ယသောဓရာ
သိဒ္ဓတ္ထမင်းသား၏ ကြင်ယာတော် From Wikipedia, the free encyclopedia
Remove ads
ယသောဓရာမှာ ယသောဓရာ ဗိမ္မာဒေဝီကို အတိုချုံး၍ ခေါ်ထားခြင်းဖြစ်သည်။ ဘဒ္ဒကစ္စနာ ဟုလည်း ခေါ်ကြသည်။ ထိုယသောဓရာ ဗိမ္ဗာဒေဝီခေါ် ဘဒ္ဒကစ္စနာ မင်းသမီးသည် ဒေဝဒဟပြည့်ရှင် သုပ္ပဗုဒ္ဓမင်းကြီးနှင့် အမိတာမိဖုရားကြီးတို့မှ ဂေါတမမြတ်စွာဘုရားအလောင်း သိဒ္ဓတ္ထမင်းသားကို ဖွားသည့်နေ့(ဘီစီ-၆၂၃)၌ ဖွားမြင်လေသည်။
အမည်မှည့်သောအခါ အကြိမ်တစ်ရာ လှော်ပြီး ဦးပြီးသော ရွှေဇမ္ဗူရစ်ကို နတ်ဖြစ်ပန်းချီတို့သည် ပီပြင်စွာ ပြုလုပ်ရေးထားသကဲ့သို့ အလွန်လှပတင့်တယ် စင်ကြယ်ကောင်းမြတ်ခြင်းနှင့် ပြည့်စုံရကား ဘဒ္ဒကစ္စနာ ဟူသော အမည်ကို မှည့်ကုန်၏။ ဘဒ္ဒကစ္စနာမင်းသမီးကား နတ်ရပ်ခြောက်မည် လူ့ပြည်တဝန်း ကျွန်းကြီး ကျွန်းငယ် အသွယ်သွယ်ဌာန၌ ဘုရားလောင်းမှတပါးသော ယောက်ျား၊ မိန်းမဟူသမျှတို့သည် တူမျှတန်၏ဟု နှိုင်းစံဖက်ယှဉ်စရာ မရှိ။ လူနတ်တို့၏ အဆင်းကို လွန်၏။ မနောမယဖြစ်သော မဏိဇောတိရသည် ကျောက်မြတ် ရတနာကဲ့သို့ လွန်စွာ ထွန်းလင်းသော ကိုယ်အဆင်းအရောင် နှင့်လည်း ပြည့်စုံ၏။ မယ်တော် ခမည်းတော်တို့နှင့်တကွသော သာကီဝင်မင်းအပေါင်းတို့သည်လည်း သောင်းသောင်းကြွေးကြော် အံ့ဩ ချီးကျူးလျက် မြတ်နိုးရတနာရှိကုန်သည်ဖြစ်၍ တစ်သောင်းမျှလောက်သော အထိန်းအယ မိန်းမ၊ အခြံအရံ တို့ကို ဆောင်နှင်းပေ၏။ ယင်းသို့ဖြင့် အစဉ်အတိုင်း ချမ်းသာစွာ ကြီး၍ မင်းသမီး တစ်ဆယ့်ခြောက်နှစ် အရွယ်သို့ရောက်သော ကာလ ဘုရားလောင်း သိဒ္ဓတ္ထကုမာရနှင့် စုံဖက်လေသည်။ သိဒ္ဓတ္ထကုမာရမင်းသားသည် လေးသောင်းသော မောင်းမတို့၏ ထိပ်ထား ဘဒ္ဒကစ္စနာကို ယသောဓရာ ဗိမ္ဗိဒေဝီ ဟူသော အမည်ဖြင့် ဘိသိက်သွန်း၍ အဂ္ဂမဟေသီအရာ ထားတော်မူသည်။
ထိုယသောဓရာ ဗိမ္ဗိဒေဝီ၏ အကြောင်းမှာ ဤကမ္ဘာမှ ပြန်၍ ရေတွက်သော် သင်္ချေ နှစ်ဆယ်နှင့် ကမ္ဘာ တစ်သိန်းထက်၌ ပွင့်တော်မူကြသော ဗြဟ္မဒေဝ အစရှိသည့် ဘုရားရှင်တို့၏ လက်ထက်တော်ကပင် ဂေါတမ မြတ်စွာဘုရား အလောင်းတော်နှင့် တွေ့ကြုံကြ၍ ပိယသံဝါသဖြင့် ဘဝအဆက်ဆက် မပျက်သော မေတ္တာဖြင့် ပါရမီဖြည့်ရ၍ အတူတကွပင် ဘဝအထွတ်တိုင်စေသောဟု မနောပဏိဓိ ရှိကြသည်နှင့်အညီ ပါရမီ ဖြည့်ခဲ့ သမျှ အပရိမေယျ ဘဝတို့၌ အတူတကွသာ ဖြစ်ရသည်က များလေသည်။ ဤသို့ ရှည်လျားစွာသော သံသရာ၌ ဘုရားလောင်း၏ အကျိုးငှာသာ ခံနိုင် ခဲစွာသော ဒုက္ခတို့ကိုခံ၍ အဆက်ဆက် လာကြသဖြင့် ဂေါတမမြတ်စွာဘုရားအလောင်း သုမေဓာရှင်ရသေ့ဖြစ်သောအခါ ရမ္မဝတီပြည်၌ သုမိတ္တာဟု အမည်တွင်သော သတို့သမီး ဖြစ်ခဲ့၍ ကြာရှစ်လက်တို့ကို ဘုရားလောင်းအား ကမ်းကာ ရည်မှန်းခဲ့ဖူးသောအတိုင်းပင် ဆုတောင်း၍ ပါရမီဖြည့်ကြသဖြင့် ပဒုမုတ္တရဘုရား လက်ထက်တော်သို့ ရောက်သောအခါ နိယတဗျာဒိတ်ကို ရရှိခဲ့လေသည်။ ထိုနောက် ဘဝများစွာ ကျင်လည်ခဲ့ပြီးလျှင် (ဂေါတမဘုရားလောင်းနှင့်အတူပင်) တုသိတာနတ်ပြည်မှ စုတေခဲ့၍ ဘုရားလောင်းနှင့်အတူ တစ်နေ့တည်းတွင် ဖွားမြင်သည်။ အသက် တစ်ဆယ့်ခြောက်နှစ် အရွယ်တွင် ဘုရားအလောင်း သိဒ္ဓတ္ထကုမာရမင်းသားနှင့် စုံဖက်ပြီးနောက် အသက် ၂၉ နှစ်အရွယ်တွင် သားတော် ရာဟုလာကို ဖွားမြင်လေသည်။ ထိုအခါမှစ၍ ယသောဓရာ ဗိမ္ဗာဒေဝီကို ရာဟုလမာတာဟုလည်း ခေါ်ကြလေသည်။
သားတော် ရာဟုလာကို ဖွားမြင်သည့်နေ့မှာပင် မောင်တော် သိဒ္ဓတ္ထမင်းသား တောထွက်၍ ရဟန်းပြုတော်မူ၏။ ခြောက်နှစ်ပတ်လုံး ဒုက္ကရစရိယာ အကျင့်ကို ကျင့်၏။ များစွာပင်ပန်းလှစွာသော ဒုက္ကရစရိယာအကျင့်ကို စွန့်ကာ အလယ်အလတ်လမ်းစဉ်ဖြင့် ကျင့်တော်မူရာ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဘုရားဖြစ်တော်မူသည်။ (သာသနာ့အစဉ်အလာအရ နေ့ကူးပြောင်းချိန်သည် အရုဏ်တက်ချိန်ဖြစ်သည်။ သန်းခေါင်အချိန် မဟုတ်ပါ။)
ဘုရားဖြစ်ပြီးနောက် ကပိလဝတ်ပြည်သို့ ကြွတော်မူလာ သောအခါ ယသောဓရာသည် ခုနစ်နှစ်မျှသာ ရှိသေးသော သားတော် ရာဟုလာမင်းသားကို ဖခင်ဘုရားထံ အမွေတောင်းစေ၏။ ထိုအခါ မြတ်စွာဘုရားသည် သားတော် ရာဟုလာအား ရဟန်းပြုစေလေသည်။
ရာဟုလာ ရဟန်းပြုပြီး နောက်တွင် မယ်တော် ဂေါတမီ မိဖုရား၊ ယောက်မတော် ဇနပဒ ကလျာဏီတို့လည်း ဘိက္ခုနီမ ပြုကြကုန်၏။ ကပိလဝတ်ပြည်၏ နန်းရိုးဥပရာဇ် နန္ဒမင်းသားမူကား ရာဟုလာ၏အလျင် ရဟန်းပြုခဲ့ပြီးဖြစ်လေသည်။ ယင်းတို့ အသီးသီး သာသနာဘောင်သို့ ခိုဝင်ကြ၍ ဘုရင်သုဒ္ဓေါဓနလည်း ထီးဖြူအောက်တွင် ပရိနိဗ္ဗာန် ပြုတော်မူ ပြီးနောက် ယသောဓရာ ဗိမ္ဗာဒေဝီသည် ဤကဲ့သို့သာ ရဟန်းပြုကြလျှင် ကပိလဝတ်ပြည်ကြီး ရွှေထီးရွှေနန်းသည် စိုးမြန်း ဆက်ခံသူဆုံး၍ သုဉ်းဖျင်း ပျက်စီးလေရာသည်။ မိမိလည်း မိန်းမသားဖြစ်၍ မင်းမူခြင်းငှာ မသင့်သေး။ သားတော် ရာဟုလာကို ဘုရားထံမှ တောင်း၍ ထီးဆောင်း ဘိသိက်ခံ စေအံ့ဟု အကြံ ဖြစ်လျက် မြတ်စွာဘုရားရှိရာ ဝေဠုဝန်ကျောင်းတော်သို့ သွားရောက်၍ အကျိုးအကြောင်း လျှောက်ထားလေ သည်။ ထိုအခါ မြတ်စွာဘုရားသည် သံသရာ၏ ထိတ်လန့်ကြောက်ရွံ့ဖွယ် အချင်းအရာကိုပြလျက် အခြား ဆွေတော်မျိုးတော်တို့နည်းတူ ရဟန်းပြုရန် ဟောပြောတိုက်တွန်းတော်မူသည်။ ယင်းသို့ ဘုရားသခင် ဟောတော်မူသော တရားတော်ကို နာကြားရသဖြင့် ယသောဓရာသည် လေးပါးသောသစ္စာကို မြင်၍ ဘုရားသခင်အား ညွတ်တွားပူဇော်ခဲ့ပြီးသော် ကျောင်းတော်မှဆင်းခဲ့၍ အခြံအရံဖြစ်သော မောင်းမတို့နှင့်တကွ ဇနပဒကလျာဏီထေရီ၏အထံ၌ ရဟန်းပြု လေ၏။ ရဟန်းဖြစ်သောအခါမှစ၍ မကြာမီအတွင်း၌ပင် ပဋိသမ္ဘိဒါ လေးပါး၊ အဘိညဉ်ခြောက်ပါး၊ သမာပတ် ရှစ်ပါး တရားအထူးတို့နှင့်တကွ အရဟတ္ထဖိုလ်သို့ ရောက်၏။ ထိုအခါ သာသနာ၌ ဘဒ္ဒကစ္စနာထေရီဟု ထင်ရှားစွာ ဖြစ်သည်။ ထိုဘဒ္ဒကစ္စနာသည် ပုဗ္ဗေနိဝါသ ဉာဏ်အရာတွင် တစ်ပါးသော ရဟန္တာမိန်းမတို့ထက် ကဲလွန်စွာ မြင်နိုင်၏။ ပဋိလောမ အားဖြင့် ပြန်၍ ရေသော် တစ်သင်္ချေ၊ နှစ်သင်္ချေ၊ လေးသင်္ချေ၊ တစ်ဆယ့်ခြောက်သင်္ချေသော ကာလ၌ ဖြစ်ဖြစ်သမျှသော ဘဝ တစ်ခုကိုလည်း တစ်ခုသော အာဝဇ္ဇာန်းရှိသည့် ဝီထိစိတ် အစဉ်ဖြင့် တပြိုင်နက် မြင်နိုင်၏။ ထိုကြောင့် ဘဒ္ဒကစ္စနာ ခေါ် ယသောဓရာကို သာဝတ္ထိပြည်သို့ရောက်သောအခါ မဟာဘိညာ ဧတဒဂ်အရာ၌ ထားတော် မူလေသည်။[၁]
Remove ads
ရုပ်ပုံများ
- သိဒ္ဓတ္ထမင်းသားနှင့် ယသောဓရာမင်းသမီး 1st–2nd century CE, Gandharan style. Lahore Museum.
- သိဒ္ဓတ္ထမင်းသားနှင့် ယသောဓရာမင်းသမီးလက်ချင်းကိုင်ထားပုံ Loriyan Tangai.
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads