ရွှေဥဒေါင်း
မြန်မာစာရေးဆရာ From Wikipedia, the free encyclopedia
Remove ads
ရွှေဥဒေါင်း (၁၈၈၉- ၁၉၇၃) သည် မြန်မာနိုင်ငံသား စာရေးဆရာ ဖြစ်ပြီး ကျောင်းဆရာ၊ သစ်တောစာရေး၊ တောလိုက်စာရေး၊ မဂ္ဂဇင်းအယ်ဒီတာ၊ သတင်းစာအယ်ဒီတာချုပ်အဖြစ် ကျင်လည်ခဲ့သည်။ ပင်ကိုရေး၊ အမှီးနှင့် ဘာသာပြန်ဝတ္ထုတိုရှည်များ၊ ဗုဒ္ဓဝါဒ၊ တွေးခေါ်မြော်မြင်ရေး၊ အတ္ထုပ္ပတ္တိစာအုပ်များ ရေးသားခဲ့သည်။ အထူးသဖြင့် စုံထောင်မောင်စံရှား အမှီးဝတ္ထုများ၊ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ၊ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ကျင့်စဉ် စာအုပ်များမှာ ထင်ရှားသည်။ မြန်မာစာပေနယ်တွင် အမှီးဝတ္ထုပုံစံကို ထူးချွန်ပြောင်မြောက်စွာ တိုးချဲ့ဆန်းသစ်ခဲ့သည်။ ရရှိခဲ့သည့် စာပေဗိမာန်ဆုများမှာ မျှော်တလင့်လင့်ဖြင့် ၁၉၅၂ ခု ဘာသာပြန်ဆု၊ သွေးစုပ်မြေဖြင့် ၁၉၅၅ခု ဘာသာပြန်ဆု၊ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များဖြင့် ၁၉၆၁ ခုနစ်တွင် သုတပဒေသာဆုများ ရရှိခဲ့သည်။[၁]
Remove ads
ငယ်ဘဝ
ဆရာကြီး ရွှေဥဒေါင်းသည် ၁၂၅၁ ခု၊ တန်ဆောင်မုန်းလဆန်း ၂ ရက် (ခရစ်သက္ကရာဇ် ၁၈၈၉ ခု၊ အောက်တိုဘာ ၂၄ ရက်) ကြာသပတေးနေ့တွင် ဖွားမြင်သူ ဖြစ်သည်။ မန္တလေးမြို့ ဧချိုင့် (ဝါးတန်း) ရပ်ကွက်တွင် ဖွားမြင်၍ မိဘနှစ်ပါးမှာ ဦးဧရာနှင့် ဒေါ်ရွှေတို့ဖြစ်သည်။ ဆရာကြီး၏ အမည်ရင်းမှာ ဦးဖေသိန်း ဖြစ်သည်။[၂]
ဖခင် ဦးဧရာသည် သီပေါမင်းလက်ထက်တွင် လွှတ်တော်စာရေးအဖြစ် အမှုထမ်းခဲ့ဖူးသည်။ ကိုလိုနီခေတ်တွင် ဖိနပ်ထောင်ဆရာအဖြစ် အသက်မွေးဝမ်းကျောင်း ပြုသည်။ မိခင် ဒေါ်ရွှေသည်လည်း သီပေါမင်း လက်ထက်တွင် စာတော်ဖတ်အဖြစ် အမှုထမ်းခဲ့ဖူး၍ တနင်္ကသီ ရွာစားဘွဲ့ပင် ရခဲ့ဖူးသည်။ သီပေါမင်း ပါတော်မူပြီးနောက် ဦးဧရာနှင့် ဒေါ်ရွှေတို့ ဖူးစာဆုံပြီး ဆရာကြီးကို ဖွားမြင်ခြင်း ဖြစ်သည်။
Remove ads
ပညာရေး
ဆရာကြီးသည် မန္တလေးမြို့ ဗုဒ္ဓဘာသာသီလရှင်ကျောင်းတွင် စတင်ပညာသင်ကြားသည်။ ထို့နောက် လူကျောင်း၊ မန္တလေးမြို့ ဒက္ခိဏဝံတိုက် ဘုန်းကြီးကျောင်း၊ အေဘီအမ်ကျောင်းတို့သို့ အဆင့်ဆင့် ပြောင်းရွှေ့ ပညာသင်သည်။ ခရစ်သက္ကရာဇ် ၁၉ဝ၈ ခုတွင် ကာလကတ္တား တက္ကသိုလ် အသိအမှတ်ပြု တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို အောင်မြင်သည်။ ထို့နောက် မန္တလေး ဗုဒ္ဓဘာသာကျောင်းနှင့် အေဘီအမ်ကျောင်းတို့တွင် ကျောင်းဆရာ လုပ်သည်။ ထို့နောက် ရွှေဘိုအရေးပိုင်ရုံး၊ သစ်တောရုံး တို့၌ စာရေးလုပ်သည်။ ထို့နောက် မန္တလေးမြို့ လယ်ယာစိုက်ပျိုးခြင်းနှင့် သမဝါယမမင်းကြီးရုံး၌ တောလိုက်စာရေး ဝင်လုပ်ပြန်သည်။ တောလိုက်စာရေးဘဝ အသက် ၂၁ နှစ်တွင် ပထမအကြိမ် အိမ်ထောင်ကျသည်။ ၃ နှစ်ခန့် ပေါင်းသင်းပြီးနောက် အိမ်ထောင်နှင့်ကွဲသည်။ ၁၉၁၄ ခုနှစ်တွင် အလုပ်မှနုတ်ထွက်ပြီးနောက် ဒုတိယအိမ်ထောင်နှင့် ဖူးစာဆုံသည်။ ၁၉၂ဝ ပြည့်နှစ်တွင် ဒုတိယ အိမ်ထောင်နှင့် ကွဲပြန်သည်။ ထို့နောက် ကသာခရိုင် မြတောင်ရွာရှိ မိတ်ဆွေတဦးထံ အလည်အပတ်သွားရောက်ရာမှ မြတောင်သူ ဒေါ်စိုးနှင့် တွေ့ကာ တတိယအကြိမ် အိမ်ထောင် ကျသည်။ ဆရာကြီးမှာ ဒေါ်စိုးနှင့်ကျမှ အိမ်ထောင်ရေးဘဝ စွဲမြဲတည်ငြိမ် သွားလေတော့သည်။
ဆရာကြီးသည် အေဘီအမ်ကျောင်းတွင် ပညာဆည်းပူးနေစဉ် ၈ တန်းတွင် စာဖတ်ဝါသနာ မျိုးစေ့ကိုရခဲ့ပြီး ကမ္ဘာ့ဂန္ထဝင်မြောက် အင်္ဂလိပ်ဝတ္ထုကြီးများကို ဖတ်ရှုနိုင်သည့် အခြေသို့ရောက်ခဲ့သည်။ စွဲစွဲမြဲမြဲလည်း ဖတ်ရှု ခဲ့သည်။ စာဖတ်သက် ရင့်ကျက်လာသည်နှင့်အမျှ ဘဝအတွေ့အကြုံလည်း များလာပြီ ဖြစ်သော ဆရာကြီးသည် ဝတ္ထုရေးလိုစိတ် ထက်သန်လာသည့် အလျောက် ၁၉၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ညတွင် ‘ရန်ကြီးအောင်’ ဝတ္ထုကို စတင်ရေးသားသည်။ ရန်ကြီးအောင်မှာ ကိုယ်ပိုင်ဉာဏ်ဖြင့် ရေးသောဝတ္ထု ဖြစ်သည်။ သို့သော် ဇာတ်လိုက် မနှင်းမြိုင်အား ကာလသား ၄ ယောက် အလောင်းအစားပြုကာ လူပျိုလှည့်သည့် အခန်းကိုမူ ရေးနိုး (Raynolds)၏ ‘လန်ဒန်မြို့ အရှုပ်တော်ပုံ’ (The Mysteries of London) ဝတ္ထုမှ ယူခြင်း ဖြစ်သည်။ ရန်ကြီးအောင်ဝတ္ထုကို သူရိယသတင်းစာတိုက်က ပုံနှိပ်ထုတ်ဝေရန် ရွေးချယ်ပြီး ဉာဏ်ပူဇော်ခ ငွေတရာပေးသည်။ ဤသို့ဖြင့် ဆရာကြီးသည် စာရေးဆရာ ဖြစ်လာတော့သည်။ ထို့နောက် သူရိယဦးဘဘေ၏ တိုက်တွန်းချက်အရ မစ္စက် ဟင်နရီဝု (Mrs. Henry Wood) ၏ ‘အိစလင်း’ (East Lynne) ဝတ္ထုကို မှီငြမ်းပြုကာ ‘ရတနာပုံ’ ဝတ္ထုကို ရေးသားသည်။ ထိုဝတ္ထု နှစ်ပုဒ်ကို အကြောင်းပြု၍ ဆရာကြီးကို သူရိယမဂ္ဂဇင်းတွင် အယ်ဒီတာခန့်လိုက်သည့်အတွက် စာပေလောကထဲသို့ ဝင်ရောက်ကျင်လည် ရတော့သည်။ ဆရာကြီးကို စာပေလောကထဲသို့ ပို့ဆောင်ပေးခဲ့သော ‘သူရိယ’ (နေ) ၏ အထိမ်းအမှတ်ဖြစ်သော ‘ဒေါင်း’ ကို အစွဲပြု၍ ‘ရွှေဥဒေါင်း’ ဟူသော ကလောင်အမည်ကို ခံယူသည်။
Remove ads
အလုပ်အကိုင်
ဆရာကြီးသည် သူရိယမဂ္ဂဇင်းတွင် အယ်ဒီတာလုပ်နေစဉ် မြန်မာဂျာနယ်သမိုင်းတွင် ပထမဆုံးဂျာနယ် ဖြစ်သော ‘မြန်မာ့ဗျူဟာဂျာနယ်’ ကို မိတ်ဆွေတဦးနှင့်ပေါင်း၍ ထုတ်ဝေခဲ့သေးသည်။
၁၉၂ဝ ပြည့်နှစ်တွင် ဆရာကြီးသည် သူရိယနှင့် မသင့်မတင့်ဖြစ်ကာ အလုပ်မှ နုတ်ပယ်ခံရသည်။ ဒေါ်စိုးနှင့် ဖူးစာဆုံပြီးနောက် ထီးချိုင့်မြို့နယ်၊ ကမ်းနီရွာ တွင် အင်္ဂလိပ်ကျောင်းဆရာအလုပ်ကို ၂ နှစ်မျှ လုပ်သေးသည်။ တရားအားထုတ်ရင်း အသက် ၃၆ နှစ်တွင် ရဟန်းဘောင်သို့ ဝင်သည်။ ရဟန်းအဖြစ် အရိုးထုတ်ရန် ကြံရွယ်သော်လည်း ငှက်ဖျားမိကာ အသည်းအသန် နာမကျန်း ဖြစ်သည့်အတွက် လူဝတ်လဲရသည်။
ဆရာကြီးသည် စာရေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုရင်း လခစားအလုပ်ကို ကြိုကြားကြိုကြား လုပ်ခဲ့သည်။ ၁၉၂၆ ခုတွင် နယူးဘားမားသတင်းစာတိုက်တွင် စက္ကရီထေရီအဖြစ် ခေတ္တဆောင်ရွက်သည်။ ၁၉၃ဝ ပြည့်နှစ်တွင် ပဲခူးမြို့ ခရစ်ယာန်စာပေအသင်း၌ ဘာသာပြန်ဆရာအဖြစ် ၃ နှစ်မျှ ဝင်လုပ်ကာ စာအုပ်ပေါင်း ၂ဝ ကျော်ခန့် ဘာသာပြန်ပေးခဲ့သည်။ ၁၉၃၆ ခုတွင် သူရိယက ပြန်ခေါ်ပြီး ဆရာကြီးကို သူရိယသတင်းစာတွင် အယ်ဒီတာခန့်သည်။
ဒုတိယ ကမ္ဘာစစ်အတွင်းတွင် ဆရာကြီးသည် ဆင်းရဲပင်ပန်းစွာ လှုပ်ရှားရုန်းကန်ရသည်။ စစ်ပြီးခေတ်တွင် ဆရာကြီး၏ဘဝသည် အထူးပြောင်းလဲခဲ့သည်။ ဆရာကြီးသည် ဗုဒ္ဓ၏ စိတ္တာဝိပဿနာကို ကျနစွာ ကျင့်သုံးသည်။ လက်ဝဲစာပေ အမြောက်အမြားကိုလည်း ဖတ်ရှုသည်။ မန္တလေးရှိ လူထုသတင်းစာတိုက်တွင် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်စဉ် ၅ လ နီးပါးခန့် ဖဆပလအစိုးရ၏ အကျဉ်းချခြင်းကို ခံရသည်။ ၁၉၆၂ ခုနှစ် နောက်ပိုင်း တော်လှန်ရေးအစိုးရလက်ထက်တွင် ဆရာကြီးသည် ‘လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ’ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ပြီးနောက် ၁၉၆၈ ခုတွင် အငြိမ်းစားယူသည်။
ဆရာကြီးသည် အနောက်တိုင်းဝတ္ထုများကို ဆီလျော်အောင် မှီငြမ်း ပြုခြင်းဖြင့်လည်းကောင်း၊ တိုက်ရိုက် ဘာသာပြန်ခြင်းဖြင့် လည်းကောင်း မြန်မာစာပေ နယ်ပယ်ထဲသို့ ပို့ဆောင်ပေးသူ ဖြစ်သည်။ ရိုက်ဒါဟက်ဂတ် (Rider Haggard) ၏ ရှီ (She) ကို မှီငြမ်း ပြုသော ရူပနန္ဒီဝတ္ထု၊ ကိုနင်ဒွိုင်း (Conan Doyle) ၏ ရှားလော့ဟုမ်း (Sherlock Holmes) ကို မှီငြမ်း ပြုသော စုံထောက်မောင်စံရှားဝတ္ထုတို့သည် အထူး ထင်ရှားပြီး မှီငြမ်းပြုပုံ မြန်မာဆန်သည့်အတွက် အများနှစ်သက်ကြသည်။ အချို့ဆိုလျှင် မှီငြမ်းပြုမှန်းပင် မသိကြပေ။ ‘ဝင်္ကန္တ၊ ရတနာပူရ၊ ခင်စက်မေ၊ ပြည်ပေါက္ကံ၊ ဂျမဒါကိုကိုကြီး၊ ရူပကလျာဏီ၊ ပထမံဆရာသိန်း၊ ဇော်ဟိတ်’ စသည်တို့မှာ ဆရာကြီး၏ ထင်ရှားသော မှီငြမ်းပြု ဝတ္ထုများ ဖြစ်သည်။ ‘ရတနာသိုက်၊ ဗတ်စကာဗျီခွေးကြီး၊ သူရဲကောင်းသုံးယောက်၊ အန္နာကရီနီနာ၊ မျှော်တလင့်လင့်၊ ကိုယ်ရံတော်၊ စိတ်ထားဝတိံ၊ သွေးစုပ်မြေ’ စသည်တို့မှာ ဆရာကြီး၏ ထင်ရှားသော တိုက်ရိုက်ဘာသာပြန်ဝတ္ထုများ ဖြစ်သည်။ ‘မြတ်သက်မော်’ နှင့် ‘ဆုကြီးပန်’ တို့မှာမူ ဆရာကြီး၏ ပင်ကိုရေးဝတ္ထုများ ဖြစ်သည်။ ဆရာကြီးသည် ဝတ္ထုရှည် ၅ဝ ကျော်၊ ဝတ္ထုတို ၃ဝဝ ကျော်ကို မှီငြမ်းပြု၍လည်းကောင်း၊ တိုက်ရိုက် မြန်မာပြန်၍လည်းကောင်း ရေးသားခဲ့ကြောင်း သိရသည်။ ‘အာဟာရဖြင့်ကျန်းမာနည်း’၊ ‘အကြံဉာဏ်ဖြင့် ကြီးပွားရေး’ တို့ကိုလည်း မြန်မာ ပြန်ခဲ့သည်။ ‘ကိုယ်တွေ့တရုတ်ပြည်သစ်’ အမည်ဖြင့် ခရီးသွားမှတ်တမ်း၊ ‘တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ’ အမည်ဖြင့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တို့ကို ရေးသားခဲ့သည်။ သတင်းစာခေါင်းကြီးများ၊ ဆွေးနွေးခန်းဆောင်းပါးများ၊ ဒိဋ္ဌေဒိဋ္ဌမတ္တံ အပါအဝင် လောကုတ္တရာဆောင်းပါးများ၊ စာပေ၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ အထွေထွေဆောင်းပါးများကိုလည်း ရေးသားခဲ့သည်။
ဆရာကြီးသည် ချားလ်ဒစ်ကင်း (Charles Dicken) ၏ Great Expectation ကို မြန်မာပြန်သော မျှော်တလင့်လင့်ဝတ္ထုဖြင့် ၁၉၅၂ ခုနှစ်တွင် စာပေဗိမာန်ဘာသာပြန်ဆုကိုလည်းကောင်း၊ အပ္ပတန် ဆင်ကလဲယား (Upton Sinclair) ၏ The Jungle ဝတ္ထုကို မြန်မာပြန်သော သွေးစုပ်မြေဝတ္ထုဖြင့် ၁၉၅၅ ခုနှစ်တွင် စာပေဗိမာန်ဘာသာပြန်ဆုကို လည်းကောင်း၊ တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်ဖြင့် ၁၉၆၁ ခုနှစ်တွင် စာပေဗိမာန် သုတပဒေသာဆုကိုလည်းကောင်း ရရှိခဲ့သည်။ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) ကိုယ်စားလှယ်အဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဆိုဗီယက်ဆိုရှယ်လစ် ပြည်ထောင်စု သမ္မတနိုင်ငံတို့သို့ သွားရောက်ခဲ့ဖူးသည်။ (လုပ်သားသတင်းစာအယ်ဒီတာကို ဗန်းမော်တင်အောင်နှင့် ဗိုလ်သခင်ဆရာ တားသည့်ကြားလုပ်ခဲ့`ဗိုလ်သ္ခင်ဆရာ31st Jan2009။ `ဆရာကြီးကဒါမျိုးလုပ်ချင်တာတဲ့´ဆရာသော်တာဆွေ)
Remove ads
ဘဝနိဂုံး
ဆရာကြီးသည် ၁၃၃၅ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် (ခရစ်သက္ကရာဇ် ၁၉၇၃ ခု၊ ဩဂုတ်လ ၁ဝ ရက်) သောကြာနေ့တွင် ကွယ်လွန် အနိစ္စ ရောက်သည်။ ။ [၃] [၄] [၅] [၆] [၇]
ရွှေဥဒေါင်း ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ စာရင်း
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads