မန်းဝင်းမောင် (နိုင်ငံတော်သမ္မတ)

From Wikipedia, the free encyclopedia

မန်းဝင်းမောင် (နိုင်ငံတော်သမ္မတ)
Remove ads

အဂ္ဂမဟာသီရိသုဓမ္မ အဂ္ဂမဟာသရေစည်သူ ဦးဝင်းမောင် (ခ) မန်းဝင်းမောင် သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ တတိယမြောက်သမ္မတဖြစ်သည်။ ၁၉၅၇-ခုနှစ်၊ မတ်လ ၁၃-ရက် မှ ၁၉၆၂-ခုနှစ်၊ မတ်လ ၂-ရက်ထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။[]

အချက်တိုများ အဂ္ဂမဟာသီရိသုဓမ္မအဂ္ဂမဟာသရေစည်သူဦးဝင်းမောင် နိုင်ငံ့ဂုဏ်ရည်ဆုရ၊ လွပ်လပ်ရေးမော်ကွန်းဝင်, မြန်မာနိုင်ငံ၏ တတိယမြောက် သမ္မတ ...
Remove ads

ငယ်ဘဝ

၁၉၁၆ ခုနှစ်၊ ဧပြီလ ၁၇ ရက် တနင်္လာနေ့တွင် ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် လှည်းဆိပ်ရွာ၌ ဖွားမြင်သည်။ အဖ ဦးရွှေရင်၊ အမိ ဒေါ်သာယာ ဖြစ်သည်။ ဖခင်မှာ ပညာအုပ် ဖြစ်သည်။ ကရင် တိုင်းရင်းသား ဖြစ်၍ နိုင်ငံရေးလောကတွင် မန်းဝင်းမောင်ဟု လူသိများ ထင်ရှားခဲ့သည်။

ပညာသင်ဘဝ

ငယ်စဉ်က လှည်းဆိပ်ရွာတွင် ပညာသင်ကြားပြီး ပုသိမ်မြို့၊ မွန်−ကရင် အထက်တန်းကျောင်းမှ ၁၉၃၃ ခုနှစ်တွင် ဆယ်တန်းအောင်သည်။ ထို့နောက် ရန်ကုန်မြို့၊ ဂျဒ်ဆင် ကောလိပ်တွင် ပညာသင်ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၊ ဂျဒ်ဆင်ကောလိပ်မှ ဘီအေဘွဲ့ကို ရရှိခဲ့သည်။

ဝန်ထမ်းဘဝ

၁၉၃၇-၄ဝ တွင် ဗမာ့ရေနံကုမ္ပဏီ (သန်လျင် ဘီအိုစီ) စာရင်းဌာန ကုမ္ပဏီဝန်ထမ်း၊ အတွင်းဝန်ရုံး အစိုးရဝန်ထမ်း အဖြစ် ဆောင်ရွက်သည်။ ၁၉၄၁ ခုနှစ်တွင် မေမြို့ ဗိုလ်သင်တန်း တက်၍ ၁၉၄၁-၄၂ တွင် အရာခံဗိုလ် အဖြစ် စစ်ဘက်၌ တာဝန် ထမ်းဆောင်သည်။ ၁၉၄၂ ခုနှစ်တွင် အင်္ဂလိပ် စစ်တပ်များ အိန္ဒိယသို့ အောင်မြင်စွာ ဆုတ်ခွာရာ၌ အိန္ဒိယသို့ မလိုက်ဘဲ မြန်မာပြည်၌ နေခဲ့သည်။

လွတ်လပ်ရေးကြိုးပမ်းမှုအဖြစ် ထင်ရှားသည့်ဖြစ်ရပ်မှာ မြန်မာနိုင်ငံအတွင်းသို့ မဟာမိတ်အကူအညီဖြင့် ပြည်တွင်းတော်လှန်ရေးသမားများနှင့် ဆက်သွယ်ရန် လေထီးဖြင့် ဆင်းသက်လာသည့်တပ်သားများတွင် တစ်ဦးအပါအဝင်ဖြစ်သည့်အတွက် လေထီးသမ္မတ ဟုလည်း တင်စားခေါ်ကြသည်။ ၁၉၅၇ ခုနှစ် မတ် ၁၃ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံသမ္မတ အဖြစ် ရွေးချယ်ခြင်းကို ခံခဲ့ရသည်။ ၁၉၆၂-၆၇ ခုနှစ်အထိ ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။[] ၁၉၆၈ ခုနှစ်တွင် ပြည်တွင်းအကြံပေးအဖွဲ့ဝင် ၃၃ ဦးတွင် ပါဝင်ခဲ့သည်။ ၉ ရက် ၉ လ ၁၉၈၈ ခုနှစ်တွင် ဦးနုပါဝင်သော စင်ပြိုင်အစိုးရဖွဲ့စည်းရာတွင် သမ္မတအဖြစ် စာရင်း၌ ပါရှိခဲ့သည်။

ဂုဏ်ပြုချီးကျူးခံရခြင်း

သမ္မတမန်းဝင်းမောင်သည် နိုင်ငံတော်က ချီးမြှင့်ခဲ့သော အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မဘွဲ့များအပြင် လွတ်လပ်ရေးမော်ကွန်းဝင် (ဒုတိယဆင့်)၊ နိုင်ငံဂုဏ်ရည် (ပထမဆင့်) ဘွဲ့တံဆိပ်များ ရရှိခဲ့သည်။ ၁၉၅၉-ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင် ယိုးဒယားဘုရင်၏ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်၊ ၁၉၆ဝ-ပြည့်နှစ်တွင် တော်လှန်ရေးကြယ်တံဆိပ် (ဒုတိယဆင့်) တို့ကို ရရှိခဲ့သည်။

ပြည်ပခရီးများ

၁၉၅၇-ခုနှစ်၊ ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် အမေရိကန်နိုင်ငံသို့ ဆေးဝါး ကုသရန် သွားရောက်ခဲ့သည်။ ၁၉၆ဝ-ပြည့်နှစ်၊ ဇူလိုင်လတွင် အမေရိကန် နိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ခဲ့သည်။ ၁၉၅၉-ခုနှစ်၊ ဇူလိုင်လတွင် တရုတ် နိုင်ငံသို့ သွားရောက်ခဲ့သည်။

မိသားစု

မန်းဝင်းမောင်သည် ၁၉၄၂-ခုနှစ်တွင် ရန်ကုန်မြို့နေ ဦးစံလှ၊ ဒေါ်ဒွေးတို့၏ သမီးဖြစ်သူ ဒေါ်မြမေနှင့် လက်ထပ်၍ သားသမီး(၆)ဦး ထွန်းကားခဲ့သည်။

ဘဝနိဂုံး

သမ္မတဟောင်း မန်းဝင်းမောင်သည် ၁၉၈၉-ခုနှစ်၊ ဇူလိုင်လ (၄)ရက်နေ့၊ အသက်(၇၃)နှစ်အရွယ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်မြမေနှင့် သားသမီးများ ကျန်ရစ်ခဲ့သည်။

ပြခန်း

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads