သံဃဘေဒသိက္ခာပုဒ်
From Wikipedia, the free encyclopedia
Remove ads
သံဃဘေဒသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သံဃဒိသိသ်အာပတ်တစ်ခု ဖြစ်၏။ [၁]
သမိုင်း
မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့၊ ဝေဠုဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူနေခိုက် ဖြစ်၏။ အသျှင်ဒေဝဒတ်သည် ကောကလိက၊ ခဏ္ဍာမိဖုရား၏သား ကဋမောဒကတိဿက၊ သမုဒ္ဒတ္တတို့ထံ ချဉ်းကပ်၍ မြတ်စွာဘုရား၏ သံဃာကွဲပြားအောင်လုပ်ဆောင်ရန် တိုက်တွန်းပြောဆို၏။ လူတို့သည် ခေါင်းပါးမှုကို ကြည်ညိုကြ၏။
အသျှင်ဒေဝဒတ်သည် နောက်ပါပရိသတ်နှင့်အတူ မြတ်စွာဘုရားထံတွင် “ရဟန်းတို့သည် (၁) အသက်ထက်ဆုံး တောကျောင်းနေရဟန်း ဖြစ်ပါစေကုန်။ အကြင်ရဟန်းသည် ရွာကျောင်းသို့ သက်ရောက်ငြားအံ့ ထိုရဟန်းအား အပြစ်ရောက်ပါစေ။ (၂) အသက်ထက်ဆုံး ပိဏ္ဍပါတ်ဓူတင်ဆောင် ဖြစ်ပါစေကုန်။ အကြင်ရဟန်းသည် နိမန္တနဘတ် (ပင့်ဖိတ်၍ ကျွေးသော ဆွမ်းကို စားခြင်း) ကို လက်ခံငြားအံ့ ထိုရဟန်းအား အပြစ်ရောက်ပါစေ။ (၃) အသက်ထက်ဆုံး ပံသုကူဓုတင်ဆောင် ဖြစ်ပါစေကုန်။ အကြင်ရဟန်းသည် လူဒါယကာတို့ လှူသော သင်္ကန်းကို လက်ခံငြားအံ့ ထိုရဟန်းအား အပြစ်ရောက်ပါစေ။ (၄) အသက်ထက်ဆုံး ရုက္ခမူဓူတင်ဆောင် ဖြစ်ပါစေကုန်။ အကြင်ရဟန်းသည် အမိုးရှိသော ကျောင်းသို့ ချဉ်းကပ်ငြားအံ့ ထိုရဟန်းအား အပြစ်ရောက်ပါစေ။ (၅) အသက်ထက်ဆုံး ငါးအမဲကို မစားပါစေကုန်လင့်။ အကြင်ရဟန်းသည် ငါးအမဲကို စားငြားအံ့ ထိုရဟန်းအား အပြစ်ရောက်ပါစေ။” ဟု ဤဝတ္ထုငါးမျိုးကို တောင်းဆို၏။ အသျှင်ဒေဝဒတ်သည် သံဃာ၏ ကွဲပြားခြင်းကို အလိုရှိသည့်အတွက် ဤငါးမျိုးကို တောင်းဆိုခြင်း ဖြစ်၏။
သို့သော်လည်း မြတ်စွာဘုရားသည် ဒေဝဒတ်၏ တောင်းဆိုမှုကို ခွင့်မပြုချေ။ ထိုအခါ အသျှင်ဒေဝဒတ်သည် ရွှင်လန်းတက်ကြွစွာ ပရိသတ်နှင့် မြတ်စွာဘုရားအား ကန်တော့၍ နေရာမှ ဖဲသွား၏။ နောက်ပါရဟန်းတို့အား “ရဟန်းဂေါတမသည် ဝတ္ထုငါးမျိုးကို ခွင့်မပြု၊ ငါ့တို့သည် ဤငါးမျိုးကို ဆောက်တည်ကြကုန်အံ့” ဟု လူအပေါင်းကို သိစေ၏။
ထိုအခါ ရတနာသုံးပါးကို မကြည်ညိုသေးသော လူအပေါင်းတို့သည် ရဟန်းတို့သည် လာဘ်လာဘများအောင် ကိလေသာကို ခါထုတ်ကုန်၏၊ ခေါင်းပါးသောအကျင့်ကို ကျင့်ကုန်၏ဟု ကဲ့ရဲ့ကြ၏။ ရတနာသုံးပါးကို ကြည်ညိုပြီးသော လူအပေါင်းတို့သည်လည်း အသျှင်ဒေဝတ်သည် အဘယ်ကြောင့် သံဃာကွဲပြားအောင် လုံ့လပြုဘိသနည်းဟု ကဲ့ရဲ့ပြစ်တင်သနည်းဟု ရှုတ်ချ၏။
ထိုအခါ ရဟန်းတို့သည် များစွာသော အကြောင်းတို့ဖြင့် ကဲ့ရဲ့တော်မူ၏။ မြတ်စွာဘုရား၏ ဤအကြောင်းကို လျှောက်ထား၏။ “ဒေဝဒတ် သင်သည် သံဃာကွဲပြားအောင် လုပ်သည်မှာ မှန်ပါသလော” ဟု မေး၏။ အသျှင်ဒေဝဒတ်လည်း ဟုတ်မှန်ကြောင်း ဖြေကြား၏။
မြတ်စွာဘုရားသည် အသျှင်ဒေဝဒတ်အား များစွာသော အကြောင်းတို့ဖြင့် ကဲ့ရဲ့တော်မူကာ အောက်ပါအတိုင်း သိက္ခာပုဒ်ကို ပညတ်တော်မူ၏။[၁]
Remove ads
သိက္ခာပုဒ်
“အကြင်ရဟန်းသည် ညီညွတ်သော သံဃာ၏ ကွဲပြားခြင်းငှါ လုံ့လပြုငြားအံ့၊ ကွဲပြားခြင်းကို ဖြစ်စေတတ်သော အကြောင်းကိုသော်လည်း ခိုင်မြဲစွာ စွဲယူပြုမူ၍ တည်ငြားအံ့၊ ထိုရဟန်းကို ရဟန်းတို့သည် ‘အသျှင်သည် ညီညွတ်သောသံဃာ၏ ကွဲပြားခြင်းငှါ လုံ့လ မပြုပါလင့်၊ ကွဲပြားခြင်းကို ဖြစ်စေတတ်သော အကြောင်းကိုသော်လည်း ခိုင်မြဲစွာ စွဲယူပြုမူ၍ မတည်ပါလင့်၊ အသျှင်သည် သံဃာနှင့် ညီညွတ်ပါလော့၊ ညီညွတ်သည်သာလျှင် ဖြစ်သော သံဃာသည် ကောင်းစွာဝမ်းမြောက်သည် ဖြစ်၍ မငြင်းခုံသည်ဖြစ်၍ တူသောပါတိမောက် ပြခြင်းရှိသည်ဖြစ်၍ ချမ်းသာစွာ နေရ၏’ ဟု ပြောဆိုရာ၏။ ရဟန်းတို့သသည် ဤသို့ ဆိုအပ်လျက် ထိုရဟန်းသည် ရှေးနည်းတူပင် ပြုမူငြားအံ့၊ ထိုရဟန်းကို ရဟန်းတို့သည် သုံးကြိမ်တိုင်အောင် ကောင်းစွာဆိုဆုံးမအပ်သည် ရှိသော် ထိုအယူကို စွန့်ငြားအံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့ (ထိုရဟန်းအား) သံဃာဒိသိသတ်အာပတ် သင့်၏” ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။[၁]
Remove ads
ဖြတ်ထုံးများ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
