မိလိန္ဒမင်း
From Wikipedia, the free encyclopedia
Remove ads
မိလိန္ဒမင်း (သို့) မိနန္ဒမင်း သည် ဗုဒ္ဓဘာသာသမိုင်းတွင် ထင်ရှားသည့် အိန္ဒိယ-ဂရိနွယ်ဖွား ဗုဒ္ဓမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး သာသနာတော်နှစ်-၃၅၀ ဝန်းကျင်၊ တစ်နည်း ခရစ်တော်မပေါ်မီ ၁၆၅/၁၅၅-ခုနှစ်၌ သာဂလမြို့(ယနေ့ခေတ်-အာဖဂန္နစ္စတန်နိုင်ငံ၊ ဘာဂရမ်မြို့)တွင် မွေးဖွားပြီး ဘီစီ-၁၃၀ အထိ ထီးနန်းစိုးစံခဲ့သည့် မင်းတစ်ပါးဖြစ်၏။ အရှင်နာဂသေနထံ သိလိုသည့် မေးခွန်းပုစ္ဆာများမေးမြန်းခဲ့သည့် မင်းဖြစ်သည်။ ဗုဒ္ဓဘာသာတွင် အရှင်နာဂသေနနှင့် မိလိန္ဒမင်းတို့ အမေးအဖြေပြုခဲ့သည်ကို မှတ်တမ်းတင်ထားသည့် မိလိန္ဒပဉှာကျမ်း(မိလိန္ဒမင်း၏ မေးခွန်းပုစ္ဆာများ)သည် အလွန်ထင်ရှားသည်။[၃]
Remove ads
အရှင်နာဂသေန နှင့် မိလိန္ဒမင်းတို့၏ အတိတ်သမိုင်း
ကဿပမြတ်စွာဘုရားလက်ထက် ဂင်္ဂါမြစ်အနီးရှိ ကျောင်းတိုက်တွင်ဖြစ်၏။ တစ်ခုသော နံနက်တွင် ရဟန်းတစ်ပါးသည် သာမဏေတစ်ဦးကို “ဤတံမြက်ချေးများကို စွန့်ပစ်ချေလော့” ဟု ဆို၏။ ထိုသို့ ခေါ်ပါသော်လည်း သာမဏေသည် မကြားယောင်ပြုကာ သွားမြဲအတိုင်းသွား၏။ နှစ်ကြိမ်၊ သုံးကြိမ်တိုင်အောင် ပြောပါသော်လည်း မကြားချင်ယောင် ပြုနေသဖြင့် ရဟန်းသည် အမျက်ထွက်လာ၏။ ထို့ကြောင့် သာမဏေအား တံမြက်စည်းရိုးဖြင့် ရိုက်ပုတ်၏။[၄]
သာမဏေ၏ ဆုတောင်း
ထိုအခါ သာမဏေသည် ကြောက်ရွံ့ကာ တံမြက်ချေးကို စွန့်ပစ်၏။ ထိုသို့စွန့်ပစ်သည့်အခါ “တံမြက်ချေးစွန့်ပစ်ရသော ကောင်းမှုကြောင့် နိဗ္ဗာန်ရောက်သည့်တိုင်အောင် ဤအတွင်း ဖြစ်လေရာဘဝတိုင်း၌ မွန်းတည့်နေကဲ့သို့ ဘုန်းကံကြီးသူ၊ တန်ခိုးတေဇော်ကြီးသူ ဖြစ်ရပါလို၏” ဟု ပထမအကြိမ် ဆုတောင်း၏။ တံမြက်ချေးကိုစွန့်ပစ်ပြီး ဂင်္ဂါမြစ်သို့ ရေးချိုးရန်သွားသောအခါ တဝုန်းဝုန်းမြည်နေသည့် လှိုင်းတံပိုးတို့ကို မြင်ကာ “အကျွန်ုပ်သည် နိဗ္ဗာန်ရောက်သည့်တိုင်အောင် ဤဖြစ်လေရာဘဝတိုင်း၌ ဤလှိုင်းတံပိုး အဟုန်ကဲ့သို့ အရာအားလျော်စွာ ဖြစ်ပေါ်လာသော ဉာဏ်ပဋိဘာန်ရှိသူ၊ မကုန်နိုင်သော ဉာဏ်ပဋိဘာန်ရှိသူ ဖြစ်ရပါလို၏” ဟု ဒုတိယအကြိမ် ဆုတောင်း၏။[၅]
ရဟန်း၏ ဆုတောင်း
စေခိုင်းသောရဟန်းသည် ဂင်္ဂါမြစ်သို့ ရေချိုးရန်သွားသောအခါ သာမဏေ၏ ဆုတောင်းသံကို ကြားရ၏။ ထိုအခါ ရဟန်းသည် “ငါစေခိုင်းသော သာမဏေသည်ပင် ဤမျှဆုတောင်း၏။ ငါ့ကား အဘယ်မှာ ဆုတောင်း မပြည့်စုံဘဲ ရှိလိမ့်မည်နည်း” ဟု ကြံကာ “ငါသည် နိဗ္ဗာန်သို့ ရောက်သည့်တိုင်အောင် ဤအတွင်း ဖြစ်လေရာရာဘဝ၌ ဤဂင်္ဂါမြစ်၏ လှိုင်းတံပိုးအဟုန်ကဲ့သို့ မကုန်သော ဉာဏ်ပဋိဘာန်ရှိသူ ဖြစ်ရပါလို၏။ ဤသာမဏေ မေးတိုင်းမြန်းတိုင်းသော ပြဿနာအလုံးစုံကို ရှင်းလင်းရန်၊ ဖြေရှင်းရန် စွမ်းနိုင်သူ ဖြစ်ရပါလို၏” ဟု ဆုတောင်း၏။
ဤသို့ဖြင့် ထိုသူနှစ်ဦးတို့သည် နတ်ဘုံ၊ လူ့ဘုံတို့တွင် ကျင်လည်ကြကုန်လျက် ကဿပမြတ်စွာဘုရား နှင့် ဂေါတမမြတ်စွာဘုရားတို့၏ ကြားကာလများကို လွန်လေ၏။[၆]
ဂေါတမမြတ်စွာဘုရား၏ ဗျာဒိတ်တော်
မြတ်စွာဘုရားသည် မောဂ္ဂလိပုတ္တတိဿထေရ်ကို ဗျာဒိတ်ညွှန်ကြားတော်မူသကဲ့သို့ မိလိန္ဒမင်းနှင့် အရှင်နာဂသေနတို့ကိုလည်း အောက်ပါအတိုင်း ဗျာဒိတ်ညွှန်ကြားတော်မူခဲ့သည်။
“ငါဘုရား ပရိနိဗ္ဗာန်စံတော်မူသည်မှနောက် နှစ်ငါးရာကျော်သောအခါ ထိုသူနှစ်ဦးတို့သည် ဖြစ်ပေါ်လာလတ္တံ့။ ထိုသူနှစ်ဦးသည် နက်နဲစွာပြု၍ ငါဟောကြားအပ်သော ထို သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်တို့ကို ပြဿနာမေးခွန်း၊ ဥပမာ ဥပမေယျ၊ ညီမျှသင့်တင့်သော နည်းတို့၏အစွမ်းဖြင့် အရှုပ်အထွေးမရှိအောင်ပြု၍ ဝေဖန်ကြကုန်လတ္တံ့” ဟု ဗျာဒိတ်မြွက်ကြားတော်မူ၏။[၇]
Remove ads
မိလိန္ဒမင်းဘဝ
နောင်အခါတွင် ထို ကဿပဘုရားရှင်လက်ထက် သာမဏေလေးသည် ဇမ္ဗူဒိပ်ကျွန်း၊ သာဂလမြို့တွင် မိလိန္ဒအမည်ဖြင့် မင်းဖြစ်၏။ မိလိန္ဒမင်းသည် လိမ္မာ၏၊ အသိဉာဏ်ရှိ၏၊ ကျမ်းဂန်တို့ကို သင်ယူ၏။ မိလိန္ဒမင်းသည် မြို့တွင်းရှိ သမ္မာသမ္ဗုဒ္ဓဟု ဝန်ခံသော သာမဏ၊ ဗြာဟ္မဏ၊ ဂိုဏ်းဆရာတို့ကို ခေါ်ယူကာ မေးခွန်းပုစ္ဆာတို့ကို မေးမြန်း၏။ ထိုမေးမြန်းသည့် အမေးပုစ္ဆာများကို ဖြေကြားနိုင်ခြင်း မရှိကြပေ။ ထို့ကြောင့် သာမဏ၊ ဗြာဟ္မဏတို့သည် မင်းကြီးမေးသည်ကို မတတ်နိုင်သဖြင့် ဖဲသွားကြ၏။ အရပ်တပါးသို့ မသွားသောသူတို့သည် တိတ်ဆိတ်စွာ နေကြရကုန်၏။ ရဟန်းတို့သည် များသောအားဖြင့် ဟိမဝန္တာသို့ ကြွကုန်ကြ၏။[၈]
Remove ads
ရဟန်းတို့၏ တောင်းဆိုခြင်းကြောင့် ရှင်နာဂသေနကြွတော်မူခြင်း
ထို့နောက် ရာပေါင်းများစွာသော ရဟန်းတို့သည် ရက္ခိတကုန်းပြင်တွင် စုဝေးနေ၏။ ထိုရဟန်းတို့သည် အရှင်နာဂသေနအား “မိလိန္ဒမင်းသည် အမေးပြဿနာတို့ဖြင့် ရဟန်းသံဃာတို့အား ညှဉ်းဆဲနေပါသည်၊ အရှင် သွား၍ စီမံပါလော့” ဟု တောင်းဆိုကြ၏။ ထိုအခါ အရှင်နာဂသေနလည်း တာဝန်ယူကာ သာဂလမြို့သို့ ကြွတော်မူ၏။[၉]
ရှင်နာဂသေနနှင့် တွေ့ဆုံခန်း
ဤသို့ဖြင့် မင်းကြီးသည် ဝါဒအမေးပုစ္ဆာတို့ဖြင့် ရဟန်းသံဃာတို့ကို မေးမြန်း၏။ ရဟန်းတို့လည်း မဖြေနိုင် ရှိနေကြ၏။ ထို့နောက် မင်းကြီးသည် အမတ်တို့အား “မိမိ၏ အမေးကို ဖြေနိုင်မည့်သူ ရှိပါသေးသလော” ဟု မေး၏။ အမတ်တို့လည်း "အရှင်နာဂသေန ရှိပါ၏" ဟု ဖြေလေ၏။ ထိုအခါ မင်းကြီးသည် ဒေဝမန္တိယအမတ်ကို ခေါ်ရန် စေခိုင်းလိုက်၏။
ဤသို့ဖြင့် အရှင်နာဂသေနနှင့် မိလိန္ဒမင်းကြီးတို့သည် တွေ့ဆုံကြလေ၏။ ထို့နောက် မင်းကြီးသည် မေးခွန်းတို့ကို မေးမြန်း၏။ မထေရ်လည်း ဖြေကြား၏။ ဤတွင် [၁၀] အပြည့်အစုံ ဖတ်ရှုနိုင်ပါသည်။ နောက်ဆုံးတွင် မိလိန္ဒမင်းသည် စည်းစိမ်ကိုစွန့်ကာ ရဟန်းပြု၍ တရားအားထုတ်လေရာ အာသဝတရားကုန်ခမ်းပြီး ရဟန္တာ ဖြစ်တော်မူ၏။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads