - ၁၉၉ဝ]
မင်းဘူး ခရိုင် လယ်ကိုင်း မြို့ဟောင်းတွင် အဖ ကြေးတိုင် စာရေးကြီး ဦးသင်၊ အမိ ဒေါ်အေး တို့က ၁၉၁၁ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ (၁၉ဝ၉ ခုနှစ် ဩဂုတ်လ ၃ဝ ရက် တနင်္လာနေ့ဟု မလိခက ဖော်ပြသည်) တွင် မွေးဖွား ခဲ့သည်။ ၁ဝ နှစ်သားတွင် မိခင် ကွယ်လွန် သွားခဲ့သည်။ မွေးချင်း နှစ်ယောက်တွင် အကြီးဆုံး၊ အမည်ရင်းမှာ ဦးသန်းမောင် ဖြစ်သည်။
စစ်တွေမြို့ မူလတန်းကျောင်း (၁၉၁၆ - ၁၇)၊ မြောင်းမြမြို့ မူလတန်းကျောင်း (၁၉၁၇ - ၁၈)၊ ထားဝယ်မြို့ မူလတန်းကျောင်း (၁၉၁၈ - ၁၉)၊ မြိတ်မြို့ မူလတန်းကျောင်း (၁၉၂ဝ)၊ ဖျာပုံမြို့ မူလတန်းကျောင်း (၁၉၂ဝ - ၂၂)၊ ရန်ကုန် အလယ်တန်းကျောင်း (၁၉၂၅ - ၂၈)၊ ရန်ကုန်မြို့မြို့မ အထက်တန်းကျောင်း (၁၉၃၃ - ၃၄)၊ လယ်ကိုင်းမြို့ အထက်တန်းကျောင်း (၁၉၃၄ - ၃၅) တို့၌ ပညာ သင်ခဲ့သည်။ ၁၉၃၅ တွင် မြန်မာ ကိုးတန်း အောင်သည်။ တက္ကသိုလ်ဝင် စာမေးပွဲ (၁၉၅၃) နှင့် ဥပစာတန်း စာမေးပွဲ (၁၉၅၆) တို့ကို အလွတ် ဖြေဆို အောင်မြင် ခဲ့သည်။ ၁၉၃၅ - ၃၇ တွင် မန္တလေး နော်မန် ကျောင်းမှ ဆရာဖြစ် အောင်သည်။
ဓနုဖြူ မြို့တွင် ကျောင်းဆရာ အဖြစ် စတင် အမှု ထမ်းခဲ့သည်။ ၁၉၃၇ - ၃၉ တွင် ရေနံချောင်းမြို့ ညောင်လှရပ် ဘီအိုစီကျောင်း၌ အလယ်တန်းပြဆရာ၊ ၁၉၃၉-၄၁ တွင် ချောက်မြို့ ဘီအိုစီ လွှစက် ကျောင်း၌ ဆရာ အဖြစ် အမှု ထမ်းခဲ့သည်။ ရေနံချောင်း ညောင်လှ ဘီအိုစီ ကျောင်းတွင် အမှုထမ်း နေစဉ် တပည့်များကို ကျောင်းစာ သာမက မျိုးချစ် စိတ်နှင့် စစ်ပညာ သင်ကြား ပေးမှုကြောင့် သက်ဆိုင်ရာ အာဏာပိုင် များနှင့် မပြေမလည် ဖြစ်ကာ အလုပ်မှ နုတ်ထွက် ခဲ့ဖူးသည်။ ၁၉၅၁ တွင် ရန်ကုန်၌ 'မင်းနွယ်' ပုံနှိပ်တိုက် တည်ထောင်၍ စာစောင် တခု ထုတ်ဝေ ခဲ့သည်။ ၁၉၅၂ တွင် မင်းဘူး၌ 'မင်းနွယ်' ပုံနှိပ်တိုက် ဖွင့်လှစ် ခဲ့ပြီး ၁၉၅၃ - ၆၆ တွင် လယ်ကိုင်း အလယ်တန်း ကျောင်းအုပ် အဖြစ် ပြန်လည် အမှု ထမ်းခဲ့ သည်မှာ ၁၉၆၆ ခု အငြိမ်းစား ယူချိန် အထိပင် ဖြစ်သည်။
အင်္ဂလိပ် တော်လှန်ရေးတွင် မြေအောက် တော်လှန်ရေး တာဝန် ယူခဲ့ပြီး၊ ဒုတိယ ကမ္ဘာစစ် အတွင်း၌ ပွင့်ဖြူ မြို့နယ် ပညာရေးမှူးနှင့် အာရှ လူငယ် အဖွဲ့ ဥက္ကဋ္ဌ၊ ၁၉၄၅ - ၄၆ တွင် ပွင့်ဖြူ မြို့နယ် ဖဆပလ အဖွဲ့ အမှုဆောင်နှင့် ၁၉၄၇ တွင် ပွင့်ဖြူ မြို့နယ် ဖဆပလ အဖွဲ့ အတွင်းရေးမှူး တာဝန် တို့ကို ယူခဲ့သည်။
ရန်ကုန် မြို့မ ကျောင်းတွင် ပညာ သင်ယူ နေစဉ် နိုင်ငံပေါင်းချုပ် အသင်းကြီးက ကျင်းပသော ဘာသာပြန် ပြိုင်ပွဲတွင် ပထမဆု ရခဲ့သည်။ ထိုစဉ်ကပင် 'မြို့မသန်း'၊ 'တောသားကြီး' ကလောင် အမည် များဖြင့် ဆောင်းပါးများ ရေးခဲ့သည်။ မြို့မ ဝံသယုဝ ဂျာနယ် ၌လည်း 'တောသားကြီး' ကလောင် အမည် ဖြင့်ပင် ဝတ္ထု စရေးသည်။ နော်မန်ကျောင်း နောက်ဆုံး နှစ်တွင် ရန်ကုန်မြို့ ကြီးပွားရေး မဂ္ဂဇင်းက ပြုလုပ်သော "တာဝတိံသာသွား မှတ်တမ်း" ခေါင်းစဉ်နှင့် ဆောင်းပါး ပြိုင်ပွဲတွင် ပထမဆု ရခဲ့သည်။ နောက်တလ ကြီးပွားရေး မဂ္ဂဇင်း ဝတ္ထုတို ပြိုင်ပွဲ တွင်လည်း ပထမ ဆုပင် ရခဲ့ ပြန်သည်။ ထိုပြိုင်ပွဲ များမှ စ၍ 'မင်းနွယ်' ကလောင် အမည်ကို သုံးခဲ့သည်။ "ဘားမားဂျာနယ်" ဝတ္ထုတို ပြိုင်ပွဲ တွင်လည်း ဆက်တိုက် ဆုရခဲ့ ပြန်သည်။ ဤသို့ဖြင့် ၁၉၃၅ မှ ၁၉၇၆ အထိ စာပေ ဆောင်းပါး၊ ကျေးလက် ပညာပေး ဆောင်းပါး၊ ကျေးလက် ဝတ္ထုများ အပုဒ်ပေါင်း ၆ဝ ကျော် ရေးခဲ့သည်။ ဒုတိယ ကမ္ဘာစစ် မတိုင်မီက အချစ်ဆန်း တမူးတန် ဝတ္ထု ရေးခဲ့၏။ စကားနှင့် စကား အခြေအတင် ပြောနည်း၊ အမှောင်တွင်းက အသူရကာယ်များ (ပြည့်တန်ဆာ လောက) (၁၉၅ဝ)၊ ဂုဏ်နှင့် ရင်အေး (၁၉၅၆) ဝတ္ထုများနှင့် ကောက်သင်း (၁၉၇၂)၊ ဘဝ ပဲ့တင်သံများ (၁၉၇၆)၊ ပြည်သစ် စိတ်သစ်တို့ အုတ်မြစ်နှင့် စာတို ပေစ မနေ့က (၁၉၈ဝ) စသည့် စာပေါင်းစု စာအုပ်များမှာ ထင်ရှားသည်။ ရှေးဟောင်း စာနယ်ဇင်း စုဆောင်းမှုတွင် ဝါသနာ ထုံသည်။ လွတ်လပ်ရေး မော်ကွန်းဝင် (တတိယဆင့်) ချီးမြှင့် ခံရသည်။
၁၉၉ဝ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် မင်းဘူး မြို့၌ ကွယ်လွန် ခဲ့သည်။
Remove ads
စာညွှန်း
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads