အကယ်ဒမီ

အဆင့်မြှင့်ပညာ သင်ကြားရာဌာန From Wikipedia, the free encyclopedia

Remove ads

အကယ်ဒမီ

ပလေးတိုးခေတ် မတိုင်မီက စိတ်အားထက်သန်သောအေသင်မြို့သား လူငယ်များသည် အထက်တန်းပညာကို ဆည်းပူးရာ၌ ဒဿနိကဗေဒ ပညာရှင်များဖြစ်ကြသည့် ဆိုးဖစ်များကိုသာ အားကိုးအားထားပြုကြရသည်။ ထိုဆိုးဖစ် များသည်လည်း ဒဿနိကဗေဒနှင့် စကားအပြောအဟော အတတ်ပညာကို တစ်မြို့မှတစ်မြို့သို့လှည့်လည်ကာ သွန်သင် ပြသကြလေသည်။ ဤခရီးသည် ဆရာများအဖို့ မိမိတို့ သွန်သင်ပြသသည့် ပညာရပ်များကို လက်ခံသင်ယူမည့် ပရိသတ် မရှိဟူ၍ မည်သည့်အခါမျှ မရှိခဲ့ချေ။ အေသင်မြို့ ဆင်ခြေဖုံးရပ်ကွက်များရှိ လူထု အားကစားရုံများ၌ လူငယ်များ ကစားခုန်စား လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိရာ ဤလူငယ်များသည် ထိုခရီးသည် ဆရာများ၏ သွန်သင်ပြသမှုကို လက်ခံသင်ယူရန် အမြဲရှိနေလေသည်။ လှပစွာ ကာရံထားသော ကွင်းများ၌ အားကစားရုံများ၊ ရေချိုးကန်များကို ဆောက်လုပ်ထား၏။ ထို့ပြင် အမိုးရှိသော စင်္ကြံများနှင့် အရိပ်ရှိသော သစ်ပင်အုပ်များသည်လည်း ဆရာနှင့်တပည့် တွေ့ဆုံရာနေရာများ ဖြစ်လာကြလေသည်။ ပလေးတိုးသည် ဘီစီ ၃၈၇ ခုနှစ်လောက်တွင် ခရီးထွက်နေရာမှ အေသင်မြို့သို့ ပြန်ရောက်လာသောအခါ ယင်းမြို့၏အနောက်မြောက် တစ်မိုင်ခန့်အကွာရှိ အကယ်ဒမီဟု ခေါ်သော အားကစားရုံအနီး အိမ်တစ်အိမ်တွင် နေထိုင်လေသည်။

ထိုအားကစားရုံ၏ မူလပိုင်ရှင်မှာ အာဇာနည် အကယ်ဒီးမတ် ဆိုသူဖြစ်ရာ ထိုသူ၏ အမည်ကိုအစွဲပြု၍ အားကစားရုံကို အကယ်ဒမီဟု ခေါ်လေသည်။ ပလေးတိုသည် ကျောင်းသားဦးရေ ကန့်သတ် ထားသော ကျောင်းတစ်ကျောင်းကို တည်ထောင်ပြီးလျှင် တပည့်များအား တစ်ခါတစ်ရံ အကယ်ဒမီ ဥယျာဉ်စင်္ကြံများ၌လည်းကောင်း၊ တစ်ခါတစ်ရံ သူ၏အိမ်၊ သို့မဟုတ် ဥယျာဉ်လည်းကောင်း ဒဿနိကဗေဒဆိုင်ရာ ပညာများကို ဟောပြောပြသလေသည်။ အခြားဆရာများလည်းပလေးတိုး၏ အတုကိုယူ၍ တစ်နေရာရာကို ရွေးချယ်ပြီးလျှင် သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ကျင်းပပြုလုပ်ကြ၏။ ပလေးတိုး၏တပည့်ဖြစ်သော အရစ္စတိုတယ် ကလည်း အေသင်မြို့၏အရှေ့ဘက်ရှိ လိုက်ဆီယမ်တွင် ကျောင်းတစ်ကျောင်း တည်ထောင်လေသည်။

ဤရှေးဂရိကျောင်းများ၊ ဆွေးနွေးပွဲ အဖွဲ့အသင်းများနှင့် စပ်လျဉ်းသည့် နာမည်များသည် အဓိပ္ပာယ် အမျိုးမျိုးဖြင့် ယခုခေတ်တိုင်အောင် ဆင်းသက်ခဲ့လေသည်။ အကယ်ဒမီ ဟူသော စကားသည် အင်္ဂလန်နှင့် အမေရိကန် ပြည်ထောင်စု နိုင်ငံတို့၌ အလွတ်ပညာသင် အလယ်တန်းကျောင်းများနှင့် မြင်းစီးအတတ်သင်ကျောင်း၊ ကြည်းတပ်ဆိုင်ရာသိပ္ပံကျောင်း၊ ရေတပ်ဆိုင်ရာသိပ္ပံကျောင်းတို့ကဲ့သို့သော အထူးအတတ်သင်ကျောင်းများကို ဆိုလိုသည်။ ထို့ပြင် ဘာသာစကားအမျိုးမျိုးတွင် အကယ်ဒမီဆိုသည်မှာ ယေဘုယျအားဖြင့် အသိပညာနှင့် ယဉ်ကျေးမှုတို့ကိုလည်းကောင်း၊ တစ်စုံတစ်ခုသော အထက်တန်းသိပ္ပံပညာ၊ သို့မဟုတ် ဝိဇ္ဇာပညာရပ်ကို လည်းကောင်း အားပေးမြှင့်တင်ရေးအတွက် ဖွဲ့စည်းထားသော ပညာရှင်အသင်းအဖွဲ့များကိုလည်း ဆိုလိုသည်။ ဤပညာရှင် အသင်းအဖွဲ့များအနက် အကျော်ကြားဆုံး အသင်းကား ပြင်သစ် အကယ်ဒမီ(ပညာတံခွန် အသင်း)ဖြစ်၏။ ယင်းအသင်းသည် ခရစ် ၁၆၃၅ ခုနှစ်က ကာဒင်နယ် ရစ်ရှလျူး စတင် တည်ထောင်ခဲ့သော စာပေပညာရှင်တို့၏အသင်းဖြစ်သည်။


အသင်း တည်ထောင်ပြီးသည့် နောက် လေးနှစ်အကြာတွင် အသင်းဝင်များသည် အဘိဓာန်တစ်အုပ်ကို စတင်ပြုစုကြသည်။ အဘိဓာန်ဖြင့် သူတို့သည် ပြင်သစ်ဘာသာစကားကို ကောင်းစွာ ထိန်းသိမ်းသွားနိုင်ကြသည်။ ကျော်စောကိတ္တိရှိသော အသင်းဝင် ၄ဝ ရှိသည့်အနက် တစ်ဦးတစ်ယောက် သေဆုံးခဲ့သည်ရှိသော ကျန်အသင်းဝင်များက အသင်းသားသစ်တဦးကို မဲဖြင့် ရွေးကောက်တင်မြှောက်ရသည်။ ယင်းအသင်းဝင် ၄ဝ ထဲသို့ ဤသို့ မဲဖြင့် ရွေးကောက်ဝင်ရောက်ရသောဂုဏ်မှာ စာရေးဆရာအသစ်အတွက် အကြီးဆုံးသော ဂုဏ်ပြုခံရခြင်းတစ်ရပ် ဖြစ်သည်ဟု ယူဆကြသည်။ ၁၉ ရာစုခေတ်တွင် ပြင်သစ် အကယ်ဒမီသည် အခြားအကယ်ဒမီ လေးခုနှင့်ပေါင်းကာ ပြင်သစ်တော်ဝင်အသင်းဟူ၍ ဖွဲ့စည်းလိုက်လေသည်။ ထိုအကယ်ဒမီ လေးခုတို့မှာ ကမ္ပည်းကျောက်စာဆိုင်ရာ အကယ်ဒမီ၊ သိပ္ပံပညာဆိုင်ရာ အကယ်ဒမီ၊ အနုသုခုမဆိုင်ရာ အကယ်ဒမီ၊ စာရိတ္တနှင့် နိုင်ငံရေးသိပ္ပံဆိုင်ရာ အကယ်ဒမီတို့ ဖြစ်ကြ၍ အနုသုခုမ ပညာဆိုင်ရာ အကယ်ဒမီသည် ယင်း၏ အနုသုခမ ပညာသင်ကျောင်းကြောင့် အကျော်ကြားဆုံး ဖြစ်သည်။ ထင်ရှားသော ခေတ်သစ် အကယ်ဒမီတစ်ခုမှာ အင်္ဂလန်နိုင်ငံ၏ အနုသုခုမပညာဆိုင်ရာ တော်ဝင်ပညာ တံခွန်အသင်းဖြစ်သည်။ ယင်းအသင်းသည် ပန်းချီ၊ ပန်းပုနှင့် ဗိသုကာပညာများကိုသာ အားပေးရွက်ဆောင်၍ ဗာလင်တန်အိမ်တော်ရှိ ယင်း၏ ကျောင်းများတွင် သင်ကြားပေးလေသည်။ ဤပညာတံခွန်အသင်း၌လည်း အသင်းသားဦးရေကို ၄ဝ ကန့်သတ်ထားသည်။ အနုပညာသည်တစ်ဦးကို ရွေးကောက်လိုက်သည့်အခါ ထိုသူသည် အသင်းသို့ သူ၏လက်ရာဖြစ်သော အနုပညာ နမူနာတစ်ခုကို တင်သွင်းရရာ ယင်းအတွက် ဘုရင်မင်းမြတ် လက်မှတ်ရေးထိုးထားသည့် ဒီပလိုမာလက်မှတ်ကို ရရှိလေသည်။

အမေရိကန်ပြည်ထောင်စု၏ အလားတူ အလွန်ရှေးကျသော အကယ်ဒမီတစ်ခုမှာ အမျိုးသား ဒီဇိုင်းပုံစံဆိုင်ရာ အကယ်ဒမီဖြစ်သည်။ ယင်းအသင်းသည် နယူးယော့မြို့၌ ဒီဇိုင်းပုံစံဆိုင်ရာ ကျောင်းတစ်ကျောင်း ဖွင့်ထားသည်။ ထိုအသင်းကို ၁၈၂၅-ခုနှစ်က တည်ထောင်၍ ၁၈၂၈ ခုနှစ်တွင် တရားဝင် ဖွဲ့စည်းခဲ့သည်။ အသင်းဝင်များကို ပန်းချီ ၁၂၅ ယောက်၊ ရုပ်လုံးထု ၂၅ ယောက်၊ ဗိသုကာနှင့် ပုံသွင်းသူ ၂၅ ယောက်အထိ ကန့်သတ်ထားသည်။

အမေရိကန် အနုသုခုမပညာနှင့် စာပေဆိုင်ရာ အကယ်ဒမီ(ပညာတံခွန်အသင်း)ကို ၁၉ဝ၄ ခုနှစ်က တည်ထောင်၍ ၁၉၁၆ ခုနှစ်၌ ကွန်ဂရက် အက်ဥပဒေအရ တရားဝင် ဖွဲ့စည်းခဲ့သည်။ အသင်းသားများကို ၅ဝ အထိ ကန့်သတ်ထားရာ ယင်း၏ရည်ရွယ်ချက်များမှာ အနုသုခုမပညာနှင့် စာပေကို တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်လုပ်ကိုင်ရန် ဖြစ်သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads