မဟာဥက္ကုသဇာတ်
From Wikipedia, the free encyclopedia
Remove ads
ပကိဏ္ဏကနိပါတ် -၄၈၆−မဟာဥက္ကုသဇာတ် ဝန်လိုငှက်-လိပ်-ခြင်္သေ့ မိတ်ဆွေကောင်းတို့နှင့် ပေါင်းဖေါ်ရသဖြင့် ရန်သူကိုအောင်မြင်ကာ သားသမီးများနှင့်တကွ အသက်ချမ်းသာရာရသော စွန်ဖို စွန်မအကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
အကျိုးလိုလျက် မိတ်ကောင်းဖွဲ့
နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အမျိုးကောင်းသားတစ်ယောက်သည် အဆွေခင်ပွန်းကို စေလွှတ်၍ မထင်ရှားသော အမျိုးသမီးတစ်ယောက်ကို တောင်းစေ၏။ ထိုအခါ အမျိုးသမီးသည် ထိုယောက်ျားအား “အရှင်... ဖြစ်လာသော အမှုကိစ္စကို ဆောင်ရွက်ခြင်းငှါ စွမ်းနိုင်ပါသလော၊ အဆွေခင်ပွန်း အပေါင်းအဘော်ရှိပါသလော”ဟု မေး၏။ “ရှင်မ... မရှိပါ”ဟု ပြောသောအခါ “ထိုသို့ဖြစ်လျှင် အဆွေခင်ပွန်း အပေါင်းအဘော်ကိုရှာဦးလော”ဟု ပြောဆိုလိုက်၏။
ထိုအမျိုးကောင်းသားသည် မိန်းမ၏ အဆုံးအမ၌တည်၍ ရှေးဦးစွာ တံခါးစောင့်လေးဦးနှင့် မိတ်ဖွဲ့၏။ နောက်အစဉ်အတိုင်း မြို့စောင့်အမတ်ကြီးနှင့်၎င်း၊ စစ်သူကြီးနှင့်၎င်း၊ အိမ်ရှေ့မင်းနှင့်၎င်း၊ မင်းကြီးနှင့်၎င်း အဆွေခင်ပွန်းဖွဲ့ပြန်၏။ ထို့နောက် ရှစ်ကျိပ်သော မဟာထေရ်တို့နှင့်၎င်း၊ ရှင်အာနန္ဒာနှင့်၎င်း၊ မြတ်စွာဘုရားနှင့်၎င်း မိတ်ဖွဲ့ပြန်၏။ မြတ်စွာဘုရားသည် ထိုအမျိုးကောင်းသားကို သရဏဂုံသီလ၌တည်စေ၏။ မင်းကြီးသည်လည်း စည်းစိမ်ကိုပေး၏။ ထိုအခါမှစ၍ သီတင်းသည်သည် မိတ္တဗန္ဓကဟု ထင်ရှားလေ၏။
Remove ads
မိတ်ကောင်းညွှန်ပြ အကျိုးထူးရ
မင်းကြီးသည် မိတ္တဗန္ဓကအား ကြီးစွာသောအိမ်ကိုပေး၍ ထိမ်းမြားမင်္ဂလာကိုပြုစေ၏။ မင်းကြီးမှစ၍ လူအများတို့သည်လက်ဆောင်ကို ပို့လာကြကုန်၏။ မယားသည် မင်းကြီးထံမှ လက်ဆောင်ကို အိမ်ရှေ့မင်းအား၊ အိမ်ရှေ့မင်းထံမှ လက်ဆောင်ကို စစ်သူကြီးအား ဤသို့စသည်ပေး၍ မြို့နေလူအလုံးစုံအား အဆွေခင်ပွန်းဖွဲ့၏။ ခုနစ်ရက်မြောက်နေ့၌ ဘုရားအမှူးရှိသော သံဃာကိုပင့်ဖိတ်ကာ အလှူကြီးပေး၍ တရားတော်ကိုနာရလျှင် လင်မယားနှစ်ယောက်တို့သည် သောတာပတ္တိဖိုလ်၌တည်ကုန်၏။
တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ထိုသီတင်းသည်လင်မယားတို့အကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရားကြွလာတော်မူ၍ ထိုအကြောင်းကိုသိတော်မူလျှင်– “ရဟန်းတို့...ဤမိတ္တဗန္ဓကသည် ယခုအခါ၌သာ မိန်းမကိုမှီ၍ စည်းစိမ်ကိုရသည်မဟုတ်၊ ရှေးအခါ တိရစ္ဆာန်ဖြစ်၍လည်း မိန်းမကိုမှီ၍ သားငယ်တို့အသက်ကိုရဘူးပြီ”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
---
အတိတ်ဝတ္ထု
သားကောင်များစွာ ပျော်မွေ့ရာ
လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ပစ္စန္တရစ်သားအချို့တို့သည် အမဲသားရရာအရပ်၌ ရွာတည်ကြပြီးလျှင် တော၌လှည့်လည်၍ ငါးအမဲကိုရှာဖွေကာ အသက်မွေးကုန်၏။ ထိုရွာအနီး၌အလိုလိုဖြစ်သော အိုင်ကြီးသည်ရှိလေ၏။ ထိုအိုင်၏ တောင်အရပ်၌ စွန်ဖိုတစ်ကောင်သည်နေ၏၊ အနောက်အရပ်၌ စွန်မတစ်ကောင်သည်နေ၏၊ မြောက်အရပ်၌ ခြင်္သေ့မင်းနေ၏၊ အရှေ့အရပ်၌ ဝန်လိုငှက်သည်နေ၏၊ အိုင်၏အလယ်၌ လိပ်ကြီးသည်နေ၏။
Remove ads
မိတ်ကောင်းရှာဖွေ အတူနေ
ထိုအခါ စွန်ဖိုသည် စွန်မအား မယားပြုရန် ပြောဆို၏။ စွန်မသည် စွန်ဖိုအား “အရှင်... အဆွေခင်ပွန်းရှိ၏လော”ဟု မေး၏။ “ရှင်မ... မရှိပါ”ဟု ပြောသောအခါ “အရှင်... ငါတို့၌ဖြစ်လာသော ဘေးရန်နှင့် ဆင်းရဲကို အဘယ်သူရွက်ဆောင်မည်နည်း၊ ကူညီမည့်အဆွေခင်ပွန်း အပေါင်းအဘော်ရခြင်းငှါ သင့်၏၊ အဆွေခင်ပွန်းဖွဲ့ဦးလော”ဟု ပြော၏။ “ရှင်မ... အဘယ်သူတို့နှင့်အဆွေခင်ပွန်းဖွဲ့ရမည်နည်း”ဟု မေး၏။ “အရှင်...အရှေ့အရပ်၌နေသောဝန်လိုငှက်၊ မြောက်အရပ်၌နေသော ခြင်္သေ့မင်း၊ အိုင်အလယ်၌နေသောလိပ်ကြီးတို့နှင့်အဆွေခင်ပွန်းဖွဲ့လော့”ဟု ပြော၏။ ထိုအခါစွန်ဖိုသည် စွန်မစကားကိုဝန်ခံ၍ ဝန်လိုငှက် ခြင်္သေ့မင်း လိပ်ကြီးတို့နှင့် အဆွေခင်ပွန်းဖွဲ့ပြီးလျှင် စွန်မနှင့်အတူတကွ ပေါင်းဘော်၍နေ၏။
Remove ads
စွန်တို့သိုက်အောက် မုဆိုးရောက်
ထိုစွန်နှစ်ကောင်တို့သည် အိုင်ကြီး၏အလယ်၌ ကျွန်းငယ်တွင်ရှိသော ထိမ်ပင်၌အသိုက်ပြု၍ နေကုန်၏။ နောက်အဖို့၌ စွန်ငယ်နှစ်ကောင်တို့ကို ဖွားမြင်ကုန်၏။ အမွေးအတောင်မစုံမီ တစ်နေ့သ၌ ဇနပုဒ်သားတို့သည် တစ်နေ့လုံးလှည့်လည်သဖြင့် တစ်စုံတစ်ခုကိုမျှ မရကြ၍ လက်ချည်းသက်သက်အိမ်သို့ပြန်ရန်မသင့်၊ ငါးတို့နှင့်လိပ်တို့ကိုဖမ်းကြမည်ဟု အိုင်ကြီးသို့ဆင်းသက်၍ ကျွန်းငယ်သို့ရောက်လျှင် ထိမ်ပင်ရင်း၌အိပ်ကုန်၏။ မှက်ခြင်တို့ကိုက်ကုန်လတ်သော် မီးမွေး၍ မီးခိုးကိုပြုလုပ်ကုန်၏။
Remove ads
ဘေးကိုလွှတ်ကြောင်း ကူညီတောင်း
မီးခိုးတက်လတ်သော် စွန်ငယ်တို့သည် မြည်ကုန်၏။ ဇနပုဒ်သားတို့သည် ငှက်သံကိုကြားလတ်သော် “အချင်းတို့... ငှက်သံကြားရသည် ထကြကုန်လော၊ ဆာမွတ်ကုန်ပြီ၊ ငှက်သားကိုစားပြီးမှ အိပ်ကုန်အံ့”ဟု ပြောဆို၍ မီးရှူးတို့ကိုပြုလုပ်ကုန်၏။ စွန်မသည် လူတို့အသံကိုကြားလျှင် “ဤလူတို့ကား သားငယ်တို့ကိုစားလိုကြသည်၊ ငါတို့မှာ ဤသို့ဘေးမှလွတ်မြောက်နိုင်ရန် အဆွေခင်ပွန်းကိုဖွဲ့ရကုန်၏၊ သို့အတွက် လင်ကို ဝန်လိုငှက်ထံစေလွှတ်မည်”ဟု ကြံစည်ကာ–
“အရှင်... ဇနပုဒ်သားမုဆိုးတို့သည် မီးရှူးတို့ကိုပြုလုပ်ကုန်၏၊ ငါတို့သားငယ်တို့ကိုစားလိုကုန်၏၊ အဆွေခင်ပွန်းတို့ကိုပြောဆိုချေလော့၊ ငါတို့သားငယ်တို့၏ ပျက်စီးခြင်းကိုပြောကြားချေလော့”—
ဟု စေလွှတ်လေ၏။ စွန်ဖိုလည်း လျင်မြန်သောအဟုန်ဖြင့် ဝန်လိုငှက်မင်းနေသောနေရာသို့သွား၍ လာသောအဖြစ်ကိုသိစေ၏။ ဝန်လိုငှက်လည်း လာသောအကြောင်းကိုမေး၏။ ထိုအခါ စွန်ဖိုသည်–
“အို-ဝန်လိုငှက်မင်း... သင်ကား ငှက်တို့တွင် မြတ်သောငှက်တည်း၊ အကျွန်ုပ်သည် သင်ငှက်မင်းကို ကိုးကွယ်ဆည်းကပ်ပါ၏၊ ဇနပုဒ်သားမုဆိုးတို့သည် အကျွန်ုပ်၏သားငယ်တို့ကို စားလိုကုန်၏၊ သင်ငှက်မင်းသည် အကျွန်ုပ်အား ချမ်းသာအောင်ပြုလုပ်ပါ”—
ဟု အကြောင်းကိုပြောကြား၍ တောင်းပန်လေ၏။
Remove ads
မိတ်ဆွေစစ်ရေး ကူညီပေး
ထိုအခါ ဝန်လိုငှက်မင်းသည် စွန်ဖိုပြောကြားသောစကားကိုဆင်ခြင်လျက် “သွားလော့၊ အကျွန်ုပ်လာပါမည်”ဟုဆိုလျက်–
“အဆွေစွန်... ပညာရှိတို့သည် အခါဟုတ်သည်၊ မဟုတ်သည်၌ ချမ်းသာကိုရှာမှီးကုန်လျက် အဆွေခင်ပွန်းအပေါင်းအဖေါ်ကိုဖွဲ့ကြကုန်၏၊ စင်စစ် မြတ်သောအကျင့်ရှိသောသူသည် မြတ်သောအကျင့်ရှိသောသူ၏ကိစ္စကိုပြုလုပ်မြဲဖြစ်၏”—
ဟု ပြောဆိုကာ စွန်ကိုနှစ်သိမ့်စေပြီးလျှင်– “အဆွေ... ဇနပုဒ်သားမုဆိုးတို့ သစ်ပင်သို့တက်ကြကုန်ပြီလော”ဟု မေး၏။ “အရှင်... မတက်ကြကုန်သေး၊ မီးရှူးကိုပြုလုပ်ကြကုန်ပြီ”ဟု ပြော၏။ “အဆွေ... သွားချေ၊ ငါလာကြောင်းကို အဆွေခင်ပွန်းမကိုပြောကြားချေ”ဟု လွှတ်လိုက်၏။ စွန်လည်း စွန်မအားပြောကြား၏။ ဝန်လိုငှက်မင်းလည်းလာလတ်၍ ထိမ်ပင်၏အနီးဖြစ်သောသစ်ပင်တွင် နားလျက် ဇနပုဒ်သားမုဆိုးတို့တက်သည်ကိုကြည့်ရှုကာနေ၏။ ထိုအခိုက် ဇနပုဒ်သားတစ်ယောက်သည် မီးရှူးကိုကိုင်၍ ထိမ်ပင်သို့တက်ရာ စွန်သိုက်အနီးသို့ရောက်လျှင် အိုင်သို့ငုတ်ကာ အတောင်နှုတ်သီးတို့ဖြင့် ရေကိုယူ၍ မီးရှူးပေါ်၌လောင်း၏။ မီးရှူးလည်းငြိမ်းလေ၏။ ဇနပုဒ်သားသည် “ဤဝန်လိုငှက်နှင့် စွန်ငယ်တို့ကိုစားမည်”ဟု အောက်သို့ဆင်းသက်၍ မီးရှူးကိုညှိကာ တစ်ဖန်တက်ပြန်၏။ ဝန်လိုငှက်မင်းသည် တစ်ဖန်ငြိမ်းစေပြန်၏။ ဤသို့သောနည်းဖြင့် မီးရှူးကိုညှိလိုက်၊ ငြိမ်းလိုက်နှင့် ပြုလုပ်လာရာ သန်းခေါင်ယံသို့ရောက်လေ၏။ ဝန်လိုငှက်သည် အလွန်ပင်ပန်း၏၊ ရင်မွေးတို့သည်ကျွတ်ကုန်၏၊ မျက်စိတို့လည်း နီကုန်၏။
အသက်စွန့်ကာ ကာကွယ်ရှာ
ထိုအခါစွန်မသည် “အရှင်... ဝန်လိုငှက်မင်းသည် အလွန်ပင်ပန်းလှပြီ၊ အတန်ငယ်အပန်းဖြေပါစေ၊ လိပ်ကြီးထံသွား၍ ပြောကြားပါ”ဟု စေခိုင်းပြန်၏။ စွန်ဖိုလည်း စွန်မစကားကိုကြားလျှင် ဝန်လိုငှက်မင်းထံကပ်၍–“အရှင်မြတ်သောအကျင့်ရှိသော ငါ့အား အမှုကိစ္စဖြစ်လာ၏၊ ထိုအမှုကိစ္စကို မြတ်သောအကျင့်ရှိသောသင်သည် အစဉ်သနားသဖြင့် ပြုလုပ်အပ်ပေပြီ၊ မိမိကိုယ်ကိုစောင့်ရှောက်တော်မူပါ မပင်ပန်းပါစေလင့်၊ သင်အသက်ရှည်သည်ရှိသော် သားငယ်တို့ကိုရကုန်လတံ့”—
ဟု ခေတ္တအနားယူရန် တောင်းပန်၏။ ဝန်လိုငှက်သည် စွန်ဖိုစကားကိုကြားလျှင်–
“အဆွေစွန်... အစောင့်အရှောက်ကိုပြုလုပ်သောငါသည် ခန္ဓာကိုယ်ပျက်စီးသော်လည်း မပင်ပန်းပါ၊ စင်စစ် အချို့အဆွေခင်ပွန်းတို့သည် အသက်ကိုစွန့်ကုန်လျက် အဆွေခင်ပွန်း၏အမှုကိစ္စကိုပြုလုပ်ကုန်၏၊ ဤအလေ့အကျင့်သည် သူတော်ကောင်းတို့အလေ့အကျင့်တည်း”—
ဟု ခြင်္သေ့ဟောက်သကဲ့သို့ ကျူးရင့်ပြောဆိုလေ၏။
Remove ads
လိပ်ကိုတဖန် တောင်းပန်ပြန်
ထို့နောက်စွန်သည် ဝန်လိုငှက်မင်းအား အတန်ငယ်အပန်းဖြေလောဟု တောင်းပန်ပြီးလျှင် လိပ်ကြီးထံသွား၍–
“အဆွေလိပ်... အချို့သူတို့သည် စည်းစိမ်ဥစ္စာအခြံအရံပျက်စီးသော်၎င်း၊ မိမိအမှချွတ်ချော်သော်၎င်း ... အဆွေခင်ပွန်းတို့အား သနားခြင်း၌တည်ရှိကုန်၏၊ ငါ၏သားငယ်တို့သည် ကြင်နာကုန်၏၊ သို့အတွက် အဆွေလိပ်ကို ကိုးကွယ်ရာတစ်ခုပြု၍ လာခဲ့ပါ၏၊ အကျွန်ုပ်အကျိုးစီးပွားကိုကျင့်ပါလော့”—
ဟုအဖြစ်အပျက်အလုံးစုံကို ပြောကြားပြီးလျှင် တောင်းပန်ပြန်၏။ ထိုစကားကိုကြားလျှင် လိပ်သည်–
“အဆွေစွန်... ပညာရှိတို့သည် ဥစ္စာဖြင့်၎င်း၊ စပါးဖြင့်၎င်း၊ ကိုယ်ဖြင့်၎င်း အဆွေခင်ပွန်းအပေါင်းအဘော်ဖွဲ့ကြကုန်၏၊ ငါသည် သင်၏အမှုကိစ္စကိုပြုလုပ်ပါမည်၊ စင်စစ် မြတ်သောအကျင့်ရှိသောသူသည် မြတ်သောအကျင့်ရှိသောသူ၏ အမှုကိစ္စကိုပြုလုပ်မြဲဖြစ်၏”—
ဟု ပြောဆိုဝန်ခံ၏။
Remove ads
လိပ်ကြီးဆင်ခြင် ပရိယာယ်ထွင်
ထိုအခါ လိပ်ကြီး၏သားသည် အနီး၌ ဝပ်နေခိုက်ကြားလျှင် “ငါ့အဘ မပင်ပန်းစေသတည်း၊ ငါသည် အဘ၏ အမှုကိစ္စကိုပြုမည်”ဟု ကြံစည်လျက်–
“အို-ဖခင်... သင်ဖခင်သည် ကြောင့်ကြမဲ့နေပါ၊ သားသည် အဘ၏အကျိုးစီးပွားကို ကျင့်ရမြဲဖြစ်၏၊ အကျွန်ုပ်သည် စွန်၏သားငယ်တို့ကို ကယ်တင်လျက် ဖခင်၏အကျိုးစီးပွားကိုကျင့်ပါမည်”—
ဟု အဘ၏ကိုယ်စား ဆောင်ရွက်ရန်ဝန်ခံလေ၏။ ထိုအခါ အဘလိပ်ကြီးသည်–
“ချစ်သား စင်စစ်လျှင် ... သားတို့မည်သည် အဘ၏အကျိုးစီးပွားကို ကျင့်ရမြဲဖြစ်၏၊ ဤသို့ကျင့်ခြင်းသည် သူတော်ကောင်းတို့သဘောတည်း၊ ကြီးသောကိုယ်ရှိသောငါ့ကိုမြင်လျှင် ဇနပုဒ်သားတို့သည် စွန်၏သားငယ်တို့ကို လွှတ်ကြပေလိမ့်မည်”—
ဟု ကိုယ်တိုင်ဆောင်ရွက်ခြင်းအကြောင်းကို ပြောဆိုပြီးလျှင် စွန်အား “အဆွေစွန်... မကြောက်လင့် သွားလော့၊ ငါယခုပင်လိုက်လာမည်”ပြော၍ လွှတ်လိုက်၏။
မုဆိုးများလောဘ ဆုံးရှုံးကြ
ထို့နောက် လိပ်ကြီးသည် ရေ၌ကူး၍ ညွန်၊ မှော်တို့ကိုဆွဲငင်၍ယူကာ ကျွန်းငယ်သို့သွားပြီးလျှင် မီးပေါ်၌ဝပ်၏။ မီးသည်ငြိမ်းလေ၏။ ထိုအခါ ဇနပုဒ်သားတို့သည် “ငါတို့အား စွန်ငယ်တို့ဖြင့် ဘယ်အကျိုးရှိအံ့နည်း၊ လိပ်ကြီးကို လှိမ့်၍သတ်ကြမည်၊ ငါတို့အလုံးစုံစားလောက်လိမ့်မည်”ဟု နွယ်တို့ဖြင့်၎င်း၊ ဝတ်သောပုဆိုးတို့ဖြင့်၎င်း လိပ်ကြီးကိုချီတုပ်ကာ မြဲမြဲကိုင်ထားကြကုန်၏။ လိပ်ကြီးသည် ရေသို့ဆင်းသက်ကာ ရေနက်ရာသို့ ရုန်းကန်၍သွားလေ၏။ ဇနပုဒ်သားတို့လည်း လိပ်ကြီးဆွဲရာ ရေနက်သို့ရောက်ကြကုန်၏။ လောဘဇောဖြင့် ဆွဲငင်ပါသော်လည်း မရကုန်၊ ဝမ်းဗိုက်၌ ရေပြည့်လျက် ပုဆိုးဆုံးကြကုန်၏။
အလွန်ပင်ပန်းကြသဖြင့် တစ်ဖန်ကျွန်းပေါ်သို့တက်ပြီးလျှင်– “အချင်းတို့... ဝန်လိုငှက်သည် သန်းခေါင်ယံတိုင်အောင် ငါတို့မီးရှူးတို့ကို ငြိမ်းစေပြီ၊ နောက်လိပ်ကြီးသည် ဝမ်းဗိုက်ဝအောင် ပုဆိုးဆုံးအောင်ပြုလုပ်ပြီ၊ ယခုလည်း ခြင်္သေ့မင်းလာပြန်ပြီ၊ မုချငါတို့သေရလတံ့”ဟု ကြောက်ရွံ့ကြသဖြင့်တော်မိတော်ရာ ဒလကြမ်းပြေးကြကုန်၏။
ခြင်္သေ့ကူမှ ထွက်ပြေးရ
ထိုအခါ စွန်မသည် “အရှင်... ဤဇနပုဒ်သားတို့သည် ငါတို့သားငယ်တို့ကိုစားရန် ကြိုးစားကြပြန်ပြီ၊ ခြင်္သေ့မင်းထံသွား၍ တောင်းပန်ချေဦးလော့”—ဟု လွှတ်လိုက်ပြန်၏။
စွန်ဖိုလည်း အမြန် ခြင်္သေ့မင်းထံသွား၍–
“သားတို့ထက် ဝီရိယဖြင့် မြတ်သောခြင်္သေ့မင်း... သားတို့နှင့်လူတို့သည် ဘေးဖြင့်နှိပ်စက်ကုန်သည်ရှိသော် မြတ်သောသူကိုဆည်းကပ်ကြရကုန်၏၊ အကျွန်ုပ်သားငယ်တို့သည် ကြင်နာကုန်၏၊ သို့အတွက် ခြင်္သေ့မင်းကို ကိုးကွယ်ရာပြု၍လာခဲ့ပါ၏၊ သင်ကား ကျွန်ုပ်တို့၏မင်းဖြစ်ပါ၏၊ အကျွန်ုပ်အား ချမ်းသာအောင်ဆောင်ရွက်ပါ” –
ဟုခြင်္သေ့မင်းအား တောင်းပန်ပြန်၏။ ထိုအခါခြင်္သေ့မင်းသည်–
“အဆွေစွန်... သင်၏အမှုကိစ္စကို ငါသည်ဆောင်ရွက်မည်၊ သင်၏ရန်သူကိုသတ်ဖြတ်ရန်သွားအံ့၊ ရန်သူကိုသတ်ဖြတ်ခြင်းငှါ စွမ်းနိုင်၍ မိမိအဆွေခင်ပွန်းအား ဘေးရန်ဖြစ်လာသည်ကိုသိသောပညာရှိသည် အဆွေခင်ပွန်းအားစောင့်ရှောက်ခြင်းငှါ အဘယ်ကြောင့် အားမထုတ်ဘဲရှိအံ့နည်း”—
ဟုအားပေးစကား ပြောကြားပြီးလျှင်– “အဆွေစွန်... သင်သွားလော၊ သားငယ်တို့ကိုနှစ်သိမ့်စေလော့”ဟု စေလွှတ်ပြီးလျှင် ခြင်္သေ့မင်းသည် ရေကိုဖြတ်၍လိုက်လေ၏။
ရန်အောင်မြင်ကြ ဆိုဆုံးမ
ဇနပုဒ်သားတို့သည် ခြင်္သေ့မင်းလာသည်ကိုမြင်လျှင်– “အချင်းတို့... ရှေးဦးစွာ ဝန်လိုငှက်သည် မီးရှူးတိုင်တို့ကိုငြိမ်းစေပြီ၊ နောက်လိပ်ကြီးသည် ဝမ်းဗိုက်ဝအောင် ပုဆိုးဆုံးအောင်ပြုလုပ်ပြီ၊ ယခုလည်း ခြင်္သေ့မင်းလာပြန်ပြီ၊ မုချငါတို့သေရလတံ့”ဟု ကြောက်ရွံ့ကြသဖြင့်တော်မိတော်ရာ ဒလကြမ်းပြေးကြကုန်၏။
ခြင်္သေ့မင်းသည် လာလတ်၍ သစ်ပင်ရင်း၌ တစ်စုံတစ်ခုကိုမျှ မမြင်ရတော့ချေ။ ထိုအခါ ဝန်လိုငှက်၊ လိပ်နှင့်စွန်တို့သည် အနီးသို့ကပ်၍ ခစားကုန်၏။ ခြင်္သေ့မင်းသည် ဝန်လိုငှက်၊ လိပ်၊ စွန်တို့အား အဆွေခင်ပွန်းတို့၏ အကျိုးဆက်ကိုဟောပြောပြီးလျှင်– “အဆွေတို့... ဤနေ့မှစ၍ အဆွေခင်ပွန်းသဘောကိုမဖျက်ကြကုန်လင့်၊ မမေ့မလျော့နေကြကုန်”ဟု အဆုံးအမပေးကာ ဘဲသွားလေ၏။ ဝန်လိုငှက်၊ လိပ်၊ စွန်တို့လည်း မိမိတို့နေရာသို့ပြန်ကြကုန်၏။
သားငယ်များရှုကာ ဝမ်းမြောက်စွာ
စွန်မလည်းသားငယ်တို့ကိုကြည့်ရှုလျက် “အဆွေခင်ပွန်းတို့ကိုအမှီပြု၍ ငါ့သားငယ်တို့အသက်ကိုရပေသည်”ဟု ဝမ်းမြောက်ဝမ်းသာစွန်ဖိုအား ပြောကြားလျက်–
“အရှင်... ချမ်းသာသုခရရန် အဆွေခင်ပွန်းအပေါင်းအဘော်တို့ကိုဖွဲ့စည်းရာ၏၊ အရှင်ရှိသည်ကိုလည်းပြုရာ၏၊ ချပ်မိန်ညိုဝတ်သောသူတို့သည် မြှားတို့ကိုနှိမ်နှင်း၍ ဝမ်းမြောက်ကုန်သကဲ့သို့ ငါတို့သည် သားငယ်တို့နှင့်အတူနေရသဖြင့် ဝမ်းမြောက်ပါကုန်၏”။
“အရှင်မိမိ၏အဆွေခင်ပွန်းဖြစ်၍ မပြေးမဆုတ်သောအဆွေခင်ပွန်း၏အမှုကြောင့်မြည်တွန်သောသင့်ကို သားငယ်တို့သည် နှလုံးသို့ဝင်သောအသံကို မြွက်ဆိုကာ အတုပြု၍မြည်ကြကုန်၏”။
“အရှင်... ပညာရှိသည် အဆွေခင်ပွန်းအပေါင်းအဘော်ကိုရ၍သာ ချေလေးချောင်းရှိသောအမျိုးနှင့် ဥစ္စာတို့ကိုရ၍ နှစ်သက်ရ၏၊ ငါသည်လည်း အဆွေခင်ပွန်းတို့သနားခြင်းကြောင့် သား၊ လင်တို့နှင့်ပြည့်စုံစွာနေရ၏”။
မိတ်ကောင်းကူရာ အောင်မြင်စွာ
“အရှင်... မင်းဟူသောအဆွေခင်ပွန်းရှိသောသူ၊ ရဲရင့်သောအဆွေခင်ပွန်းရှိသောသူတို့သည် အကျိုးစီးပွားကိုပြည့်စုံစေနိုင်၏၊ ထိုသူတို့သည် အဆွေခင်ပွန်း၏အကျင့်နှင့်ပြည့်စုံသောသူအားဖြစ်ကုန်၏၊ ဤလောက၌ အဆွေခင်ပွန်းရှိခြင်း၊ အခြံအရံရှိခြင်း၊ ဂုဏ်ကြက်သရေတို့ဖြင့် တိုးတက်ခြင်းရှိသောသူသည် မွေ့လျော်ရ၏။
“အရှင်... သူဆင်းရဲသည်လည်း အဆွေခင်ပွန်းကိုဖွဲ့ရာ၏၊ ကြည့်ရှုပါ၊ အဆွေခင်ပွန်းတို့၏သနားခြင်းကြောင့် ငါတို့သည်သားတို့နှင့်အညီအညွတ်ဖြစ်ရကုန်၏”။
“အရှင်... ငါနှင့်သင်သည် ချမ်းသာသကဲ့သို့ ထို့အတူ ရဲရင့်အားရှိသောသူနှင့် အဆွေခင်ပွန်းပြုလုပ်ပေသော ဝန်လိုငှက်မင်းလည်း ချမ်းသာပါစေ”။
ဟု အဆွေခင်ပွန်းတို့၌ ကျင့်ခြင်း၏ကျေးဇူးစကားကို ပြောကြားလေ၏။ ထိုအဆွေခင်ပွန်းတို့သည် အသက်ထက်ဆုံး အဆွေခင်ပွန်းသဘောကို မဖျက်ကုန်ဘဲ တည်ကုန်လျက် သေလွန်သောအခါ ကံအားလျော်စွာလားကြကုန်၏။
---
ဇာတ်ပေါင်း
ဤသို့လျှင်မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန်နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်-
ရဟန်းတို့...
- ထိုအခါ စွန်ဖိုစွန်မတို့သည်-ယခုအခါ သီတင်းသည်လင်မယား။
- သားလိပ်ငယ်သည်-ရာဟုလာ။
- အဘလိပ်ကြီးသည်-မောဂ္ဂလာန်။
- ဝန်လိုငှက်သည်-သာရိပုတ္တရာ။
- ခြင်္သေ့မင်းသည်-ငါဘုရားဖြစ်လာပြီ–
ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။
---
(၁) ယုတ်၊ လဘ်၊ မြတ်ပေ၊ ဤသုံးထွေ၊ အဆွေဖွဲ့ကြရာ။
ဆောင်ပုဒ်
(၂) ဘေးရန်လွတ်ကင်း၊ ချမ်းသာခြင်း၊ ဆွေရင်းရှိ၍သာ။
(၃) အဆွေနီး၊ ဝေး၊ ရောက်သည့်ဘေး၊ သက်ပေးဆောင်ရွက်ရာ။
(၄) အဆွေကျင့်ထုံး၊ ဝတ်အားလုံး၊ သက်ဆုံးကျင့်ကြရာ။
(၅) သား၊ မြေးမပျက်၊ နောင်ဆက်ဆက်၊ နှစ်သက်ပေါင်းသင်းရာ။
မဟာဥက္ကုသဇာတ် ပြီး၏။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
