သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
From Wikipedia, the free encyclopedia
Remove ads
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း[၁]သည် ပြန်ကြားရေးဝန်ကြီးဌာန အောက်ရှိ လုပ်ငန်းတစ်ခုဖြစ်သည်။
ဤဆောင်းပါး သည် ပင်မရင်းမြစ်များပေါ်တွင် အများဆုံးမှီခို ကိုးကားထားသည်။ |
သမိုင်းကြောင်း
ပြန်ကြားရေးဝန်ကြီးဌာနသည် ၁၉၆၅ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သော ပြည်သူပိုင်သတင်းစာ တိုက်များ ကြီးကြပ်ရေးအဖွဲ့ကို ၁၉၇၂ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် "သတင်းနှင့်စာနယ်ဇင်း ကော်ပိုရေးရှင်း" အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၁၉၉၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ သတင်းနှင့်စာနယ်ဇင်းကော်ပိုရေးရှင်းကို နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းအဖြစ်ပြောင်းလဲ၍ "သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း" ဟု ပြင်ဆင် ဖွဲ့စည်းခဲ့သည်။
တင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ ရည်မှန်းချက် (Mission) မှာ "ပြည်သူကိုဗဟိုပြု၍ သတင်းအချက်အလက်ဝန်ဆောင်မှုပေးနိုင်သော လုပ်ငန်း အဖွဲ့အစည်းအဖြစ် ရပ်တည်ဆောင်ရွက်နိုင်ရန်" ဖြစ်သည်။
Remove ads
သတင်းစာထုတ်ဝေမှုများ
မြန်မာ့အလင်းသတင်းစာ
၁၉၁၄ ခုနှစ် မတ်လတွင် စတင်ထုတ်ဝေခဲ့သည်။ ၂၀၁၃ ခုနှစ် မေလ ၂၄ ရက်နေ့တွင် စာမျက်နှာ (၂၀)မှ စာမျက်နှာ (၂၄)သို့လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှစ၍ စာမျက်နှာ (၃၂)သို့ လည်းကောင်း စာမျက်နှာများ တိုးမြှင့်ထုတ်ဝေခဲ့သည်။ ရောင်စုံ ၁၆ မျက်နှာကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်မှလည်းကောင်း၊ ရောင်စုံ (၃၂)မျက်နှာကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှ လည်းကောင်း ပြောင်းလဲထုတ်ဝေခဲ့ခြင်းဖြစ်သည်။ လူမှုစီးပွား အားကစားအချပ်ပိုအား အပတ်စဉ် သောကြာနေ့တိုင်း ရောင်စုံ(၈)မျက်နှာဖြင့်လည်းကောင်း၊ Today Yangon အချပ်ပိုအား အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ရောင်စုံ(၄)မျက်နှာဖြင့်လည်းကောင်း၊ မန္တလေးစာမျက်နှာအား အပတ်စဉ်ဗုဒ္ဓဟူးနေ့နှင့် စနေနေ့တိုင်း ရောင်စုံ(၄)မျက်နှာဖြင့်လည်းကောင်း၊ ရခိုင်ရွှေမြေ အချပ်ပိုအား အပတ်စဉ်ကြာသပတေးနေ့တိုင်း ရောင်စုံ (၄)မျက်နှာဖြင့် လည်းကောင်း၊ မွန်ပြည်နယ်အတွင်း ဖြန့်ချိလျက်ရှိသည့် မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာ များတွင် ဟင်္သာမီဒီယာ အချပ်ပို အား (၉-၈-၂၀၁၈) ရက်နေ့မှစ၍ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
ကြေးမုံသတင်းစာ
၁၉၅၇ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှစ၍ ထုတ်ဝေခဲ့ရာမှ ၁၉၈၈ ခုနှစ်တွင် ခေတ္တရပ်ဆိုင်းခဲ့ပြီး ၁၉၉၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်မှစ၍ ပြန်လည်ထုတ်ဝေခဲ့သည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်တွင် စာမျက်နှာ (၂၀) မှ စာမျက်နှာ (၂၄)သို့ လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မှစ၍ စာမျက်နှာ (၃၂)မျက်နှာကိုလည်းကောင်း စာမျက်နှာများ တိုးမြှင့်ထုတ်ဝေခဲ့သည်။ ၂၀၁၂ ဒီဇင် ဘာလ ၅ ရက်နေ့မှစ၍ ရောင်စုံ (၁၆)မျက်နှာဖြင့်ပြောင်းလဲထုတ်ဝေခဲ့ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက် နေ့မှစ၍ ရောင်စုံ(၃၂) မျက်နှာ ဖြင့် ပြောင်းလဲ တိုးမြှင့် ထုတ်ဝေလျက်ရှိပြီး တိုင်းရင်းသားရေးရာကဏ္ဍအချပ်ပိုအား အပတ်စဉ် စနေနေ့တိုင်း ရောင်စုံ(၄)မျက်နှာဖြင့်လည်းကောင်း၊ မျိုးဆက်သစ်ရင်ပြင်ကဏ္ဍအချပ်ပိုအား အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ရောင်စုံ(၄) မျက်နှာဖြင့်လည်းကောင်း ထုတ်ဝေလျက်ရှိသည်။
The Global New Light of Myanmar သတင်းစာ
၁၉၆၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် The Working People's Daily သတင်းစာ အမည် စာမျက်နှာ (၈)မျက်နှာဖြင့် စတင်ထုတ်ဝေခဲ့ပြီး ၁၉၉၃ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှစတင်ပြီး The New Light of Myanmar အမည်ဖြင့်ပြောင်းလဲထုတ်ဝေခဲ့သည်။ ၂၀ဝ၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ (၁၆)မျက်နှာအဖြစ် တိုးမြှင့်ထုတ်ဝေခဲ့သည်။ ၂၀၁၄ ခုနှစ် အောက်တိုဘာ လ ၁ ရက်မှ စတင်ပြီး Joint Venture အဖြစ် အကျိုးတူပူးပေါင်းလုပ်ဆောင်ပြီး The Global New Light of Myanmar အမည်ဖြင့်(၁၆)မျက်နှာ ရောင်စုံသတင်းစာများ ထုတ်ဝေလျက် ရှိသည်။
Remove ads
သတင်းစာတိုက်များ
နေပြည်တော်သတင်းစာတိုက်
နေပြည်တော်သတင်းစာတိုက်ကို ၂၀ဝ၆ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စတင်ဖွင့်လှစ် ခဲ့ပြီး နေ့စဉ်ထုတ်သတင်းစာ (၃)စောင်အား ပုံနှိပ်၍ ဝန်ကြီးဌာနများအပါအဝင် နေပြည်တော်နှင့်အနီးတစ်ဝိုက်ရှိ မြို့နယ်များအထိ ဖြန့်ချိပေးနေသည်။
ကိုယ်ပွားသတင်းစာတိုက်များဖွင့်လှစ်ခြင်း
ကိုယ်ပွားသတင်းစာတိုက်များကို ၂၀ဝ၁ ခုနှစ်တွင် မန္တလေး၊ တောင်ကြီးနှင့်မကွေးမြို့များ တွင်လည်းကောင်း၊ ၂၀ဝ၂ ခုနှစ်တွင် ကျိုင်းတုံနှင့် ကလေးမြို့များတွင်လည်းကောင်း၊ ၂၀ဝ၃ ခုနှစ်တွင် မြစ်ကြီးနားနှင့်စစ်တွေမြို့များတွင်လည်းကောင်း၊ ၂၀ဝ၄ ခုနှစ်တွင် လားရှိုးမြို့၊ ၂၀ဝ၈ ခုနှစ်တွင် မြိတ်မြို့နှင့် ၂၀၁၄ ခုနှစ်တွင် မော်လမြိုင်မြို့တွင်လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဩဂုတ်လ ၄ ရက် နေ့တွင် မုံရွာမြို့တွင်လည်းကောင်း စုစုပေါင်း ကိုယ်ပွားသတင်းစာတိုက် (၁၁) တိုက် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။
မြန်မာ့သတင်းစဉ်(ပြည်တွင်း)
မြန်မာ့သတင်းစဉ်(ပြည်တွင်း)သည် ၁၉၆၂ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ပြန်ကြားရေး ညွှန်ကြားရေးဝန်ရုံးမှ သတင်းဌာနစိတ်ဝန်ထမ်းများကို အခြေပြုပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးဝန်ရုံးမှ စစ်ဘက်နယ်ဘက်ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဌာနမှ ဝန်ထမ်းများကို ပေါင်းစည်းကာ "တော်လှန်ရေးကောင်စီသတင်းစဉ်" အမည်ဖြင့် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံ အဆောက်အအုံ၌ စတင်ခဲ့သည်။
၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် မြန်မာ့သတင်းစဉ်အမည်ဖြင့် ပြည်တွင်း၊ နိုင်ငံခြား နှစ်ဌာနဖွဲ့စည်းပြီး ရန်ကုန်မြို့ ဘောင်ဒရီလမ်း၊ အမှတ် ၂၅၃ (ဗမာ့ခေတ်သတင်းစာတိုက်)သို့ ပြောင်းရွှေ့ဖွဲ့စည်းခဲ့သည်။ ၁၉၆၄ ခုနှစ် နှစ်ဦးတွင် ၂၁၂၊ သိမ်ဖြူလမ်း၊ ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေးလုပ်ငန်း အဆောက်အအုံသို့ပြောင်းရွှေ့ခဲ့သည်။ ၁၉၇၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ တွင်လက်ရှိ အဆောက်အအုံသို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၇၂ ခုနှစ်၊ မတ်လ ၁၆ ရက်မှစ၍ သတင်းနှင့်စာနယ်ဇင်းကော်ပိုရေးရှင်း(ယခုသတင်းနှင့် စာနယ်ဇင်း လုပ်ငန်း) လက်အောက်ခံအဖွဲ့အစည်းအဖြစ် သတင်းရယူရေးနှင့်ထုတ်ပြန်ရေးလုပ်ငန်းများကို ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီခေတ်အထိ ခေတ်အဆက်ဆက်ဆောင်ရွက်ခဲ့သည်။
၂၀၀၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့မှစတင်၍ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း(ရုံးချုပ်)တွင် မြန်မာ့သတင်းစဉ်(ပြည်တွင်း) သတင်းဌာနခွဲအဖြစ်ပြောင်းရွှေ့၍ သတင်းထုတ်ပြန်ရေးတာဝန်များကို ဆောင်ရွက်လျက်ရှိသည်။
မြန်မာ့သတင်းစဉ်(နိုင်ငံခြား)
မြန်မာ့သတင်းစဉ်(နိုင်ငံခြား)ကို စတင်တည်ထောင်ချိန်တွင် ပြန်ကြားရေးဌာန ညွှန်ကြားရေးဝန်၏ စီမံအုပ်ချုပ်မှုဖြင့် နိုင်ငံခြားသတင်းဌာနများဖြစ်သည့် တန်ယွတ်၊ ပီတီအိုင်၊ ရိုက်တာ၊ ယွန်ဟပ်၊ ဆင်ဟွာ စသည့် သတင်းဌာန ၁၆ ခုတို့မှပေးပို့သော သတင်းများကို Teleprinter စနစ်ဖြင့် ဖမ်းယူထုတ်ဝေခဲ့သည်။ ၂၀၀၄ ခုနှစ်ဦးပိုင်းတွင် Teleprinter များသည် လုပ်ငန်းခွင်၌ အခက်အခဲဖြစ်ပေါ်၍ ရုပ်သိမ်းခဲ့သည်။ သို့ပါ၍ ၂၀၀၄ ခုနှစ်တွင် ဆင်ဟွာသတင်းဌာနက တာဝန်ယူ၍ ဂြိုဟ်တုစလောင်းများတပ်ဆင်ပေးခဲ့ရာ Computer စနစ်သို့ ပြောင်းလဲ ထုတ်ဝေခဲ့သည်။
မြန်မာ့သတင်းစဉ်(နိုင်ငံခြား) သတင်းအဖွဲ့သည်လည်း ရန်ကုန်မှ နေပြည်တော်ကောင်စီ နယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ နေပြည်တော်သတင်းစာတိုက်သို့ ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာ(၁၁)ရက် နေ့မှစတင်၍ ဌာနတစ်ခုလုံးပြောင်းရွှေ့လာပြီး နိုင်ငံခြားသတင်းများကို ဖမ်းယူရိုက်နှိပ်၍ သတင်းလွှာထုတ်ဝေဖြန့်ချိသည့်လုပ်ငန်းများကို ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြပြီး အင်တာနက်ခေတ်ထွန်းကားလာသည်နှင့်အညီ online မှ နိုင်ငံခြားသတင်းများကို ဖမ်းယူကြည့်ရှုနိုင်ပြီးဖြစ်သည့်အတွက် သတင်းလွှာထုတ်ဝေဖြန့်ချိသည့်လုပ်ငန်းများကို ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်ရပ်နားခဲ့သည်။ သို့ရာတွင် Reuters, Xinhua, NHK, PTI, KPL, AFP သတင်းဌာနများမှ နိုင်ငံခြားသတင်းများကို ဂြိုဟ်တုစလောင်းနှင့်အင်တာနက်တို့မှဖမ်းယူ၍ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ပြန်ဆိုပြီး ပြည်သူ့ရှေ့မှောက်သို့ ချပြသည့်လုပ်ငန်းများကိုမူ ယနေ့အထိ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။
မြန်မာ့သတင်းစဉ်(ပြည်တွင်း)သည် နေ့စဉ်သတင်းလွှာ(တစ်စောင်)ကို ည ၈ နာရီတွင် ဖြန့်ဝေခဲ့ပြီး မြန်မာ့သတင်းစဉ်(နိုင်ငံခြား)သည် နေ့စဉ်တစ်နေ့သုံးကြိမ် သတင်းလွှာ(သုံးစောင်) ကို ထုတ်ဝေပြီး တနင်္ဂနွေနေ့တွင်တစ်ကြိမ်သာထုတ်ဝေသည်။ တစ်ကြိမ်ထုတ်စောင်ရေမှာ ပျမ်းမျှ ၂၀၀ ခန့်ရှိသည်။ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် ပြောင်းလဲလာသည့်ခေတ်ကာလအရ သတင်းလွှာထုတ်ဝေခြင်းကို ရပ်ဆိုင်းခဲ့သည်။
Myanmar Digital News
သတင်းနှင့်စာနယ်ဇင်လုပ်ငန်းမှ နေ့စဉ်ပုံနှိပ်ထုတ်ဝေလျက်ရှိသည့်နေ့စဉ်ထုတ်သတင်းစာများကို Digital Newspaper အဖြစ် တိုးမြှင့်ထုတ်လွှင့်ရန်အတွက် Megalink Advance Technologies Co.,Ltd နှင့်အကျိုးတူပူးပေါင်း၍ (Partnership) ပုံစံဖြင့် (၇-၃-၂၀၁၈) ရက် နေ့တွင် စာချုပ်ချုပ် ဆိုပြီးဆောင်ရွက်ခဲ့သည်။
Mobile Application နှင့်မြန်မာ/အင်္ဂလိပ် နှစ်ဘာသာဖြင့်ဖတ်ရှုနိုင်အောင် News Portal တစ်ခုကို ဆောင်ရွက်ခဲ့ရာ ၁၅-၁၂-၂၀၁၇ ရက်နေ့တွင် မြန်မာဘာသာပိုင်းကို လည်းကောင်း၊ ၂၉-၁၂-၂၀၁၇ ရက်နေ့တွင် အင်္ဂလိပ်ဘာသာပိုင်းကိုလည်းကောင်း စမ်းသပ်ထုတ်လွှင့်ခဲ့ပြီး ၁၁-၁-၂၀၁၈ ရက်နေ့တွင် Myanmar Digital News အမည်ဖြင့်စတင်မိတ်ဆက်ထုတ်လွှင့်ခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads