သံဃဥပုသ်
From Wikipedia, the free encyclopedia
Remove ads
လပြည့်နေ့, လကွယ်နေ့နှင့် သံဃာ၏ ညီညွတ်ခြင်းကို ပြုသောနေ့များတွင် ရဟန်းသံဃာတော်များသည် ဥပုသ်ပြုကြပြီး မိမိတို့၏ သီလကို ဆင်ခြင်သုံးသပ်ကြသည်။ ထိုသို့ ဥပုသ်ပြုရာတွင် သံဃာအားလုံး စုဝေးကာ ပြုလုပ်ကြသော ဥပုသ်ကို သံဃဥပုသ်ဟု ခေါ်သည်။ သံဃာ့ဥပုသ်[၁]ဟူသည် အယုတ်ဆုံးအားဖြင့် ၄-ယောက်သော ရဟန်းတို့ ပြုအပ်သောဥပုသ်တည်း၊
ထိုသံဃာ့ဥပုသ်ကို ပါတိမောက် ပါဠိဟူသော သုတ္တကို ရွတ်ဆို၍ ပြု အပ်သောကြောင့် “သုတ္တုဒ္ဒေသဥပုသ်” ဟု လည်းခေါ်သည်။ [၂]
သံဃာ့ဥပုသ်သည်— (၁) စာတုဒ္ဒသိက ဥပုသ်, (၂) ပန္နရသိကဥပုသ်, (၃) သာမဂ္ဂီ ဥပုသ်ဟု သုံးပါးရှိသည်။ [၃][၄] ဥပုသ်နေ့လည်း ကြည့်။
စာတုဒ္ဒသီ ၆-ဥပုသ်, ပန္နရသီ ၁၈-ဥပုသ်တို့ကိုထား၍ တစ်ပါးတည်း လည်းဖြစ်သော အမှတ်မဲ့သောနေ့သည် သာမဂ္ဂီဥပုသ်နေ့မည်သည်။[၅]
သံဃဥပုသ် ပြုရခြင်း၏ ရည်ရွယ်ချက်မှာ ရဟန်းသံဃာတော်များ အချင်းချင်း အပြန်အလှန် သတိပေးတိုက်တွန်းကြရန်၊ သီလကို ထိန်းသိမ်းကြရန်၊ သံဃာ့စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရန်နှင့် သာသနာတော်ကို ထောက်ပံ့ရန် ဖြစ်သည်။ ဥပုသ်အမေးအဖြေ လည်းကြည့်။
သံဃဥပုသ်ကို သိမ်အတွင်း၌ ပြုလုပ်ကြသည်။ သိမ်ဆိုသည်မှာ ရဟန်းတော်များ စုဝေးကာ ကံကြီးကံငယ် ပြုလုပ်ရာ နေရာဖြစ်သည်။ ဥပုသ်နေ့တွင် ရဟန်းတော်များသည် သိမ်၌ စုဝေးကြပြီး ပါတိမောက်ကို ရွတ်ဖတ်ကြသည်။ ပါတိမောက်ဆိုသည်မှာ ရဟန်းတော်များ လိုက်နာရမည့် သိက္ခာပုဒ်များဖြစ်သည်။ ပါတိမောက်ကို ရွတ်ဖတ်ပြီးနောက် ရဟန်းတော်များသည် မိမိတို့၏ သီလကို ဆင်ခြင်သုံးသပ်ကြသည်။ တစ်စုံတစ်ရာ ဖောက်ဖျက်ကျူးလွန်မိပါက ထုတ်ဖော်ပြောကြားပြီး ပြန်လည် ဖြေရှင်းကြသည်။ သံဃဥပုသ်ပြုပုံ လည်းကြည့်။ [၆]
သံဃဥပုသ် ပြုခြင်းဖြင့် ရဟန်းတော်များသည် မိမိတို့၏ သီလကို စင်ကြယ်စေနိုင်ပြီး သံဃာ့စည်းလုံးညီညွတ်မှုကိုလည်း ထိန်းသိမ်းနိုင်ကြသည်။ ထို့အပြင် သံဃဥပုသ်သည် သာသနာတော်ကို ထောက်ပံ့ရာတွင်လည်း အထောက်အကူ ဖြစ်စေသည်။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads